..............................

Friday, August 14, 2009

ကိုးကန့်အရေး မြန်မာကို တရုတ်သတိပေး

ရန်ပိုင်
Thursday, 13 August 2009 17:16

ကိုးကန့်ဒေသစစ်ရေးတင်းမာမှု အပေါ်တွင် တရုတ်ပြည်မှ စစ်အစိုးရအား သတိပေး ပြောကြားသည် ဟု သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့က အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် အား ယူနန်ပြည်နယ် လင်ချန်ဒေသ ဒု အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးကြီးတို့က လောက်ကိုင်တွင် တွေ့ဆုံပြီး နယ်စပ်ဒေသ အရေးနှင့် ပတ်သက်၍ သတိပေး ပြောကြားသွားသည်။

“ကိုးကန့်မှာရှိတဲ့ တရုတ်အမျိုးသားတွေ တရုတ်ပြည်ဘက်ကို ထွက်ပြေးတဲ့ ကိစ္စမျိုး နောက်ထပ် မဖြစ်ဖို့ ပြင်းပြင်း ထန်ထန် သတိပေးတယ်၊ တိုင်းမှူးကလည်း နောင် ဒါမျိုး မဖြစ်စေရပါဘူးလို့ ကတိပေးတယ်” ဟု တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က ပြောသည်။

လင်ချန်ဒေသသည် ယူနန်ပြည်နယ်တွင် ခရိုင် ၄ ခရိုင်နှင့်သာ ဖွဲ့စည်း ထားသော တိုင်းတခုဖြစ်သည်။

စစ်အစိုးရဒေသဆိုင်ရာ အာဏာပိုင်များက ချင်းရွှေဟော် ဒေသရှိ စီးပွားရေး လုပ်ကိုင်နေသော မြန်မာ ပြည်သားများကို အတင်းအကျပ် မြန်မာပြည်ထဲသို့ ပြန်ခိုင်း နေသည် ဟုလည်း ၎င်းဆိုသည်။

ယခုရက်ပိုင်းတွင် ကိုးကန့်ဒေသ ချင်းရွှေဟော်အနီးတွင် ကိုးကန့် ၊ ၀ နှင့် KIA အထူးဒေသ ၄ အပါအ၀င် နယ်ခြား ဒေသရှိ အပစ်ရပ် အဖွဲ့အစည်းများ၏ တပ်များအားလုံးသည် ဒေသ ကာကွယ်ရေး အတွက် ညီညွတ်မှု ပိုရှိလာပြီး တပ်များကိုလည်း အသင့် အနေအထားဖြင့် ပြင်ထားသည်ဟု သိရသည်။

“၀ တပ်မဟာ ၃၁၈ ရဲ့အထူးတပ်ရင်း၂ ရင်းကို ချင်းရွှေဟော်နားမှာ ချထားပြီး၊ အခြေအနေကို စောင့်ကြည့်နေတယ်၊ ကိုးကန့် အပေါ်မှာ အရေးယူမှု လုပ်ခဲ့ရင် ချက်ခြင်း ကာကွယ်နိုင်အောင်ဖြစ်တယ်” ဟု ဦးအောင်ကျော်ဇော က ပြောသည်။

တရုတ်ပြည်မှ မြန်မာစစ်အစိုးရအပေါ် ကန့်ကွက်မှု ပြုလုပ်ပြီးသည့် နောက်ပိုင်းတွင် စစ်အစိုးရ တပ်များ နောက်ထပ် စစ်ပြင်မှုများ မရှိတော့ကြောင်း သိရသည်။

“တရုတ်ပြည်က နယ်စပ်ဒေသကို ဆက်ထိန်းထားချင်တယ်၊ လူမျိုးစု လက်နက်ကိုင် တပ်တွေကလည်း စစ်အစိုးရထက် တရုတ်အစိုးရကို ပိုပြီးတော့ အယုံအကြည် ရှိတယ်၊ ဒီဒေသကို တည်ငြိမ် စေချင်တယ်၊ ဒါကြောင့် သတိပေးတာဖြစ်တယ်” ဟု ဦးအောင်ကျော်ဇော ကပြောသည်။

တရုတ်နိုင်ငံသည် မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်သော မူကို ကိုင်စွဲထားပြီး၊ နယ်စပ် ဒေသများ တည်ငြိမ်ရေးကို အထူး အလေးထားသည် ဟု သိရသည်။

ကိုးကန့်ဒေသသို့ ရောက်လာသော အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် သည် ကိုးကန့် အပစ်ရပ် အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်နှင့် တွေ့ဆုံခွင့် မရရှိဘဲ၊ ခရိုင်အဆင့်ရှိ ကိုယ်စားလှယ်နှင့်သာ တွေ့ဆုံခွင့် ရရှိခဲ့သည်ဟု သိရသည်။

ယနေ့ထုတ်စစ်အစိုးရသတင်းစာများတွင် အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် လောက်ကိုင် တပ်နယ်သို့ ရောက်ရှိပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ ဋ္ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံ၍ နယ်မြေဒေသ ဖွံဖြိုး တိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေး ညှိနှိုင်းသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ဖုန်ကျားရှင်၏ အိမ်ကို ၀င်ရောက် ရှာဖွေရန် ကြိုးစားခဲ့၍ စစ်အစိုးရ တပ်များနှင့် ကိုးကန့် တပ်ဖွဲ့များ ကြားတွင် စစ်ရေး ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားသည်။

ကိုးကန့်ဒေသသည် ယူနန်ပြည်နယ် လင်ချန်ဒေသကြီးနှင့် ကပ်လျက်ရှိ၍ ၊တရုတ်လူမျိုးများ အများဆုံး နေထိုင်ကြပြီး၊ ယခင် က မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုနှင့် ပတ်သက်သည် ဟု အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များက သံသယ ရှိကြသည်။

ဖုန်ကျားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော အဖွဲ့ ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့