..............................

Friday, October 21, 2011

လိုင်ဇာအနီး အစိုးရတပ်များ တိုးမြှင့်ချထား

ဖနိဒါ
ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၀ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီး တဝိုက်တွင် မြန်မာ အစိုးရ၏ တပ်ရင်း အနည်းဆုံး ၁၆ ရင်းအထိ တိုးမြှင့်လာပြီး တိုက်ပွဲများ ပိုမိုလာသည်ဟု KIO ပြောရေး ဆိုခွင့် ရှိသူ ဦးလနန်က ပြောသည်။

မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သော လိုင်ဇာနှင့် ၁၅ မိုင် အကွာအတွင်း အင်အား ၁ဝဝဝ ကျော်ခန့်ရှိ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ခလရ ၄ဝ၊ ခမရ ၁၂၁၊ ခလရ ၁၄၁၊ ၁၄၂၊ ခမရ ၃၈၁၊ ၃၈၃၊ ၃၈၄၊ ၃၈၈၊ ၄၃၈၊ ခလရ ၂၆ဝ၊ ၃၇၊ ၂၁၊ ခမရ ၃၉ဝ၊ ၃၈၉၊ ၃၈၆ တို့ ထိုးစစ်ဆင်လာမှု ရှိနေသည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့က နမ့်ဆန်ယန်၊ အောင်ဂျာကျေးရွာနှင့် အနီးတဝိုက် နှစ်ဘက်တပ်များ ထိတွေ့မှု ၁ဝ ကြိမ် ဖြစ်ပွား ခဲ့သလို ရှမ်းပြည် နယ် ကွတ်ခိုင်မြို့နယ် အတွင်းတွင်လည်း အလားတူ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အစိုးရတပ်အတွက် စစ်ကူများ ထပ်မံ ရောက်ရှိ လာနေရာ ဗန်းမော်မြို့မှ ရေလမ်းခရီးဖြင့် အင်အား ၅ဝဝ ခန့်နှင့် မြစ်ကြီးနား မြို့မှ မီးရထားဖြင့် အင်အား ၁ဝဝ ကျော် ဗုဒ္ဓဟူးနေ့က ရောက်လာခဲ့သည်ဟု KIO စစ်ဘက် သတင်း များက ပြောသည်။

“ကျနော်တို့ဘက်က ထူးထူးခြားခြား စိုးရိမ်စရာ မရှိပါဘူး။ ကျနော်တို့က နေရာတခု၊ ဒေသတခုကို ခံတပ်အနေ နဲ့ တိုက်နေတာ မဟုတ်ပါဘူး။ ကျနော်တို့က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်ဒေသ အားလုံး မှာ ကျနော်တို့ တပ်ဖွဲ့တွေ ရှိပါတယ်” ဟု ဦးလနန်က ပြောသည်။

“ကေအိုင်အိုကို အမြစ်ဖြတ်ချေမှုန်းဖို့ကတော့ မဖြစ်နိုင်တဲ့ကိစ္စပါ။ ကျနော်တို့ဘက်က ဘာမှ စိုးရိမ်ပူပန်မှု မရှိပါ ဘူး။ ဝင်လာတဲ့ စစ်ကြောင်း တွေကို ဖြစ်တဲ့နည်းနဲ့ တိုက်ထုတ်သွားမှာပါ”

ထို့အပြင် အစိုးရတပ်က ဒေါ့ဖုန်းယန်မြို့နယ်သို့ သံချပ်ကာကားများကို အဆင်သင့်ရွှေ့ပြောင်းချထားပြီး ၁၂၀ မမ၊ ၁၅ဝ မမ အမြောက်ကြီးများ သယ်ဆောင် လာခဲ့သည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့