..............................

Saturday, August 15, 2009

မွန်ပြည်သစ်အား ခွဲထုတ်ရန် စစ်အစိုးရ ပြင်ဆင်

ဝီရ/ ၁၄ သြဂုတ် ၂၀၀၉

နအဖကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အသွင် ပြောင်းရန် ငြင်းဆန်ခဲ့သည့် မွန်ပြည်သစ် ပါတီ ခေါင်းဆောင် အချို့အား နအဖ အာဏာပိုင်တို့က သွေးခွဲ စည်းရုံးရန် ပြင်ဆင်နေပြီး ပါတီဝင်ဟောင်း များကိုလည်း ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင် ခိုင်းနေကြောင်း စုံစမ်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် တာဝန်ကျနေသည့် မွန်ပြည်သစ်ပါတီ ကော်မတီဝင် တဦးက “ပြည်တွင်းမှာ ရှိတဲ့ ကျနော်တို့ ခေါင်းဆောင် တချို့ကို နအဖ အာဏာပိုင်တွေက တိတ်တဆိတ် လာတွေ့နေတာ ရှိတယ်။ အဓိကကတော့ လာစည်းရုံး တာပဲ။ ကျနော်တို့ အချင်းချင်းကြားမှာ အမြင် မကြည်အောင် ကျနော်တို့ ခေါင်းဆောင်တွေက သူတို့နဲ့ ခိုးတွေ့နေသလို အထင်ခံရအောင် လုပ်နေတာ။ အမှန်က သူတို့ပဲ လာတွေ့တာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

နအဖအာဏာပိုင်တို့က မွန်ပြည်သစ်ပါတီ၏ တပ်အင်အားနှင့် မွန်ပြည်သူများ အကြား အရှိန်အ၀ါ ရှိသည့် မွန်ခေါင်းဆောင်များနှင့် ပတ်သက်သည့် အချက်အလက် များကိုလည်း ကျေးရွာဥက္ကဋ္ဌမှ တဆင့် ကောက်ခံ ခိုင်းနေကြောင်း အဆိုပါ ကော်မတီဝင်က ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သြဂုတ် (၅) ရက်တွင် မွန်ပြည်သစ်ပါတီမှ ပယ်ချလိုက်သည့် နောက်ပိုင်း ပါတီ၏ တပ်အင်အားကို ကောက်ခံ နေခြင်းဖြစ်ကြောင်း၊ ပါတီ၏ လက်နက်နှင့် တပ်အင်အား စာရင်းကို နအဖက တောင်းခံမှုများ ရှိခဲ့သော်လည်း ပါတီက အကြိမ်ကြိမ် ပယ်ချခဲ့ကြောင်း သိရသည်။

အသက် (၄၀) နှင့် (၅၀) အကြား လူလတ်ပိုင်း မွန်ပြည်သစ် ပါတီဝင် ဟောင်းများ ကိုလည်း ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ကမ်းလှမ်း နေကြောင်း မော်လမြိုင် ခရိုင်မှ မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် တဦးက ပြောသည်။

၎င်းက “နအဖက ကျနော်တို့အဖွဲ့က ခွဲထွက်သွားတဲ့ စစ်ဦးစီး ချုပ်ဟောင်း ဗိုလ်ချုပ် အောင်နိုင်ကို ဆုံချက်အဖြစ် သုံးပြီး ပါတီဝင် ဟောင်းတွေကို လိုက်စည်းရုံး နေတယ်။ ရွေးကောက်ပွဲ ဝင်ဖို့၊ ပါတီဖွဲ့ဖို့ ကိစ္စတွေ အားလုံး တာဝန် ယူပေးမယ်။ အဲဒီလိုမျိုး စည်းရုံးတာ ရှိတယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီမှ ၂၀၀၈ ခု မတ်လက ခွဲထွက်သွားသည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် အောင်နိုင်၏ လက်နက် အပ်နှံပွဲကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်က အကြိမ်ကြိမ် စီစဉ်ခဲ့သော်လည်း အင်အား မပြည့်သေး သဖြင့် ကျင်းပနိုင်ခြင်း မရှိကြောင်း၊ ယခုလ (၅) ရက်တွင် ဗိုလ်ချုပ်အောင်နိုင် အဖွဲ့၏ လက်နက်အပ်ပွဲကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် ကျင်းပရန် စီစဉ်ပြီးမှ ထပ်မံ ပျက်ပြားသွားခဲ့သည်။

“ဗိုလ်ချုပ်အောင်နိုင်ကို သုံးပြီးတော့ ကျနော်တို့ ပါတီဝင်တွေကို တိတ်တဆိတ် ကမ်းလှမ်းနေတာ။ ဒါပေမယ့် နိုင်ငံရေး အမြင်ရှိတဲ့ သူတွေကို စည်းရုံးလို့ရမှာ မဟုတ်ဘူး။ လက်နက်အပ်ပွဲ လုပ်ပြီးရင် စီးပွားရေး လုပ်ခွင့်တွေ၊ နယ်မြေတွေ၊ ဂိတ်တွေကို တရားဝင် သတ်မှတ်ပေးမယ် ဆိုပြီး ပြောလို့ ဗိုလ်ချုပ်အောင်နိုင်က ဒီကိစ္စကို စိုင်းပြင်းနေတာ” ဟု အဆိုပါ ဗဟိုကော်မတီ ၀င်က ရှင်းပြသည်။

အသက် (၆၈) နှစ်ရှိ ဗိုလ်ချုပ် အောင်နိုင်သည် ယခုအခါ သံဃာဝတ်ဖြင့် မုဒုံမြို့နယ်၊ လက်တက် ကျေးရွာ အနီးရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် သီတင်းသုံး နေကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီအား နအဖက စစ်ရေးအရ ဖိအားပေးခြင်း မရှိသေးသော်လည်း ၎င်းတို့ တပ်များကို ဘုရားသုံးဆူ မြို့တွင် အင်အားထပ်မံ ဖြည့်တင်းရန်ရှိကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီ ခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့