..............................

Wednesday, October 19, 2011

KNLA ကို အစိုးရတပ် ထိုင်းနယ်ဘက်က ၀င်တိုက်

October 18, 2011

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ အခြေစိုက်စခန်း တခု ဖြစ်သည့် မယ်ပေါ်ထာ့ စခန်းကို အစိုးရ စစ်တပ်က ယနေ့ ထိုင်းနိုင်ငံဘက်မှ ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု KNLA ကရင် တပ်မှူးတဦးက ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိသည့် မယ်ပေါ်ထာ့ စခန်းကို ယနေ့နံနက် ၆ နာရီခန့်က လှိုင်းဘွဲ အခြေစိုက် အစိုးရတပ် ခြေမြန် တပ်ရင်း (ခမရ) ၃၃၉ နှင့် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ ပူးပေါင်း အင်အား ၄၀ ခန့်က ၀င်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

KNLA တပ်မဟာ ၇ အခြေစိုက် မယ်ပေါ်ထာ့စခန်းသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ်ရှိ နယ်ခြား သောင်ရင်းမြစ် ၏ မြန်မာ နိုင်ငံဘက်တွင် တည်ရှိသည်။

KNLA တပ်မဟာ ၇ နှင့် ပူးတွဲတိုက်ပွဲဝင်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ကလို့ထူးလား စစ်ဗျူဟာမှ ဗိုလ်မှူး တာ့ကော် က“ဒီမနက် ၆ နာရီ ၂၀ မှာ သူတို့ ထိုင်းနိုင်ငံ မဲ့သဝေါ ရွာဘက်ကနေ လှေနဲ့ ကူးလာပြီး ကျနော်တို့ စခန်းကို လာတိုက်တယ်၊ ကျနော်တို့ဘက်က ပြန်တိုက်တာ ၁၀ မိနစ် လောက်ပဲ ကြာတယ်၊ သူတို့ ပြန်ဆုတ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကရင်ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းယူရရှိသည့် ကြားဖြတ်ဆက်သွယ်ရေး ကြေးနန်း အရ တိုက်ခိုက်မှုတွင် မြန်မာ ပူးပေါင်း တပ်ဖွဲ့မှ စစ်သည် ၂ ဦး ဒဏ်ရာ ရရှိသွားသည် ဟုလည်း ဗိုလ်မှူးတာ့ကော် က ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် လှိုင်းဘွဲမြို့နယ်၏ နယ်စပ်သောင်ရင်းမြစ်၏ မြန်မာဘက် ကမ်းနား တလျှောက်၌ KNLA ၊ DKBA နှင့် အစိုးရ စစ်တပ်များက စစ်အခြေစိုက် စခန်းများ ဖွင့်လှစ် ထားသည်။

တပ်မဟာ ၇ ဌာနချုပ်ကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင် ကာလကလည်း အစိုးရတပ်များက ၀င်ရောက် တိုက်ခိုက်ခဲ့ရာတွင် ထိုင်းနိုင်ငံ ဘက်မှ အင်အား အလုံးအရင်းနှင့် ၀င်ရောက် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကရင် တပ်မှူးဟောင်း တဦးက ပြောပြသည်။

ယနေ့ အစိုးစစ်တပ်က ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ KNLAတပ်မဟာ ၇ ဒေသကို ထိုင်းနိုင်ငံ ဘက်မှ ၀င်ရောက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

KNU သည် မြန်မာ အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီ ဖြစ်သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့