..............................

Friday, August 14, 2009

တရားရုံးဆုံးဖြတ် ချက်မျှတမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ကိုစိုး
Thursday, 13 August 2009 17:17

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအပေါ် မကြာသေးခင်က ချမှတ်လိုက်သော စစ်အစိုးရ တရားရုံး၏ ဆုံးဖြတ်ချက်သည် မျှတမှု မရှိကြောင်းနှင့် ယုတ္တိမတန်ကြောင်း မှတ်ချက် ပြုလိုက်သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ဖြင့် အယူခံတင်ရန် အတွက် ၎င်း၏ နေအိမ်သို့ သွားရောက် တွေ့ဆုံရာတွင် ဤကဲ့သို့ စစ်အစိုးရ တရားစီရင်ရေး အပေါ် မှတ်ချက် ပြုလိုက်ခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

“တရားစီရင်ရေး ဆုံးဖြတ်ချက်က လုံးဝ မမျှတဘူး၊ ယုတ္တိမတန်ဘူးပေါ့ တရားရုံး ဆွေးနွေးချက်တွေက၊ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးပါတယ်၊ ကျနော်တို့ မနေ့က မွန်းလွဲ ၃း၃၀ ကနေ ၄း၃၀ အထိ ၁ နာရီ တွေ့ခွင့်ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာပါ၊ အယူခံအတွက်ပါ၊ ဒါပေမယ့် အဲဒါတွေ တော့ ကျနော်တို့ ပြောလို့ မရသေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အယူခံတင်ရန်အတွက် တရားရုံး၏ စီရင်ချက် မိတ္တူ ကို စောင့်ရမည် ဖြစ်သောကြောင့် လာမည့် အပတ်အတွင်းမှ တင်နိုင်မည်ဟု ခန့်မှန်းကြောင်းလည်း ၎င်းက ဆိုသည်။

“အဲဒီ စီရင်ချက် မိတ္တူကို အယူခံလွှာနဲ့တွဲရမှာ၊ အဲဒါကို ကျနော်တို့ လျှောက်လွှာ တင်ပြီးပြီ ၊ ဘယ်နေ့ ရမလဲတော့ မသိဘူး၊ အခုတင်ရင် တိုင်းတရားရုံးကို တင်ရမယ်၊ တိုင်းမှာ ရှုံးရင်တော့ ဗဟို တက်ရမှာပေါ့” ဟု ဦးဉာဏ်ဝင်း က ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည် အင်္ဂါနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၃ နှစ် ချလိုက်သည်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် တနှစ်ခွဲသို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ် ၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက်လည်းကောင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ယင်း ပြစ်ဒဏ် ၁ နှစ် ခွဲ အတွင်း သတ်မှတ် စည်းမျဉ်းစည်းကမ်း များနှင့် ညီညွတ်ပါက ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်တွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်နာရမည့် စည်းကမ်းချက်များမှာ တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင်ပင် နေရမည်၊ ခြံဝင်းအတွင်း လွတ်လပ်စွာ သွားလာခွင့် ရှိမည်၊ ကျန်းမာရေးအတွက် ဆရာဝန်နှင့် ပြသခွင့်ရမည်၊ သက်ဆိုင် ရာ ခွင့်ပြုချက်ဖြင့် ဧည့်သည် တွေ့ခွင့် ရမည်၊ မြဝတီ ၊ မြန်မာ့ ရုပ်မြင်သံကြား ကြည့်ရှုခွင့်ရမည်၊ မြန်မာ နိုင်ငံထုတ် နေ့စဉ် သတင်းစာများနှင့် ဂျာနယ် မဂ္ဂဇင်းများ ဖတ်ခွင့် ရမည်၊ လိုအပ်ချက် ရှိပါက စာရေးသား တောင်းဆိုခွင့် ရမည်၊ ၎င်း စည်းကမ်းချက်များ အပြင် တခြားကိစ္စများ ဆောင်ရွက်လိုပါက သက်ဆိုင်ရာ ခွင့်ပြုချက် တောင်းခံ၍ ဆောင်ရွက်ခွင့်ရှိမည် စသည့် အချက် ၈ ချက် ဖြစ်ကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက မူ ယင်း စည်းကမ်းချက်များသည် ရှင်းလင်းမှု မရှိကြောင်း ပြောဆိုသည်။

“ကျနော်တို့ ကိုယ်တိုင် အဲဒီ ၈ ချက်လုံးကို မရှင်းဘူး၊ ဒေါ်အောင်ဆန်း စုကြည်လည်း မရှင်းဘူး၊ အဲဒီတော့ မရှင်းတဲ့ ကိစ္စကို ကျနော်တို့ ဆောင်ရွက်ဖို့ ရှိပါတယ်၊ သူတို့ သတ်မှတ်တဲ့ စည်းကမ်းချက်ထဲမှာ ရေဒီယို နားထောင်ခွင့် မပါဘူး ၊ ရေဒီယိုနဲ့ ပတ်သက်လို့ ဘာမှ မပါဘူး၊ ရုပ်မြင်သံကြားနဲ့ ပတ်သက်လို့လည်း နိုင်ငံခြား လိုင်းတွေ မပါဘူး၊ စာအုပ် စာတမ်း အနေနဲ့လည်း ပြည်တွင်းမှာ တရားဝင် တင်သွင်း ရောင်းချနေတဲ့ နိုင်ငံခြား စာနယ်ဇင်းတွေ ဖတ်ခွင့် ရမရ ဆိုတာ မသေချာဘူး၊ ကျနော် မနေ့က သွားတွေ့တော့ Newsweek နဲ့ Time မဂ္ဂဇင်း ၄ စောင် ယူသွားတယ်၊ အဲဒါကို ကျနော် အာဏာ ပိုင်တွေကို ပေးထားတယ်၊ ရမရ သူတို့ မပြောသေးဘူး”ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။

လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အာဏာပိုင်များက လုံခြုံရေးအတွက် အင်းလျားကန် ဘက်တွင် ခြံစည်းရိုး အကာအရန်များ ပြုလုပ်နေသည် ဟုလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ် ထားရာ နေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရား စွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ပုဒ်မ ၂၂ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင်ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့