..............................

Tuesday, August 11, 2009

ဒီကေဘီအေနှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပွား နအဖ ဘက်မှ (၃) ဦး သေဆုံး

NEJ / ၁၀ သြဂုတ် ၂၀၀၉

ယနေ့နံနက်တွင် နအဖစစ်သား (၂) ဦးနှင့် ရဲ (၁) ဦးကို ပစ်သတ်သွားသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၃) ဦးအား နအဖနှင့် ဒီကေဘီအေတို့ ပူးပေါင်းကာ အပူတပြင်း တောနင်း ရှာဖွေလျက်ရှိသည်။

တိုးတက်သောဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ အရာရှိ တဦး ဖြစ်သူ ဗိုလ်စောဖာထောနှင့် တပ်သား (၂) ဦးသည် မြ၀တီမှ ကားဖြင့် ကော့ကရိတ်သို့ အဆင်း အောက်ဘိုတဲ အရောက်တွင် နအဖ စစ်တပ်ဂိတ်မှ ၎င်းတို့ကားကို ရပ်တန့်ခိုင်းရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး နအဖ တပ်သားနှင့် ရဲတို့ သေဆုံးခြင်း ဖြစ်သည်။

၎င်းတို့စီးလာသည့်ကားကို ထား၍ တောထဲ ၀င်ပြေးသွားသည့် စောဖာထောနှင့် အဖွဲ့နောက်သို့ နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေလျက် ရှိသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးဟု ဒီကေဘီအေဘက်က ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဒီကေဘီအေတပ်မဟာ (၅) မှ အရာရှိ တဦးက “ဖာထောတို့ကို ဖမ်းဖို့ နယ်စပ်မှာ တပ်လှန့်ထားတယ်။ ဖာထောဟာ ဒီမနက် လေးနာရီမှာ တပ်ရင်း (၉၀၇) ထောက်လှမ်းရေးမှူး စောအောင်ချစ်အိမ်ကို သူ့လူတွေနဲ့ လာပစ်ခတ်ပြီးတော့ ကော့ကရိတ်ကို အဆင်းမှာ ဒီပြဿနာပေါ်တာ” ဟု ပြောသည်။

ဒီကေဘီအေတပ်မဟာ (၅) မှူး ဗိုလ်မှူးချုပ်စောလားပွယ် အနေဖြင့် နအဖနှင့် ပြဿနာ အဖြစ် မခံနိုင်ကြောင်း၊ သေသေရှင်ရှင် အမိဖမ်းရန်နှင့် ကေအန်ယူထံ လုံးဝ အရောက် မခံနိုင်ကြောင်း၊ ၎င်း၏ လက်အောက်ခံ တပ်ရင်းများနှင့် ဒီကေဘီအေ (၉၉၉) တပ်မဟာကိုလည်း ကြေးနန်းပို့ထားကြောင်း ထိုအရာရှိက ပြောသည်။

မြ၀တီတွင် ဒီကေဘီအေအချင်းချင်း ပိုက်ဆံ ကိစ္စကြောင့် ပြဿနာစတင် ဖြစ်ပွားရာမှ ကော့ကရိတ် အဆင်းတွင် ယခုကဲ့သို့ နအဖတပ်နှင့် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခြင်း ဖြစ်သည်ဟု သိရသည်။

တပ်မဟာ (၅) အခြေစိုက်ရာ မြ၀တီခရိုင်ဝေါ်လေရွာသား တဦးက “ဒီမနက် အောင်ချစ်အိမ်ကို ဆဲဆိုပြီး လာပစ်တာ ပိုက်ဆံကိစ္စလို့ ပြောတယ်။ လူတော့ တယောက်မှ မထိဘူး။ ကားနဲ့လာတာ၊ ပစ်ပြီးတာနဲ့ ပြန်သွားတယ်။ မိုးတောင် မလင်းသေးဘူး” ဟု ပြောသည်။

ဒီကေဘီအေနှင့်အလုပ်လုပ်သည့် ကုန်သည်တဦးက “သူတို့ပြဿနာက ကြီးတယ်။ အောင်ချစ်တို့၊ ဖာထောတို့က ခိုးကားသွင်းတယ်။ ကန့်သတ်ကုန်တွေ သယ်တယ်။ ဘားအံကနေ မြ၀တီကို လူတင်တယ်။ အောင်ချစ်က မြ၀တီက ရဲနဲ့ စစ်တပ်ကို ပိုင်တော့ ရတဲ့ဟာကို နှစ်ပေါက် တပေါက်ရိုက်ပြီး နည်းနည်းပဲ ပေးတော့ အခုလို ပြဿနာဖြစ်ကြတာ” ဟု ပြောသည်။

လာမည့် ၂၀၁၀ ခုနှစ်ကုန်တွင် ဒီကေဘီအေ အဖွဲ့ကို ဖျက်သိမ်းပြီး နယ်ခြားစောင့်တပ် အဖြစ် အသွင် မပြောင်းမီ ဒီကေဘီအေ ခေါင်းဆောင် ပိုင်းများသည် အချိန်တိုအတွင်း ငွေအမြောက်အမြား ရရှိမည့် လုပ်ငန်းများကို ဒေသခံ အာဏာပိုင်များနှင့် ပေါင်း၍ လုပ်ကိုင် နေကြသည်ဟု ၎င်းကုန်သည်က ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့