..............................

Wednesday, October 19, 2011

မွန်ပြည်သူ့စစ်ခေါင်းဆောင် လုပ်ကြံခံရ

ကွန်းချမ်း
အင်္ဂါနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်သစ်ပါတီ (NMSP) မှ ခွဲထွက်ပြီး အစိုးရထံ လက်နက်ချကာ ဒေသ ပြည်သူ့စစ် အသွင်ဖြင့် လှုပ်ရှား နေသည့် မြိတ်ခရိုင် ချောင်ချီ အထူးဒေသမှ မွန်ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် တဦး သောကြာနေ့က ချောင်းမြောင်း ပစ်ခံရပြီး သေဆုံးခဲ့သည်။

အသက် ၅၀ ဝန်းကျင်ရှိ သေဆုံးသူ နိုင်အောင်မှာ ထိုင်းနယ်စပ် မြိတ်မြို့နယ် အောင်မွန်သာယာ ရွာတွင် အောက်တိုဘာ လ ၁၄ ရက်၊ ညနေ ၆ နာရီကျော်တွင် အပစ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မြိတ်ဒေသ ပြန်လည် စည်းရုံးရေး အဖွဲ့မှ ခေါင်းဆောင်တဦး ဖြစ်သူ ဗိုလ်မှူး တမော့ချမ်းက ပြောသည်။

“အကောက်ခွန်ဂိတ်က ပြန်လာပြီး မိုးချုပ်စအချိန် ရွာလယ်မှာပဲ ပစ်သတ်ခံရတယ်” ဟု ဗိုလ်မှူးတမော့ချမ်းက မဇ္ဇျိမကို ပြောသည်။

၁၉၉၇ ခု နှစ်ကုန်ပိုင်းတွင် လူအင်အား ၂၀၀ ကျော်၊ လက်နက် အင်အား ၃၀၀ ကျော်နှင့်အတူ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တွင် လက်နက် ချခဲ့သော အဖွဲ့၏ ခေါင်းဆောင် နိုင်အောင်နှင့် အတူ ပစ်ခတ်ခံရသူ အောင်မွန်သာယာ ရွာသူကြီးလည်း ဒဏ်ရာ ရသွားခဲ့သည်။ မည်သည့် အဖွဲ့ကမှ မိမိတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခြင်း မပြုသေးသလို လက်သည် မပေါ်သေးဘဲ ဖြစ်နေသည်။

မိကွန်းမီး၏ ခင်ပွန်း၊ သမီး ၃ ဦးနှင့် သားတဦး၏ ဖခင် နိုင်အောင်၏ ရုပ်အလောင်းကို စနေနေ့က အောင်မွန်သာယာ ရွာ သုဿာန်တွင် မြေမြှပ် သင်္ဂြိုလ် ပြီးကြောင်း ရွာခံတဦးက ပြောသည်။

NMSP နှင့် စစ်အစိုးရတို့ ၁၉၉၅ ခုနှစ် အပစ်အခတ် ရပ်စဲရေး သဘောတူချက် အရ တနှစ်တာအတွင်း မြိတ်ခရိုင်ရှိ NMSP ၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (MNLA) ကို ပြန်လည် ရုပ်သိမ်းရန် သဘော တူခဲ့ကြသည်။

ထိုသဘောတူချက်ကို လက်မခံသည့် မြိတ်ခရိုင် ဒု-တပ်ရင်းမှူး ဗိုလ်မှူးအောင်သိုက်ဟင်းနှင့် ဗိုလ်ကြီး နိုင်အောင်တို့က ၁၉၉၆ ခုနှစ်တွင် မွန်ပြည်သစ် ပါတီမှ ခွဲထွက်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့