..............................

Thursday, October 20, 2011

နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်ကြဖို့ အချိန်ရောက်ပြီ

ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၁

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာကို အများပြည်သူက အများကြီး မျှော်လင့်သလောက် ဖြစ်မလားဘူးလို့ ပြောကြတယ်။

ဟုတ်တယ်။ ကမ္ဘာကလည်း မျှော်လင့်တယ်။ မြန်မာပြည်သူတွေကလည်း မျှော်လင့်တယ်။ နိုင်ငံရေး အကျဉ်းသားမိသားစု တွေကလည်း မျှော်လင့် နေကြတဲ့အချိန်မှာ လူဦးရေ ၂၀၀ လောက်ပဲ လွတ်မြောက်လာတယ် ဆိုတော့ အများက မျှော်လင့်သလို မဟုတ်တဲ့ အတွက် စိတ်ပျက်ကြတယ်။ ကျနော်တို့က တဆင့်တက် ပြောရရင်တော့ ကျေနပ်ဖွယ်ရာ မရှိဘူးလို့လည်း ပြောချင်တယ်။

အဲသည်လို နိုင်ငံရေးအကျဉ်းသားတွေဆိုတာက ယခင်အစိုး ရလက်ထက်မှာ ဖမ်းဆီး ထောင်ချခဲ့တာ ဆိုတော့ လက်ရှိ အစိုးရက လွတ်ငြိမ်းခွင့် မပေးနိုင်လောက်အောင် ဖြစ်နေတာက သူတို့တွေ ကိုယ်တိုင်က အာဃာတတွေ ထားနေဆဲလား၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မလိုလားလို့လားလို့ မေးခွန်းတွေ ဖြစ်လာတယ် ဆရာ။

အဲသည်လိုမျိုး ကျနော်တို့ ပတ်ဝန်းကျင်မှာ ပြောဆိုသံတွေ ကြားနေရတယ်။ အခုလက်ရှိ အစိုးရ ဆိုသူတွေ ကလည်း အရင် အစိုးရက လူတွေ၊ စစ်ဗိုလ်ချူပ်တွေပဲ ဆိုတော့၊ သမ္မတ ကိုယ်တိုင်ကလည်း အရင်အစိုးရ လက်ထက်မှာ ကတည်းက ၀န်ကြီးချုပ် ဖြစ်ခဲ့တဲ့ သူတွေ ဖြစ်နေတော့ ဒီလူတွေရဲ့ စိတ်ထဲမှာ အရင် အတိတ်က အကြောင်းအရာ တွေကနေ ကင်းကင်း လွတ်လွတ် ရှိနိုင်ရဲ့လားလို့ မေးစရာ ဖြစ်လာတယ်။

နိုင်ငံတကာက အစိုးတွေ၊ အဖွဲ့တွေ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာရှ သာမက ကုလသမဂ္ဂတွေနဲ့ တွေ့ဆုံတဲ့ အကြိမ်တိုင်းမှာ လက်ရှိ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စကို သူတို့ကိုယ်တိုင် ပြောဆို ဆွေးနွေးတာတွေ လုပ်ခဲ့ပြီးကာမှ အခုလို နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ လွတ်မြောက်လာတဲ့ အတွက် နိုင်ငံတကာမှာလည်း မျက်နှာ ပျက်စရာ ဖြစ်တယ်လို့ ပြောကြတယ် ဆရာ။

လူတိုင်းလူတိုင်းက၊ နိုင်ငံတကာက အစိုးရတွေ၊ အဖွဲ့အစည်းတွေကလည်း သည်လောက် အကြိမ်ကြိမ် တောင်းဆို နေတဲ့ကြားက သည်လောက်ပဲ လွှတ်ပေး လိုက်တယ်ဆိုတော့ ဘယ်လိုပဲ စိတ်ပျက်ပျက်၊ မကျေနပ်ဖူးလို့ ဆိုဆို သို့သော်လည်း လွှတ်ပေးတဲ့ အတွက် ၀မ်းသာတဲ့ အကြောင်း၊ နောက်လည်းပဲ လွှတ်ပေးပါဦးလို့ ပြောနေရတဲ့ အဖြစ် ဆိုက်နေတာပေါ့။

နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးလိုက်ရင် နိုင်ငံမှာ ဆူပူမှုတွေ ငြိမ်းချမ်းရေး ပျက်ပြားမှုတွေ ဖြစ်လာမှာ စိုးရိမ်လို့ ဆိုပြီး အစိုးရဖက်က လူတွေက အကြိမ်ကြိမ် ပြောနေကြတာလည်း ရှိတယ်လေ ဆရာ။

အခုအချိန်မှာ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်တိုင်မှာ ဖြေရှင်းရမယ့် ပြသနာတွေ ကိုယ်စီ ပါလာတယ်။ သူတို့တွေက ဆူပူဖို့ ငြိမ်းချမ်းရေးကို ပျက်ဆီးအောင်လုပ်ဖို့ မပြောနဲ့ဦး နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုတွေ ကိုယ်တိုင်မှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြန်လည် ထူထောင်ရမယ့် အရေးကိစ္စတွေ အများကြီးနဲ့ အပြင်လောကကို ထွက်လာတာ ဖြစ်တယ်။ သည်လိုမျိုး မြင်ကြည့် စေချင်တယ်။ မိသားစုအရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး ပြသနာတွေ ဖြေရှင်းရမှာ ပြန်လည် ထူထောင်ရမယ့် အရေးတွေ အများကြီး ပါလာတယ်။ ဒါတွေက ဖမ်းဆီး ချုပ်နှောင်တုန်းက ဖမ်းဆီးခဲ့ပြီးတော့ အခုလို လွှတ်ပေးလိုက်ရုံနဲ့ ပြေလည်သွားတာမျိုး မဟုတ်ဘူး။ သူတို့ဆုံးရှုံးသွားတဲ့ အထွေထွေ အခြေအနေတွေကို ပြန်လည် ထူထောင်ကြဖို့ လုပ်ကြရမယ်။ အဲဒါတွေနဲ့ ထပ်တူ အရေးကြီးတာ ကတော့ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးရဲ့ နိုင်ငံရေးဘ၀တွေ လွတ်လပ်စွာ ပြန်လည် ထူထောင်ခွင့် ရရှိဖို့ ဖြစ်တယ်။

သူတို့ရဲ့ နိုင်ငံရေးဘ၀တွေ ပြန်လည် ထူထောင်ဖို့ဆိုတာက ဘာတွေလဲ ဆရာ။

လွတ်မြောက်လာတဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ယုံကြည်တည်ဆောက် ရပ်တည်ထားတဲ့ နိုင်ငံရေး ဘ၀ အသီးသီး တွေကို သူတို့ဆန္ဒ သဘောထားတွေနဲ့ အညီ လွတ်လွတ်လပ်လပ် ထူထောင်ခွင့် တည်ဆောက်ခွင့် ရှိဖို့ အရေးကြီးတယ်။ သူတို့ရဲ့ နိုင်ငံရေး သဘောထားတွေကို ပြန်လည် သုံးသပ်ကြမယ်၊ ပြောဆိုဆွေးနွေး ညှိနှိုင်း သုံးသပ်တာတွေ လုပ်ကြရမယ်။ တဦးချင်း ခံစားချက်၊ လေ့လာချက်၊ ဆွေးနွေးချက်တွေကို လုပ်ပိုင်ခွင့်တွေ ရှိသလို အများကလည်း ၀ိုင်းဝန်း အားပေး ကူညီမှုတွေ ပြုကြရမယ်လို့ ပြောချင်တယ်။ သူတို့တွေကို နိုင်ငံရေး ဘ၀တွေ ပြန်လည် ထူထောင်မှုတွေ လုပ်နိုင်အောင်လို့ ကျနော်တို့က ပြည်သူတွေက မိသားစုတွေ၊ မိတ်ဆွေတွေက ၀ိုင်းဝန်း ကူညီတာတွေ၊ ပံ့ပိုးတာတွေ လုပ်ပေးကြရမယ်၊ ကူညီကြရမယ်လို့ ကျနော်က တလောက ပြုလုပ်တဲ့ တော်ဝင်နှင်းဆီခန်းမ ကန်တော့ပွဲမှာလည်း ပြောခဲ့တာ ဖြစ်တယ်။ ပြင်ပက လူတွေကလည်း လက်ရှိ တိုင်းပြည်နဲ့ နိုင်ငံတကာ အခြေအနေတွေ အပြောင်းအလဲတွေကို တင်ပြ ပြောဆို ဝေမျှတာတွေ လုပ်ကြရမယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုတွေရဲ့ နိုင်ငံရေးဘ၀တွေ သာမက အထွေထွေ ဘ၀တွေ ပြန်လည် ထူထောင်ဖို့ ဆရာတို့က ဘယ်လို လုပ်ကြမှာလဲ ဆရာ။

ကျနော်တို့တွေက သူတို့ အကျဉ်းကျနေချိန်မှာ တတ်စွမ်းနိုင်သလောက် ကူညီအားပေးဖို့ ကြိုးစား သလိုမျိုးပဲ လွတ်မြောက် လာတဲ့ သူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖို့ ကူညီဖို့ ကြိုးစားကြမယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုတွေကလည်း မိတ်ဆွေတွေနဲ့ တွေဆုံဆွေးနွေး ကြပါ။ လိုအပ်ချက်တွေ မေးခွန်းတွေ အခြေအနေ တွေကို မသိဘဲ မစုံစမ်းဘဲနဲ့ ရမ်းသန်းပြီး ကူညီလို့တော့ မရဘူး။ လေ့လာ ကြရမယ်။ သူတို့တွေရဲ့ အတွေးအမြင်တွေရဲ့ နောက်ခံနဲ့ အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာသလဲ။ ကျနော်တို့ တွေကလည်း သိရှိနားလည် စာနာနိုင်အောင် ကြိုးစားရမယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို အားပေးကူညီတဲ့ ကွန်ယက် လှုပ်ရှားမှုတွေတင် သာမက လက်ရှိ အစိုးရ ကိုယ်တိုင်ကလည်း အခုလို နိုင်ငံရေး အကျဉ်းသားတွေ ဖမ်းဆီး ထားခဲ့မှုတွေ အတွက် တာဝန်ယူ ဖြေရှင်းပေးဖို့ မလိုအပ်ဘူးလား ဆရာ။ သူတို့တွေဟာ အာဏာပိုင်တွေနဲ့ သဘောထားချင်း မတူညီလို့ ဆန့်ကျင်လို့ဆိုပြီး အမှုအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခြင်း ခံစား ထားရတာဖြစ်တယ်။ သူတို့တွေက ရာဇ၀တ်မှုတွေ၊ စာရိတ္တတွေ ပျက်စီးလို့၊ သူတပါးကို ဖျက်ဆီး သတ်ဖြတ်လို့ အကျဉ်းချ ခံထားရတဲ့သူတွေ မဟုတ်ဘူး။ သူတို့တွေအတွက် အစိုးရတွေက တာဝန်ယူ ဖြေရှင်းပေးဖို့ မသင့်ဘူးလား။

ကျနော် ကြားဖူးတာက ဥရောပက နိုင်ငံအချို့မှာ နိုင်ငံရေး အကျဉ်းသားတွေကို လျော်ကြေးတွေ၊ ထောက်ပံ့ကြေးတွေ ပေးတာမျိုး ရှိတယ်လို့ ကြားဖူးတယ်။ အဲသလိုမျိုး လက်ရှိအစိုးရမှာ တာဝန် ၀တ္တရား ရှိတယ်လို့ မြင်တယ်။ လက်ရှိ အစိုးရ ကိုယ်တိုင်ကလည်း စစ်တပိုင်း အစိုးရပဲ။ ရှေ့က စစ်အစိုးရ အဆက်ဆက်နဲ့ ဆက်စပ် ပတ်သက်တဲ့ သူတွေချည်းပဲ။ သူတို့တွေကိုယ်တိုင်က ဖမ်းချင်တုန်းက ဖမ်းခဲ့ပြီးမှ အခု လွှတ်ပေးလိုက်တော့လည်း သူတို့တွေလည်း အခု လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ နစ်နာ ဆုံးရှုံးမှုတွေ အတွက် စဉ်းစားတာ စီစဉ်တာတွေ လုပ်ပေး သင့်တယ်လို့ မြင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားလား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေလား၊ ဘယ်စကားလုံးက ပိုပြီး ကျယ်ပြန်တဲ့ သဘော၊ အားလုံးနဲ့ ဆိုင်တဲ့ သဘော ရှိသလဲဆရာ။

အခုဟာက လက်ရှိအစိုးရကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ကို ငြင်းနေတာ။ သူတို့ဖက်က တစိတ်တပိုင်း ပြောဆို နေတာက ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူလို့ အသုံးအနှုံးကို သုံးနေတယ်။ ဒါက မကောင်းဘူး။ ကျနော်ကတော့ နိုင်ငံရေး အကျဉ်းသားလို့ပဲ သုံးနှုံးလိုတယ်။ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ အလုပ်တွေ လုပ်တဲ့သူတွေ အားလုံး အကျူံးဝင်တယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေရသူဆိုတော့ ဥပမာ အကြမ်းဖက်သမား ဆိုပြီး အစွဲ ခံရသူတွေ မပါတော့ဘူး၊ နယ်စပ် ဖြတ်ကျော်တွေ မပါတော့ဘူး။ အီလက်ထရွန်နစ် အက်က သူတွေကိုလည်း ချန်ထား ခဲ့လို့ရတယ်။ ၁၇(၁)လို အမှုတွေ၊ ဟိုအမှုတွေ ဒီအမှုတွေ မပါဘူးလို့ လုပ်လို့ရတယ်။ နိုင်ငံရေး အကျဉ်းသားလို့ သုံးစွဲလိုက်တာက အားလုံးကို ကိုယ်စားပြုတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံထားရသူလို့ ဆိုလိုက်တော့ စစ်အစိုးရက အမှုအ မျိုးမျူိုးဆင်ပြီး ထောင်သွင်း အကျဉ်းချ ခံထားရသူတွေကို မပါဝင်အောင် ကန့်သတ်လိုက်သလို ဖြစ်သွားနိုင်တယ်။

နိုင်ငံရေးအရ ပွင့်လင်းမှုတွေ မရှိသေးဘူးဆိုတော့ အင်န်အယ်ဒီပါတီက လက်ရှိအ စိုးရဆီမှာ ပါတီ မှတ်ပုံတင်ဖို့က နီးစပ်လာပြီလား ဆရာ။

ကျနော် ရှေ့ကအင်တာဗျူးတွေမှာ ပြောခဲ့သလိုပါပဲ။ အင်န်အယ်ဒီပါတီက မြေအောက်အဖွဲ့ မဟုတ်ဘူး၊ လက်နက်ကိုင် အဖွဲ့ အစည်းလည်း မဟုတ်ဘူး။ နိုင်ငံရေးပါတီ တရပ် ဖြစ်တယ်။ ဒါကိုလည်း နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ၈၈ မျိုးဆက်တွေ၊ မျိုးဆက်သစ် လူငယ်ကျောင်းသားတွေ ကိုယ်တိုင်က လက်ခံ အသိအမှတ် ပြုထားပြီး ဖြစ်တယ်။ ဒါကြောင့် ပါတီကို မှတ်ပုံတင်တဲ့ နေရာမှာ လက်ရှိရွေးကောက်ပွဲ ဥပဒေမှာ ပါတဲ့ ကန့်သတ်ချက်တွေ၊ ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံရမယ် ဆိုတာတွေကို ပြောင်းလဲမှု မရှိသေးဘဲ နဲ့တော့ မှတ်ပုံတင်မှာ မဟုတ်ဘူး ဆိုတာကတော့ သေချာတယ်။ ဒီပြောင်းလဲမှုတွေ ပေါ်မူ တည်ပြီးတော့ မှတ်ပုံတင်ခြင်း မတင်ခြင်းတွေက ပေါ်လာတော့မှာ ဖြစ်တယ်။

ဆိုတော့ ဒီမိုကရေစီနည်းကျ နိုင်ငံရေးပါတီ တရပ်အနေနဲ့ မှတ်ပုံတင်ခြင်းဆိုတာကို လက်ခံတယ်။ သို့သော် လက်ရှိ အစိုးရဆီမှာ ရွေးကောက်ပွဲ ဥပဒေအရ တကယ် မှတ်ပုံတင်နိုင်တဲ့ အခြေအနေရှိခြင်း မရှိခြင်း၊ လက်ခံနိုင်ခြင်း မရှိခြင်း ဆိုတာကို ခွဲခြား ဆုံးဖြတ်မယ် ဆိုတဲ့ သဘောပေါ့။ ဒါဆိုရင် လက်ရှိ ပြဋ္ဌာန်းချက်တွေ ဥပဒေတွေနဲ့အညီ ရွေးကောက်ပွဲဝင်ခြင်း မ၀င်ခြင်းကိုကော ဘယ်လို သဘောထားသလဲ ဆရာ။

ပါတီမှတ်ပုံတင်ခြင်း မတင်ခြင်းကို အခြေအနေအပေါ်မှာ မူတည်ပြီး စဉ်းစားသလို၊ ရွေးကောက်ပွဲ ၀င်ခြင်း မ၀င်ခြင်း ဆိုတာ ကိုလည်း သီးခြား ထပ်စဉ်းစားမှာ ဖြစ်တယ်။ ရွေးကောက်ပွဲဝင်ခြင်းဟာ ဒီမိုကရေစီ ရည်မှန်းချက်များနဲ့ ဆန့်ကျင်မှု ရှိမရှိဆိုတာတွေကို ကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲဝင်တယ် ဆိုတာနဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတဲ့ သဘောဖြစ်သွားတယ်။ ဒါတွေကြောင့် ပါတီ မှတ်ပုံတင်ပြီးတဲ့နောက်ပိုင်း အများကြီး စဉ်းစားစရာတွေ ဆွေးနွေးစရာတွေ ပေါ်ထွန်း လာလိမ့်မယ်လို့ ပြောနိုင်တယ်။ နောက်တပိုင်း ကတော့ ပါတီကို မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲကို မ၀င်နိုင်ဘူး ဆိုပြီးတော့ လွှတ်တော်ပြင်ပမှာ နိုင်ငံရေး ပါတီ တရပ်အနေနဲ့ လွတ်လပ်စွာ လှုပ်ရှားမယ်။ စည်းရုံးရေး လုပ်နိုင်မယ်။ အင်အားတွေ ဖြစ်လာမယ်။ နောက်တခု အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ပြုပြင် ရေးဆွဲနိုင်ရေး လှုပ်ရှားမှုတွေ လုပ်လာနိုင်မယ်လို့ ပြောနိုင်တယ်။

ဒါဆိုရင် လက်ရှိ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ လက်ရှိ လှုပ်ရှားနေတဲ့ ပါတီမဟုတ်တဲ့ နိုင်ငံရေး အင်အားစုတွေ၊ တက်ကြွ လှုပ်ရှားသူတွေ (Activist and Activism) တွေအတွက်ကတော့ သူတို့ လက်ခံ ယုံကြည်တဲ့ နိုင်ငံရေး ဘ၀တွေကို အသီးသီး ထူထောင်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှား လာနိုင်ဖို့ကိုလည်း တပြိုင်နက်တည်း အားပေးနေရမယ်လို့ ပြောရင် ရမလား ဆရာ။

ရပါတယ်။ နိုင်ငံရေးဘ၀တွေ ပြန်လည်ထူထောင်လာကြပြီးတော့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အင်အားအစု အဖွဲ့တွေ ပေါ်ပေါက် လာကြမယ်။ လွတ်လွတ်လပ်လပ်နဲ့ ပြောရေး ဆိုခွင့် လှုပ်ရှားခွင့်တွေ သန်ရာ သန်ရာ လုပ်လာကြဖို့ လိုတယ်။ နိုင်ငံရေး အကျဉ်းသား တွေကူညီတဲ့ ကွန်ယက်တွေလိုမျိုး၊ ဧရာဝတီကို ကာကွယ်ဖို့ လှုပ်ရှားကြတဲ့ အလုပ်တွေလုပ်နေကြသလိုမျိုးပေါ့။ တိုင်းပြည်အတွက် လိုအပ်တဲ့ အရေးကိစ္စတွေမှာ သူတို့တွေဟာ သူတို့ရဲ့ အင်အားတွေ သြဇာတွေနဲ့ ၀င်ရောက်လုပ်ကိုင်လာဖို့လိုတယ်။ အဲသည်လို အခြေအနေတွေ ထူထောင်ပေးရမယ်။ ကျနော်တို့က အကျဉ်းထောင် အသီးသီးက လွတ်မြောက်လာတဲ့ သူတွေကို အားပေး လက်တွဲပြီးတော့ တူရာ သန်ရာ ဆက်စပ်ပေးရမယ်။ နားလည်မှုတွေ တည်ဆောက်ကြရမယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ဆရာ။

Ref: မိုးမခ

0 comments:

အပေါ်သို့