..............................

Thursday, August 13, 2009

ဗိုလ်ချုပ်တွေ မျက်နှာနီနေရော့မယ်

ရဲဘော်ဖိုးသံချောင်း
၁၂ သြဂုတ် ၂၀၀၉

နအဖဗိုလ်ချုပ်များ သဘောထားကြီးကြပါပေ့။ ဗိုလ်ချုပ်အောင်ဆန်း အပေါ် လေးစား တန်ဖိုးထားကြ ပါပေ့။ ဆက်လို့သာ ရေးရင် စာဖတ်သူတွေက တဟားဟား ရယ်ကြတော့မှာပါ။

ဒီအမှုမှာ တရားဥပဒေစကားတွေကို ဖိနပ်ကြားက နတ်စကားထွက် ဆိုတာလို အမြှုပ် ထွက်မတတ် ပြောခဲ့တဲ့ နအဖအာဏာ ပိုင်တွေနဲ့ သူတို့ သတင်းစာတွေ ထဲက ကြေးစား ဆောင်းပါး ရေးသူတွေဟာ “ယိမ်းနွဲ့ပါးဓားကွ၊ ထုတ်မိရင် ခုတ်ကိုခုတ်ရမှ” လို့ ကြုံးဝါး နေရာကနေ အပြီးသတ်တော့ ဝှီးဖတ် ဆိုသလို ဘေးက ငှက်ပျောပင်ကိုပဲ ပိုင်းလိုက်ရ သလို ဖြစ်သွားပါတယ်။

ဗမာပြည်ရဲ့ ဒီနေ့ အခြေအနေမှာ နအဖထင်သလို လုပ်လို့ မရဘူးဆိုတာ ဒီအချက်က အထင်သာဆုံး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ နအဖကို ကမ္ဘာအဆုံး တည်တံ့မယ့် အဖွဲ့အစည်းကြီး တခုလို သဘောထားပြီး ဘုန်းတော် ဘွဲ့တွေရေး၊ သခင်အားရ ကျွန်ပါးဝ လုပ်နေသူတွေလည်း ဒီအချက်ကို သတိထား ကြပါ။ နအဖ ဗိုလ်ချုပ်တွေဟာ အချိန်မရွေး သားကောင်ချနင်း တတ်တယ် ဆိုတာ မမေ့ ကြပါနဲ့။

သေချာတာကတော့ ဒီတပွဲမှာ ပြည်သူတွေဘက်က အောင်ပွဲ ခံလိုက်ပါတယ်။ နအဖအနေနဲ့ အရှက်ပြေ ဘယ်လို ဆင်ခြေတွေပဲ ပေးနေနေ အောင်ခြင်းရှစ်ပါး သီချင်းထဲကလို ဒီတပွဲမှာတော့ “ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ” ဖြစ်သွားတာ အမှန်ပါပဲ။ ပြည်သူတွေရဲ့ အစွမ်းပြမှု၊ နိုင်ငံတကာက ဖိအားပေးမှုတွေ အောက်မှာ မောက်မာလှတဲ့ ဗိုလ်ချုပ်တွေ မျက်လွှာချရတာ တွေ့လိုက်ရပါပြီ။ တရားသူကြီးမင်း ဆိုသူက (၅) မိနစ်လောက်သာ ကြာတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ဆိုတဲ့ စီရင်ချက်ကို ချပြီးတာနဲ့ တဆက်တည်း လိုလိုမှာ ပြည်ထဲရေး ဝန်ကြီးဆိုသူက ဗိုလ်သန်းရွှေရဲ့မေတ္တာတော် ဆိုတာကို လာကြေညာ ခဲ့ပါတယ်။ အမှု တခုလုံးဟာ လိမ်ဆင်မှန်း၊ ကြပ်ပြေးက ဒါရိုက်တာ လုပ်နေတာမှန်း ရှင်းသထက် ရှင်းသွားတော့တာပါပဲ။

အဲဒီဒါရိုက်တာရဲ့ လက်ချက်မှန်း ထပ်ပေါ်လွင်စေတဲ့ ကိစ္စကတော့ ဒေါ်အောင်ဆန်း စုကြည်ကို အိမ်ထဲမှာ ချုပ်ထားတာနဲ့ တချိန် တည်းမှာ အိမ်ရဲ့ခြံမြေကို ရောင်းလိုက်ပြီ ဆိုတဲ့ ကိစ္စနဲ့ စိတ်မအေးအောင် နှိပ်စက် ထားတာပါပဲ။ လူတယောက်ကို အိမ်ထဲက မထွက်နိုင်အောင် လုပ်ထားပြီး အဲဒီအိမ်တိုင်ကို လှုပ်နှဲ့နေတာနဲ့ တူနေပါတယ်။ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရအောင် ဖန်တီး ထားပုံတွေဟာ အတွေ့အကြုံ များလှကြောင်း ပြသနေတာပါပဲ။ နောက်ပြီး သတ်မှတ်ထားတဲ့ အိမ်ချုပ်ကလည်း တနှစ်ခွဲတဲ့။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးတဲ့အထိ လို့ပဲ ဒဲ့ဒိုး ပြောလိုက်ပါတော့လား။

ဒီပွဲမှာ ဗိုလ်ချုပ်တွေ အမြီးကုပ် သွားတယ် ဆိုတဲ့အတွက် ပြည်သူတွေ အနေနဲ့ ပေါ့လို့ လုံးဝမဖြစ်ပါ။ ဒီအောင်ပွဲဟာ အသေးစား တခုသာ ဖြစ်ပါတယ်။ လက်ရှိ ဗမာပြည် အခြေအနေမှာ နအဖ ဗိုလ်ချုပ်တွေဟာ အရှုံးကို လွယ်လွယ်နဲ့ လက်မခံဘူးဆိုတာ မမေ့သင့်ပါဘူး။ လက်စားချေဖို့၊ သူတို့ သိက္ခာကို ပြန်ဆယ်ဖို့ ရှက်ရမ်း ရမ်းလာနိုင်တဲ့ အကြံအစည်တွေကို ပြင်ဆင်နေကြမယ် ဆိုတာ သံသယ ဖြစ်စရာမလိုဘူး ထင်ပါတယ်။ အဲဒီအတွက် အစီအစဉ်တွေ လုပ်ပြီးသားတောင် ဖြစ်ချင်ဖြစ်မှာပါ။

နအဖက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မပြီးမချင်း အပြင်မှာ ရှိမနေစေချင်ဘူး ဆိုတဲ့ အချက်ကတော့ သေချာသွားပြီ။ တကယ်ကျတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီရွေးကောက်ပွဲကို ဝင်မှာ မဟုတ်ဘူးဆိုတာ လူတိုင်း သိနေတာပါ။ ဒါနဲ့များ စစ်အာဏာရှင် ဗိုလ်ချုပ်တွေက ဘာကို ပူပန်နေကြတာလဲ။ ဒီနေရာမှာ ဝှက်ဖဲတွေ၊ လှည့်ကွက်တွေ ရှိလေသလားလို့ တွေးကြည့် သင့်ပါတယ်။ တကယ်လို့များ နအဖက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ချေမှုန်းတယ်ဆိုရင်၊ ဒါမှမဟုတ် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေကို ကြေညာ လိုက်တဲ့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းမှာ တခုခုဖြစ်တယ် ဆိုရင် အပြင်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိမနေတာဟာ သူတို့အတွက် ပိုမကောင်းပေဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲက တက်ကြွသူတွေနဲ့ ခွဲထားဖို့ဆိုတာဟာ နအဖရဲ့အရေးကြီးတဲ့ နည်းဗျူဟာတခု ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ တကယ်လို့များ ပြည်သူလူထုကြီး အုံကြွလာတယ် ဆိုရင် သူတို့ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ရှိမနေတာဟာ နအဖအတွက် အခက်အခဲကြီး ဖြစ်မယ်ဆိုတာကို သူတို့တွက်မိမှာပါ။

ဒီအမှုကြောင့်မို့ ပြည်သူလူထုတွေ ပိုသွေးစည်းလာတယ်၊ တိုက်ပွဲဝင် စိတ်ဓာတ် မြင့်မားလာတယ်၊ သတိ ပိုရှိလာတယ်လို့ ဖြစ်ရမှာပါ။

နအဖစစ်ဗိုလ်ချုပ်တွေ သန္ဓေပြောင်းသွားပြီလို့ နည်းနည်းမှ မတွက်သင့် ပါဘူး။ ဘယ်စိတ်ကူးယဉ်မှု ဆီကိုမှ ရောက်မသွား စေသင့်ပါဘူး။ မာနလည်း မတက်သင့်ပါဘူး။

ဒါ့အပြင် ဒီနေရာမှာစဉ်းစားသင့်တဲ့ အချက်တခုလည်း ရှိသေးတယ် ထင်ပါတယ်။ နအဖရဲ့ ဒီလုပ်ရပ်ဟာ အခုတလော အမေရိကန် နိုင်ငံက သူတို့ကို မက်လုံး ပေးနေတာတွေနဲ့များ ဆက်နေသလား ဆိုတာပါ။ ဒီရက်ပိုင်းမှာပဲ အမေရိကန် ကွန်ဂရက်အမတ် ဂျင်ဝက်ဘ် ရောက်လာမယ် ဆိုတာ အားလုံးအသိပါ။ သူဘာတွေ လုပ်နေတယ်၊ နအဖ ခေါင်းဆောင်တွေ ထဲက ဘယ်သူတွေနဲ့ တွေ့မယ်-တွေ့တယ် ဆိုတာတွေကို ဘယ်သတင်းဌာန ကမှ မပြောသေးပါဘူး။ အဲဒီလိုအချိန်မှာ နအဖအနေနဲ့ ဒီအမှုမှာ အလျှော့ ပေးလိုက်ခြင်း အားဖြင့် အိမ်ဖြူတော်ကို သံလွင်ခက်လေး ဝှေ့ယမ်း ပြနေတာလား ဆိုတာကို ဦးနှောက် လှုပ်ရှားရာမှာ ထည့်သွင်း လှုပ်ရှားသင့်ပါတယ်။

နိုင်ငံကြီးတွေအနေနဲ့ သူတို့ရဲ့ လက်တွေ့အနေအထားအရ နိုင်ငံတကာ စစ်တုရင် ကွက်မှာ နည်းဗျူဟာတွေ ချမှတ်ကြ၊ ရွှေ့ကစားကြ တာတွေဟာ ဘာမှ မဆန်းပါဘူး။ သူတို့ အရေးမှာ ကိုယ်က ဝင်မစွက် သလို ကိုယ့်အရေးမှာ သူတို့က ဝင်မစွက်ရင် ရပါပြီ။ အရေးကြီးတာက ဗမာပြည် ပြည်သူတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ကြမ္မာတွေကို နိုင်ငံကြီးတွေရဲ့ သေနင်္ဂဗျူဟာတွေ၊ နည်းဗျူဟာတွေနဲ့ ချည်နှောင် မထားမိဖို့ သိပ် အရေးကြီးပါတယ်။ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးလို့ ကိုယ့်ရွက်ကိုယ်ဖွင့် ကိုယ့်ကြမ္မာ ကိုယ်ဆုပ်ကိုင်မှ ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးနိုင်ပါမယ်။

ဗမာပြည်အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ နိုင်ငံတကာ ဇာတ်ခုံပေါ်ကို ရောက်သွား တာမှာ ကောင်းတာလည်း ရှိသလို မကောင်းတာတွေလည်း ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့