..............................

Thursday, August 13, 2009

အပစ်ရပ်တိုင်းရင်းသားအဖွဲ့ (၄) ဖွဲ့ စစ်ရေးမဟာမိတ် အဖွဲ့ ဖွဲ့စည်း

ဝီရ / ၁၂ သြဂုတ် ၂၀၀၉

နအဖစစ်အစိုးရ၏ တပ်ဖွဲ့အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို ငြင်းဆန်နေသည့် မြန်မာပြည် မြောက်ပိုင်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့တို့ နအဖက စစ်ရေးအရ ပိုမို ဖိအားပေးလာလျှင် အတူတကွ စစ်ဆင်ရေး ဆင်နွှဲနိုင်ရန် ရည်ရွယ်၍ စစ်ရေးပူးတွဲ မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

စစ်ရေးမဟာမိတ်အဖွဲ့တွင် ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (KIO)၊ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကိုးကန့် အဖွဲ့နှင့် မိုင်းလားအဖွဲ့ ခေါ် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA-ESS) တို့ ပါဝင်သည် ဟု ကချင် သတင်းဌာနက ယမန်နေ့တွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့ (၄) ဖွဲ့အနက် (၁) ဖွဲ့က နအဖနှင့်အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားပါက ကျန်ရှိသည့် အဖွဲ့ (၃) ဖွဲ့ကလည်း အပစ်အခတ် ရပ်စဲမှု ပျက်ပြယ်သွားမည် ဖြစ်ကြောင်း မဟာမိတ် အဖွဲ့၏ သဘောတူညီချက်တွင် ပါရှိကြောင်း ကချင် သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်က ပြောသည်။

“ဒီအပစ်ရပ်အဖွဲ့ (၄) ဖွဲ့က သူတို့ မဟာမိတ်အဖွဲ့ ဖွဲ့လိုက်တယ်ဆိုတာ အတိအလင်းတော့ ကြေညာတာ မဟုတ်ဘူးခင်ဗျ။ နအဖက ဒီ အပစ်ရပ် ထိန်းချုပ်တဲ့ ဒေသတွေမှာ တပ်အင်အားတိုးချဲ့ နေတဲ့ အတွက်ကြောင့် ဇူလိုင်လ ကတည်းက ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာ။ ဒီ မဟာမိတ်အဖွဲ့က သဘော တူညီချက်တွေ ထဲမှာ အဓိကက နအဖက ဒီမဟာမိတ် အဖွဲ့ တဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားလို့ ရှိရင် အခြား အဖွဲ့တွေကလည်း နအဖကို ပြန်တိုက်ကြဖို့လည်း ပါတယ်။ နအဖက တိုက်လာရင် သူတို့က အကုန်တိုက်မယ်ပေါ့။ နအဖကလည်း အခုဆို သူတို့နယ်မြေမှာ စစ်အင်အားတွေ အများကြီး တိုးချဲ့ ထားတာဆိုတော့ တိုက်ပွဲက ဒီလအတွင်းမှာတောင် ဖြစ်လာနိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တည်ရှိသည့် ကေအိုင်အို တပ်မဟာ (၄) နှင့် ကေအိုင်အို ဌာနချုပ်တို့ အဆက်အသွယ် ပြတ်တောက် စေရန်အတွက် ကေအိုင်အို အဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာဒေသ တလျှောက်တွင် နအဖစစ်တပ်မှ အင်အား (၅) သောင်းခန့် ရောက်ရှိနေကြောင်း ကိုနော်ဒင်က ပြောသည်။

“နအဖနဲ့ ဒီဘက် (မြောက်) ပိုင်းက အပစ်ရပ် အဖွဲ့တွေရဲ့အခြေအနေက အတော်လေးကို ဆိုးနေပြီ။ နောက်ဆုံး အခြေအနေအရ ဒေါ်စုကိုလည်း ထောင်ဒဏ် ပြန်ချထားလိုက်ပြီ ဆိုတော့ အပစ်ရပ် အဖွဲ့တွေ အပေါ်မှာလည်း ဖိအားတွေ ပိုပြီးများလာနိုင်လို့ ကေအိုင်အိုကလည်း အသင့်အနေအထားမှာ ရှိနေတယ်။ ကျေးလက်ဒေသက လူတွေက လုံခြုံရာကို ပြောင်းရွှေ့နေကြပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။

ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့၏ ယခုလက်ရှိ အင်အားမှာ တပ်ဖွဲ့ဝင် (၂) သောင်း ဝန်းကျင် ရှိကြောင်း အထွေထွေ အတွင်းရေးမှုး ဒေါက်တာ လဂျာက ပြောသည်။

ပြီးခဲ့သည့် စနေနေ့၌ နအဖစစ်တပ်က မူးယစ်ဆေးဝါး ရှာဖွေရေး အကြောင်းပြချက်ဖြင့် ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ ကိုးကန့် တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရန် ကြိုးစားခဲ့၍ နှစ်ဖက် ပစ်ခတ်လုနီးပါး ဖြစ်ပွားခဲ့သည်။

ကိုးကန့်အဖွဲ့နှင့် နအဖ စစ်တပ်အကြား အခြေအနေ တင်းမာနေသည့် အတွက် ဒေသခံ အရပ်သား (၁) သောင်းကျော်ခန့် တရုတ်ပြည် ဘက်ခြမ်းသို့ တိမ်းရှောင် နေကြရပြီး ကျေးလက်ဒေသမှ ရွာသားများကလည်း နီးစပ်ရာ မြို့များသို့ သွားရောက် ခိုလှုံနေကြရကြောင်း တရုတ်နယ်စပ်မှ သတင်းများအရ သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့