..............................

Tuesday, August 11, 2009

ကေအိုင်အိုက ကချင်အာဇာနည်နေ့ အခမ်းအနား ကျင်းပ

မျိုးကြီး
တနင်္လာနေ့၊ သြဂုတ်လ 10 ရက် 2009 ခုနှစ် 19 နာရီ 31 မိနစ်

ရွှေလီ (မဇ္ဈိမ) ။ ။ ၃၄ နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနား တရပ်ကို ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ထိန်းချုပ်ရာ ဗဟိုဌာနချုပ် လိုင်ဇာမြို့၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကေအိုင်အို ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း အပါအဝင် ခေါင်းဆောင် ၃ ဦး လုပ်ကြံခံခဲ့ရသည့် နေ့ရက်ကို အစွဲပြုကာ ကချင်ဘာသာဖြင့် ShaReShaGam Nine Htoi ဟု ခေါ်ဆိုသည့် အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့ရှိ ကေအိုင်အေ စစ်တပ်များ၊ ဌာန ဆိုင်ရာများနှင့် ဒေသခံများ ဟူ၍ အဖွဲ့များခွဲ၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ကေအိုင်အေ ခေါင်းဆောင်တွေ တော်လှန်ရေး စလုပ်တုန်းက အဲဒီအကြောင်းတွေ ရှင်းပြတာ။ ထိုင်းနယ်စပ် တနေရာမှာပေါ့နော်။ ၁၉၇၅ ခုနှစ်၊ ၈ လပိုင်း၊ ၁၀ ရက်နေ့မှာ ဇော်ဆိုင်းက လုပ်ကြံ ခံလိုက်ရတယ်။ သူနဲ့အတူ ဇော်တူးတို့၊ ဇော်ဆိုင်းတို့ အားလုံး ပါသွား ကြတာပေါ့နော်” ဟု အခမ်းအနား တက်ရောက်ခဲ့သူ လိုင်ဇာဒေသခံ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

နံနက် ၁၀ နာရီမှ ၁၂ နာရီခန့်အထိ ကျင်းပသည့် အခမ်းအနားတွင် ကျဆုံးခဲ့သည့် ကေအိုင်အေ အာဇာနည် ခေါင်းဆောင်များအား ဆုတောင်းခြင်း၊ လက်ရှိ ကေအိုင်အို ဥက္ကဋ္ဌ မိန့်ခွန်းနှင့် ကေအိုင်အို တော်လှန်ရေး စတင်စဉ်က ခေါင်းဆောင်ပိုင်း၏ လုပ်ဆောင်ချက် များကို တာဝန်ရှိသူများက ရှင်းလင်း ဟောပြောခဲ့ကြသည်။

ကေအိုင်အေ အရာရှိတဦးက “ကျနော်တို့ အရင် နှစ်စဉ်လုပ်တဲ့ အတိုင်းပဲ ဟောပြောပွဲပဲ လုပ်ပါတယ်ခင်ဗျ။ လိုင်ဇာကျတော့ မနောကွင်းက မနော ခန်းမမှာ လုပ်တယ်။ စစ်တပ်ကုန်းကတော့ ဟိုး စစ်တပ်ကုန်း ခန်းမမှာ လုပ်ပါတယ်ခင်ဗျ။ ဌာနပေါင်းစုံ ကတော့ တက်ရောက်တာပေါ့။ လူဦးရေကတော့ ဘယ်လောက်လဲ ဆိုတာတော့ မပြောတတ်ဘူးဗျ” ဟု ပြောသည်။

လိုင်ဇာ ရုပ်သံလှိုင်းမှနေ၍ ဥက္ကဋ္ဌ ဘရမ်ဆိုင်း ဥရောပ ခရီးစဉ်များ၊ ABSDF (မြောက်ပိုင်း) ကျောင်းသား တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပုံ၊ ကေအိုင်အို တော်လှန်ရေး စတင်ခဲ့သည့် မှတ်တမ်းများကို ထုတ်လွှင့် ပြသကြောင်း လိုင်ဇာရုပ်သံ ကြည့်ရှုခဲ့သူ ဒေသခံတဦးက ပြောသည်။

လိုင်ဇာ ရုပ်သံဌာနမှ တာဝန်ရှိသူတဦးကမူ “သမိုင်းကြောင်းတွေ ပြခွင့်မရှိလို့ မပြသေးဘူးဗျ။ သီချင်းတွေပေါ့လေ၊

တော်လှန်ရေးသီချင်းလည်း မဟုတ်ပါဘူး။ ဒီလိုပေါ့၊ ရှေ့တန်းထွက်တော့ ချစ်သူကို လွမ်းတဲ့ စိုင်းဆိုင်မောဝ်ရဲ့ သီချင်းမျိုးလေးတွေ ထုတ်လွှင့်နေတာပါ” ဟု ပြောသည်။

၁၉၇၅ နှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် အေအိုင်အို ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း (Lahtaw Zau Seng) နှင့်အတူ အတွင်းရေးမှူး ဖုန်ရွှေ ဇော်ဆိုင်း (Pungshwe Zau Seng) ၊ စစ်ရေးတာဝန်ခံ လထော်ဇော်တူး (Lattaw Zau Tu) တို့သည် ထိုင်း-မြန်မာနယ်စပ် BP1 အနီးရှိ ကူမင်တန် စစ်စခန်းဟောင်း အနီး Thang Ngawk Bum နယ်စပ်တနေရာတွင် လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကေအိုင်အို လက်နက်ကိုင် တော်လှန်ရေး စတင်ချိန်တွင် ပါဝင်ခဲ့သည့် ခေါင်းဆောင် ၇ ဦးတွင် ယခု ကျဆုံးသူများ ပါဝင်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့