..............................

Tuesday, August 11, 2009

ကိုးကန့်ဒေသ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တရုတ် ဘက် ထွက်ပြေး ခိုလှုံ

ရန်ပိုင်
Monday, 10 August 2009 19:02

စစ်အစိုးရ နှင့် ကိုးကန့်အပစ်ရပ်အဖွဲ့တို့ လောက်ကိုင်မြို့ အနီးတွင် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ခဲ့ပြီး ဒေသခံ တသောင်းကျော် တရုတ် ပြည်ဘက် ထွက်ပြေးသွားကြောင်း သိရသည်။

ကိုးကန့်အပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရတပ်ဖွဲ့တို့ သြဂုတ်လ ၈ရက်နေ့က စီအောရွာ နှင့် ရန်လုံကျိုင်းကြားရှိ တရုတ်ပြည်သွား ကားလမ်းမပေါ်တွင် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တရုတ်မြန်မာနယ်စပ်စည်း ဘေးကပ်ရက်မှာ ဥက္ကဌကြီးဖုန်ကျားရှင်ရဲ့အိမ်နဲ့ ဂိုဒေါင်ကို မူးယစ်ဆေးဝါး ရှာချင်တယ်ဆိုပြီး သြဂုတ်လ ၈ရက်နေ့ မနက်အစောကြီး လာဝိုင်းလို့ ထိပ်တိုက်တွေ့တာ”ဟု တရုတ် မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော် ဇောကပြောသည်။

ဖုန်ကျားရှင်၏ အိမ်နှင့် ဂိုဒေါင်တွင် လက်နက်များသိုလှောင်ထားသည် ဟု စစ်အစိုးရမှ သံသယ ရှိသောကြောင့် ရှာဖွေခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၈ ရက်နေ့ မနက်စောစောတွင် ရုတ်တရက်ဝိုင်းရံ ခြင်းဖြစ်ပြီး ဒေသကွပ်ကဲရေး စစ်ဋ္ဌာချုပ် လက်အောက်ခံ တပ်ခွဲများ၊ ရဲနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး တပ်ဖွဲများ စုစုပေါင်း အင်အား ၇၀ ခန့် ပါဝင်သည်ဟု သိရသည်။

၎င်းတို့ကို အင်အား ၃၀၀ ခန့် ရှိသော ကိုးကန့်တပ်က တောင်ကုန်းများပေါ်တွင် နေရာယူပြီး ပိတ်ဆို့ ထားခဲ့ကြောင်း သိရသည်။

“ဥက္ကဋ္ဌကြီး ဖုန်ကျားရှင်ရောက်လာပြီး ၊ စစ်ဆေးချင်ရင် ငါနဲ့လိုက်ခဲ့ လက်နက်တွေ ယူလာစရာ မလိုဘူး၊ တပ်နဲ့ ၀င်လာစရာ မလိုဘူး၊ မင်းတို့ ဆုတ်ပေးပါလို့ ပြောတော့၊ စစ်တပ်က ဆုတ်သွားတယ်၊ မနက် ၈း၃၀ ကနေပြီးတော့ နေ့ခင်း ၂း၃၀ လောက် အထိ ကြာတယ်”ဟု ဦးအောင်ကျော်ဇောက ပြောသည်။

တရုတ်ပြည်သွား ကွမ်းလုံကားလမ်းမပေါ်တွင် နှစ်ဘက် စစ်တပ်များ နေရာယူ ပြင်ဆင်မှု ရှိခဲ့သောကြောင့် ဒေသခံများ နှင့် တရုတ်နိုင်ငံမှ လာရောက် အလုပ် လုပ်ကိုင်သူများ အထိတ်တလန့် ဖြစ်ပြီး ၊ လူတသောင်းကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၉ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် အောင်သန်းထွဋ္ဋ် ရောက်ရှိလာပြီး အခြားသော ကိုးကန့် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သော်လည်း၊ ဦးဖုန်ကျားရှင်မှ လက်ခံ တွေ့ဆုံခဲ့ခြင်း မရှိဟုသိရသည်။

တရုတ်မြန်မာနယ်စပ်ရှိ အပစ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ်ဖွဲ့များ အဖြစ် ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မခံသောကြောင့် ဒေသခံလူထု အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်၍ စစ်အစိုးရမှ ပရိယာယ်လုပ်ဆောင် နေသည်ဟု ထင်ကြောင်းကို ဦးအောင်ကျော်ဇောက ပြောသည်။

“ကချင်မှာလည်း တပ်အပြောင်းအရွှေ့နဲ့ လက်နက်ကြီးများ ချထားတယ်၊ မိုင်းလားမှ တပ်တွေကို ရိက္ခာ စုဆောင်းခိုင်းပြီး မိုးရာသီ ကုန်ရင် ထိုးစစ်တွေ စတင်မယ်လို့ ပြောပြီးတော့ နယ်မြေဒေသ မတည်ငြိမ်အောင် လုပ်နေတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ၄င်း နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များနှင့် စစ်အစိုးရကြားတွင် ရှိနေသော ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် လိုလားကြောင်း မြန်မာ စစ်အစိုးရအား သဘောထား ပေးထားသည်ဟု ဆိုသည်

လောက်ကိုင်မြို့သည် မြန်မာပြည်အရှေ့မြောက်ဘက်စွန်း တရုတ်ပြည် နယ်စပ်နှင့် ကပ်လျက်ရှိပြီး တရုတ်လူမျိုးများ အများဆုံး နေထိုင်ကာ လောင်ကစား ရုံကြီးများလည်း ရှိသော လူဦးရေ ၂ သိန်း ခန့် ရှိသည့်မြို့ဖြစ်ကြောင်း သိရသည်။

ဝ နှင့် ကိုးကန့်တပ်ဖွဲ့များကို မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်မှုများတွင် ပါဝင် ပတ်သက်သည်ဟု အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များက သံသယ ရှိနေသောကြောင့် ၂၀၀၃ ခုနှစ်တွင် ကိုးကန့် ခေါင်းဆောင်များက မူးယစ် ဆေးဝါး ကင်းစင်သော နယ်မြေအဖြစ် သတ်မှတ် ပြောဆိုခဲ့သည်။

ဖုန်ကျားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့