..............................

Friday, August 7, 2009

သျှမ်း - ကချင်နယ်စပ် စစ်အစိုးရတပ် အင်အားတိုးမြင့် KIA ကို တိုက်ဘွယ်ရှိ

ကြာသပတေးနေ့၊ 06 သြဂုတ်လ 2009

နအဖ စစ်အစိုးရတပ်များလှုပ်ရှားသွားလာမှု အခြေအနေကို စောင့်ကြည့် လေ့လာနေသည့် ထိုင်းနယ်စပ် အခြေစိုက် တော်လှန်ရေး အဖွဲ့အစည်းအချို့က သျှမ်း - ကချင် နယ်စပ် တလျှောက် စစ်အစိုးရ အင်အား တိုးမြှင့်မှုသည် KIA ကို ဦးစွာ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ဘွယ် ရှိကြောင်း ယခု လဆန်းပိုင်း၌ သုံးသပ် ပြောဆို နေကြသည် ဟု ဆိုသည်။

“သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် စစ်အစိုးရတပ်တွေ မိုးမိတ်ဘက် ဖြတ်ပြီး ကချင် နယ်ခြားဘက် အင်အားတွေ ပို့လွှတ် ဖြည့်တင်းနေတယ်၊ အခုလ (၂) ရက်နေ့ လားရှိုးမှာ ရမခ တိုင်းမှူး အောင်သန်းထွဋ် အစည်း အဝေး ခေါ်တယ်၊ အဲဒီ နောက်ပိုင်း ၀ နဲ့ အပစ်ရပ် SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေ အကြား ကူးလူး ဆက်ဆံမှု ခက်ခဲအောင် ထိုးဖေါက် အင်အားဖြည့် နေရာယူ လာသလို တပ်တွေ တော်တော်များများ မြောက်ဘက်ကို တက်သွား ကြတယ်”- ဟု လားရှိုး ကုန်သည် တဦးက ဆိုသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နယ်ခြား ဘက်တွင်လည်း ရှိရင်းစွဲ စစ်အစိုးရ အခြေချ တပ်များအပြင် အခြားဒေသ မှ စစ်ကူ အင်အားများလည်း မထင်မရှား ၀င်ရောက် ဖြည့်တင်းနေကြောင်း၊ KIO/KIA ဌာနချုပ် လိုင်ဇာ နှင့် မလှမ်း မကမ်းတွင် လက်နက်ကြီး ၁၅၅ အမ်အမ် ဟောင်ဝစ်ဇာ (Howitzer) တောင်ပစ် အမြောက်အချို့လည်း ချထားကြောင်း ပြောဆိုနေကြသည်။

“ကချင်လက်နက်ကိုင် တပ်ဖွဲ့ထိန်းချုပ်ဒေသက ၀ ၊ ကိုးကန့်၊ မိုင်းလား တို့နဲ့ နယ်မြေချင်း မထိစပ်ဘူး၊ သီးခြား ဖြစ်နေတဲ့ အတွက် စစ်အစိုးရက ၀ တပ်မတော် UWSA မတိုက်ခင် ကချင် KIA အဖွဲ့ကို ဖြတ်လေးဖြတ်နဲ့ အရင် ရှင်းပစ်ဖို့ အလား အလာ များတယ်။ ဘာလို့လဲ ဆိုတော့ ၀ ပြီးရင် ကချင်တပ်က အင်အား အတောင့်ဆုံး”- ဟု အပစ်ရပ် အဖွဲ့များအား စောင့်ကြည့် လေ့လာသည့် ပြည်တွင်း သျှမ်းအသိုင်းအ၀ိုင်းက ဆိုသည်။

ဝ ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ် နယ်မြေ၏ မြောက်ဘက်တွင် - ကိုးကန့်၊ တောင်ဘက်တွင် မိုင်းလား၊ အရှေ့ ဘက်တွင် တရုတ်နိုင်ငံ အနောက်ဘက်တွင် သံလွင်မြစ်နှင့် အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်ဖွဲ့များ ၀န်းရံ အကာအကွယ် ပြုနေသလို ဖြစ်ခြင်းကြောင့် ဗမာစစ်တပ်က ၀ တပ်မတော်ကို တိုက်ခိုက်မည် ဆိုပါက သျှမ်းပြည်တပ်တော် SSA-N တပ်ဖွဲ့နှင့် ဦးစွာ တိုက်ခိုက်ရမည် ဖြစ်သည်ဟုလည်း ဆို၏။

NDA-K ဒီမိုကရေစီသစ် တပ်မတော် - ကချင် မှာမူ UWSA ၀ တပ်ဖွဲ့၊ MNDAA ကိုးကန့်၊ NDAA-ESS မိုင်းလား တပ်ဖွဲ့တို့နှင့် PDF စစ်ရေး မဟာမိတ် ဖွဲ့ထားသော်လည်း နယ်မြေ ထိစပ်မှု မရှိခြင်း၊ ကချင် အမျိုးသားချင်း ဖြစ်သည့် KIO/ KIA နှင့်လည်း ပဋိပက္ခ ရှိခြင်းတို့ကြောင့်၊ စစ်အစိုးရ အင်အားသုံး တိုက်ခိုက်လာလျှင် ကချင်အဖွဲ့ ပထမဆုံး ရင်ဆိုင်နိုင်ဘွယ် ရှိကြောင်း - ပြောဆို နေကြသည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့