..............................

Tuesday, October 18, 2011

နိုင်ငံရေးအကျဉ်းသား ၆၀၀ သာရှိဟု သမ္မတ အကြံပေးပြော

October 17, 2011

မြန်မာနိုင်ငံ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၆၀၀ ခန့်သာရှိရာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထက်ဝက် ခန့် လွတ်မြောက် လာပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြီးခဲ့သည့် အပတ်က ဆွီဒင်နိုင်ငံပိုင် ရေဒီယိုနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသား၂၀၀၀ ခန့်ရှိသည် ဆိုခြင်းသည် ချဲ့ကား ပြောဆိုမှုများသာ ဖြစ်ကြောင်း၊ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် ဦးရေ ၃၀၀ ခန့် လွှတ်ပေးပြီး ဖြစ်သည့်အတွက် လွှတ်ပေးမှုနှုန်းမှာ နည်းပါးသည်ဟု မဆိုနိုင်ကြောင်း၊ မကြာမီကာလ အတွင်း ထပ်မံလွတ်မြောက် လာဦးမည်ဟု ထင်ကြောင်း ပြောဆိုခဲ့သည်။

သို့ရာတွင် ပြည်တွင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုအဖွဲ့မှ ကိုတိုးကျော်လှိုင်ကမူ အစိုးရနှင့် နိုင်ငံရေး အဖွဲ့အစည်းများ အကြား နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ စာရင်း ကွဲလွဲနေသည်ဟု ပြောသည်။

၎င်းတို့ အဖွဲ့ ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသား ဦးရေမှာ လက်ရှိ ၁၂၀၀ နီးပါး ကျန်ရှိမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
အဆိုပါ စာရင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက လွတ်မြောက်လာသည့် ဦးရေကို ထုတ်နုတ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

“စာရင်းကွာခြားနေတယ်ဆိုတာ အစိုးရက နိုင်ငံရေးသီးသန့် ပုဒ်မတပ်ထားတဲ့ သူတွေ စာရင်းကို ကိုင်ပြောနေလို့ ဖြစ်လိမ့်မယ်”ဟု ကိုတိုးကျော်လှိုင် က ပြောသည်။

အစိုးရအနေဖြင့် နိုင်ငံရေးလှုပ်ရှားသူ တချို့ကို ပုဒ်မ ၅(ည)၊ ပုဒ်မ ၅၀၅(ခ) စသည့် နိုင်ငံရေး ပုဒ်မများဖြင့် အမှုဖွင့် ဖမ်းဆီးခြင်း မပြုဘဲ၊ အီလက်ထရွန်နစ် အက်ဥပဒေ၊ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု၊ ဗုံးဖောက်ခွဲရန် ကြံစည်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ ပုံနှိပ် အက်ဥပဒေ စသည့် ဥပဒေပုဒ်မ များဖြင့် စွဲဆိုကြောင်း၊ ထို့ကြောင့် စာရင်း ကွာဟမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်နိုင်ကြောင်း ကိုတိုးကျော်လှိုင်က ပြောဆိုသည်။

ထို့အပြင်အစိုးရနှင့် နိုင်ငံရေးလှုပ်ရှားသူများအကြား “ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ” ဆိုသည့် စကားရပ် အပေါ်တွင် အဓိပ္ပာယ် ဖွင့်ဆိုမှုနှင့် ပတ်သက်၍လည်း ကွဲလွဲမှုများ ရှိနိုင်သည်ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ စံသတ်မှတ်ချက်အရမူ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ”ဆိုသည်မှာ အစိုးရနှင့် ဘာသာရေး အရလည်းကောင်း၊ ယုံကြည်ချက် အရလည်းကောင်း အမြင်ကွဲလွဲပြီး အကျဉ်းချ ခံထားရသူများကို ဆိုလိုသည်။

အစိုးရက ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်နေ့(အဘိဓမ္မာ အခါတော်နေ့)တွင် အကျဉ်းသား ၆၃၅၉ ဦး လွတ်ငြိမ်း ချမ်းသာခွင့် ပေးရာတွင် နိုင်ငံရေး အကျဉ်းသား မည်မျှ ပါဝင်သည်ဟု ဖော်ပြခြင်း မပြုပေ။

ယနေ့ထုတ် ပြည်တွင်းအခြေစိုက် The Voice ဂျာနယ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၈၀ ခန့် ပြန်လည် လွတ်မြောက် လာသည်ဟု ရေးသားထားသည်။

ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က လည်း အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းနှင့် ယခု လွတ်မြောက်လာသည့် စာရင်းကို ပြုစုနေကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်း ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့