..............................

Monday, October 17, 2011

အာလူးပူရီ မစားပါနဲ့ သမ္မတကြီး

မျိုးသိဏ်း
စနေနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၁

(ဇာဂနာနှင့် အင်တာဗျူး)

အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသော ပါရမီရှင် လူရွှင်တော် ဇာဂနာကို မဇ္ဈိမ သတင်းထောက်က ရုပ်သံ အင်တာဗျူး လုပ်ထားရာမှ ပြန်လည် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။

နာဂစ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံပွဲကို ကသုတ်ကရက် လုပ်ဖြစ်သွားတယ်။ အဲ့ဒီ အချိန် အကိုတို့က ကူညီမှုတွေ လုပ်နေတဲ့ အချိန်ပေါ့။ အဲ့ဒီအနေအထားအပေါ် အကို့အမြင်လေး ပြောပါဦး။

တကယ့်တကယ် ပြောမယ်ဆိုရင်တော့ အဲ့ဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆန္ဒမဲပေးတာ ကျနော်ပေးကို မပေး လိုက်ရဘူး။ အဲ့တုန်းက ကျနော်တို့ ရပ်ကွက်မှာ ကျနော်ရှိတယ်။ ဒါပေမယ့် ကျနော့်ကို မဲစာရင်းထဲ မထည့်တော့ ကျနော်မဲ မပေးလိုက်ရဘူး။ (ရယ်လျက်) အဲ့တော့လဲ နိုင်ငံသား တယောက် အနေနဲ့ ကျနော် ထောက်ခံသည် ဖြစ်စေ ကန့်ကွက်သည် ဖြစ်စေ ကျနော့်မှာ ထောက်ခံမဲကော ကန့်ကွက်မဲကော ပေးပိုင်ခွင့် ရှိပါလျက်နဲ့ ကျနော် မဲပေးခွင့် အဲ့ဒီတုန်းက ဆုံးရှုံးခဲ့တယ်။ ဒါကတော့ သိပ်မကောင်းဘူးပေါ့။ အဲ့တော့ ဒါအပေါ် မှာမဲပေးခွင့် မရခဲ့တာက ကျနော့် မဲပေးခွင့် ဆုံးရှုံးခဲ့တယ်ပဲ ပြောရမှာပဲ။

ဘာကြောင့်များ အကို့ကို မဲစာရင်းမှာ မထည့်ခဲ့တာလဲ။

အဲ့တာကို ကျနော် နားမလည်တာ။ ကျနော်ကလဲ အဲ့ဒီအချိန် မှာ သူတို့ကို မေးဖို့ အချိန်တွေကို မရလိုက် တော့ဘူး။ မရ လိုက်တော့ဘူး ဆိုတာက အဲ့တာလဲ အပြီး ကျနော်လဲ အဖမ်း ခံလိုက်ရတာပဲ ဆိုတော့ မေးဖို့လဲ မသိတော့ဘူး၊ အဲ့တာတွေလဲ မမေးနိုင်တော့ ဘူးပေါ့လေ။ နောက် အဲ့ဒီတုန်းက နာဂစ် ကိစ္စနဲ့ တအား လုံးထွေးနေတဲ့ အခါကြတော့ မဲပေးတဲ့ နေ့မှာ ကျနော့်နာမည် မပါဘူး ဆိုတော့ ‘အေး မပါဘူး ဆိုလဲ နေကွာ’ ဆိုပြီးတော့ မေးဖို့ စခန်းကိုကျနော် မရောက် ခဲ့တာ။ အခုအချိန် ကျတော့ ကျနော် ဘယ်သူ့မှ မေးလို့ ရတော့မှာ မဟုတ်ဘူး။ အဲ့လိုဖြစ်သွားတာ။

အဲ့ဒီအချိန်က မဲပေးခွင့် ရှိခဲ့မယ် ဆိုရင်ကော။

ကန့်ကွက်မဲ ပေးမှာ။ (ရယ်လျက်)

ဒီ ရွေးကောက်ပွဲ ပြီးသွားတော့ ကြံခိုင်ရေး ပါတီက အဓိက အနိုင်ရတယ်။ ပြီးတော့ အစိုးရဖွဲ့ တယ်ပေါ့နော်။ အဲ့ဒီ အပေါ်မှာကော မဲမထည့်လိုက်ရတဲ့ လူတယောက် အနေနဲ့ အကို့အမြင်က။

အဲ့တာပဲ။ ကျနော့်မဲ မပါတဲ့အတွက် ဒီမှာလုပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ ကျနော့်မဲမှ မပါပဲ။ ထို့နည်းတူ အစိုးရ အဖွဲ့က တခုခု အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ (ရယ်လျက်) ကျနော် တင်ထားတဲ့သူတွေ တယောက်မှ မဟုတ်ဘူးလို့ ကျနော်ပြောလို့ ရတာပေါ့။ ဒီသဘောပါပဲ။

အခုအစိုးရကတော့ ဒီမိုကရေစီစနစ်ကို ပြောင်းနေပြီလို့ ပြောတယ်။ အဲ့ဒီအပေါ်မှာကော ကိုဇာဂနာ ကြိုဆိုသလား။ ဘယ်လို အမြင်များ ရှိသလဲ။

အဲ့တာနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမိုကရေစီ စနစ်ကို စတင်ပြီးတော့ ကျနော်တို့ ပြောင်းလဲ နေပြီ ဆိုတဲ့ စကား အပေါ်မှာ ကျနော် ဝမ်းသာပါတယ်။ တကယ်လဲ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ လာတယ်လို့ ကျနော် ယုံကြည်တယ်။ ဒါလဲ ကျနော် ယုံကြည်ပါတယ်။ သို့သော် ပြောင်းလဲ လာတယ်လို့ ပိုပိုပြီး ယုံရအောင်၊ ကျနော်တို့တွေရဲ့ စိတ်ထဲမှာ ပိုပြီး ယုံစေချင်တယ်။ ကျနော်တို့က အခုထိ သံသယတွေ ရှိနေတယ်။ ကျနော် တို့ဆီမှာ မယုံကြည်နိုင်သေးတဲ့ စိတ်တွေ ရှိနေတယ်။ မယုံရာကနေ နည်းနည်း၊ နည်းနည်း ယုံလာတယ်။ ပိုပြီးတော့ ယုံရအောင်ဆိုရင် အစိုးရအနေနဲ့ လုပ်ပြဖို့လိုမယ်။ လုပ်ပြဖို့ ဆိုတာက အစိုးရကိုးဗျ၊ အစိုးရဆိုတာ ပြည်သူပြည်သား ယုံကြည်အောင် ပြည်သူပြည်သား ထောက်ခံအောင် ပိုပြီးတော့ လုပ်ပြစရာတွေ ရှိသေး တယ်လို့ ကျနော်ထင်တယ်။

ဥပမာတခုပေါ့ အနီးဆုံး ဥပမာဆိုရင် အကျဉ်းသားလွှတ်တဲ့ ကိစ္စမှာကို ဒီလိုမျိုး လုပ်လိုက်တဲ့ ကိစ္စက ကျနော်တို့ စိတ်ထဲမှာ ယုံရမှာကို မရဲဘူး။ မဝံ့မရဲဘူး ဖြစ်သွားပြီ၊ ယုံဖို့တောင် မရဲတဲ့ အဆင့်ဖြစ်သွားပြီ။ အဲ့တာမျိုးတွေ အစိုးရက လုပ်မယ် ဆိုရင်တော့ ကျနော်တို့ ယုံဖို့ခက်တယ်။ အဲ့တော့ ကျနော်တို့ကို ယုံစေ့ ချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်တန်းတန်း ဖြူးဖြူး ဖြောင့်ဖြောင့်လေး လုပ်ပေးကြ စေချင်တယ်။ တကယ့်ကို ပြောင်းလဲမှုကို မြင်ပါရစေလို့ ကျနော်ကတော့ တောင်းဆိုချင်တယ်။

အခု တဘက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ အကြိမ်ကြိမ် တွေ့တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ဖိတ်ပြီး သမ္မတ ဦးသိန်းစိန်တို့နဲ့ တွေ့တယ်။ ဒါတွေက တိုးတက် ပြောင်းလဲလာမှုလို့ ကိုဇာဂနာ ထင်လား။

တခုရှိတာကတော့နော်။ သမ္မတနဲ့ အန်တီနဲ့ တွေ့ပြီးတော့ ဘာတွေ ပြောတယ်ဆိုတာ ကျနော်တို့ မသိရတဲ့ အတွက်။ ဘာတွေ ပြောလဲ ဆိုတာ ကျနော်တို့ ပြန်ပြီး သိခွင့်မရတဲ့ အတွက် ဒါဟာ ဘယ်လို အနေအထားလဲ ဆိုတာ ဝေဖန်ဖို့ ခက်ပါတယ်။ သို့သော် တခုတော့ ရှိပါတယ်။ တွေ့တာ အတွက်ကတော့ ဒါကောင်းတာပေါ့။ ဒီဥစ္စာကတော့ တိုးတက်လာတဲ့ လက္ခဏာ ပြောင်းလဲလာတဲ့ လက္ခဏာလို့ ပြောရမယ်။ သို့သော် ကျနော် နည်းနည်းလေး ဖြည့်ချင်တယ်။ အဲ့တာက ဘာလဲဆိုတော့ မတွေ့တာထက် စာရင် တွေ့တာက ကောင်းတာပေါ့။ တွေ့ပြီးတော့ ဘာမှ မလုပ်တာထက် စာရင်တော့ မတွေ့ပဲနေတာက ကောင်းလိမ့်မယ်။

အခု ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တယ်။ ဒီအပေါ်မှာ တချို့က ဒေါ်အောင်ဆန်း စုကြည်ကို အစိုးရက အသုံးချနေတယ်လို့ ဝေဖန်တာလဲ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလဲ သူ့အနေနဲ့ တကယ်သာ တိုင်းပြည် ကောင်းမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့်ပဲလို့ ပြန်ဖြေ ထားတာလဲ ရှိပါတယ်။ ကိုဇာဂနာ့ ဘက်ကကော အန်တီစု လျှောက်နေတဲ့ လမ်းစဉ်နဲ့ လှုပ်ရှားမှုတွေ အပေါ် ဘယ်လို အမြင်များ ရှိသလဲ။

အဲ့တာကို နှစ်ခုတော့ ကျနော်ခွဲပြောရလိမ့်မယ် ထင်တယ်။ တစ်က အသုံးချခံနေရတယ်တို့ အသုံးချ နေတယ်တို့ ဆိုတဲ့ စကားအပေါ်မှာ ကျနော့် အနေနဲ့ ချက်ချင်း တုံ့ပြန်ချင်တဲ့ စကား တခွန်းရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ ကျနော် တို့က မျောက်လက်ထဲကို ရွှေထည့်လိုက်ရင် မျောက်က ရွှေတန်ဖိုးကို ဘာနားလည် မှာလဲ၊ ပန်းထိမ်ဆရာ လက်ထဲကို ထည့်မှ လက်စွပ်တွေ၊ လက်ကောက်တွေ ဖြစ်လာမှာပေါ့။ အဲ့တော့ အန်တီက အဲ့လို အသုံးချခံရမယ့် လူလား။ ရွှေတုံးကြီးကို မျောက်လက်ထဲ ထည့်လိုက်လို့လား။ အဲ့လိုတော့ ကျနော်မထင်ဘူး လေ။ တန်ဖိုးရှိတဲ့ ပန်းထိမ် ဆရာ လက်ထဲ ရောက်သွားတယ် ဆိုရင်တော့ ဒါကို အသုံးချ ခံရတယ်လို့ မယူဆရပါဘူး။ အန်တီက အဲ့လောက် ညံ့တဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါက တပိုင်းပေါ့။

နောက် ဒုတိယတပိုင်း အနေနဲ့ ပြောရမယ် ဆိုရင်တော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တဲ့ဆုံတဲ့ ကိစ္စက ဘယ်လိုနည်းနဲ့ မဆို ကန့်ကွက်စရာ တစက်မှ မရှိတဲ့ကိစ္စ။ မတွေ့တော့ ဘာလုပ်နေရမလဲ။ သမ္မတကြီး ဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တော့ကော ဘာဖြစ်လို့လဲ၊ ဘယ်သူတွေ အကျိုး ယုတ်လျော့လို့လဲ။ တိုးတက်ဖို့ လမ်းကြောင်းပဲရှိတာ။ ကျနော် ပြောဖူးတယ် အန်တီနဲ့၊ ဦးသိန်းစိန်နဲ့၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဦးခွန်ထွန်းဦးတို့လို လူတွေနဲ့ ဒီလူတွေ အကုန်လုံး ဝန်းဝိုင်းပြီးတော့ လီလီပန်းခင်းကြီးထဲမှာ ပြုံးပြီးတော့ ရပ်နေ ကြတာကြီးများ တွေ့လိုက်ရမယ့် မြင်ကွင်းကြီးကို ကျနော် ဆွဲနေခဲ့တာ ကြာပါပြီ။

သမ္မတ ဖိတ်ခေါ်ချက်အရ ပြည်ပကနေ ပြည်တွင်း ပြန်ဝင်တယ်။ အဲ့ဒီမှာ ကိုဇာဂနာရဲ့… သီးလေးသီးလေ… (ကိုဇာဂနာမှ ဝင်ထောက်ပေးသည်) ဟုတ်ကဲ့။ သူတို့က ပြည်တွင်း ပြန်ရောက် ပြီးတဲ့ အချိန်မှာ ပြည်ပ အတိုက်အခံ အဖွဲ့အစည်းတွေကို ဝေဖန်တာ လုပ်တယ်။ အဲ့တာတွေက ဟိုဘက်ဒီဘက် ပြောစရာ ဖြစ်လာတဲ့ အနေအထားမှာ ရှိနေတယ်။ အဲ့ဒီအပေါ်မှာ အကို့အမြင်က။

ကျနော် အဲ့ဒီဥစ္စာက မနေ့ကလဲ သူတို့ကို တရားဝင် ကျနော် ပြောခဲ့ပြီးပါပြီ။ ကျနော်က လက်မခံဘူး။ ကျနော့် အနေနဲ့ ကတော့။ ကျနော့် ညီတွေလို့ သတ်မှတ်ထားတဲ့ သီးလေးသီး၊ ဂေါ်ဇီလာ စသည်ဖြင့် အခုတော့ သီးလေးသီး မဟုတ်ဘူး ဒီမှာ ရောက်နေတာ သီးနှစ်သီးပေါ့။ ဒီသီးနှစ်သီးတို့ ဂေါ်ဇီလာတို့ဟာ ပြည်ပ ရောက်နေတဲ့ နိုင်ငံရေး အဖွဲ့ အစည်းတွေကို ဒီလိုမျိုး ပုတ်ပုတ်ခတ်ခတ်၊ ဒီလူတွေကို အမနာပ ပြောတယ် ဆိုတာကို ကျနော် ပြင်းပြင်း ထန်ထန် ရှုံချတယ်။ ရှေ့ဆက်ပြီး သူတို့ ပြောမယ် ဆိုရင်လဲ ကျနော်နဲ့ လက်တွဲ ဖြုတ်ဖို့ အဆင်သင့်ပဲ့။

အခု ၂၉ ရက်နေ့မှာ သူတို့ ကမယ်ဆိုတဲ့ ပွဲမှာလဲ ကျနော်တရားဝင် ပြောပြီးသား။ မကနဲ့လို့ ကျနော် မတားပါဘူး။ သီးလေးသီး ဆိုတဲ့ နာမည်ကို အသုံးပြုခွင့် ကျနော်တားတယ်။ သီးနှစ်သီးပဲ လုပ်ချင်လုပ်။ မြပုဏ္ဏမာ ဆိုတဲ့ နာမည်ကိုလဲ ကျနော် တားတယ်။ ကျနော်လုံးဝ ခွင့်မပြုနိုင်ဘူး။ သို့သော် အသီးလေးသီး ဆုံတယ် ဆိုရင်တော့ သီးလေးသီး ကပါ။ သို့သော် ထပ်ပြီးတော့ ကျနော် ပြောချင်တာက ပြည်ပ ရောက်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ပုတ်ပုတ် ခတ်ခတ်လုပ်တဲ့ စကားလုံး၊ ပုတ်ပုတ်ခတ်ခတ် လုပ်တဲ့ ပြက်လုံးတွေ ပြောလာမယ် ဆိုခဲ့ရင်တော့ ရပြီ၊ ကျနော့် ရာဇဝင်နဲ့ ကျနော့်သမိုင်းမှာ အဲ့ဒီနာမည်သုံးခု မရှိတော့ဘူး။ ကျနော်ဖျက်ပြီးသား ဖြစ်သွားပြီ။ ကျနော် တရားဝင် ပြောပြီးသား ဖြစ်တယ်။ ဒီစကားကို ကမ္ဘာသိ ကျနော် ကြေငြာ လိုက်တာပဲ။

ပြည်ပမှာ ကျန်နေခဲ့တဲ့ ကျန်တဲ့ နှစ်သီးက ကိုဇာဂနာ လွတ်တဲ့ အချိန်အထိ စောင့်မယ်လို့ အင်တာဗျူးတွေ မှာ ဖြေထားပါတယ်။ အခု ကိုဇာဂနာ လွတ်လာပြီဆိုတော့ သူတို့ကိုကော ဘာပြော ချင်ပါသလဲ။

မနက်ကတင် သူတို့နဲ့ ကျနော်တွေ့ပြီးပါပြီ။ ပန်းသီးနဲ့ ရော၊ကြယ်သီးနဲ့ရော၊ မြစပယ်ငုံနဲ့ရော မနက်ကတင် ကျနော် တော်တော် ကြာကြာလဲ စကားပြောပြီး ပါပြီ။ သီချင်းတွေ ဘာတွေ သူတို့ ဆိုပြတာလဲ ကျနော် နားထောင်ပြီးပြီ။ သူတို့ အနေနဲ့က ကျနော် ခေါ်မယ် ဆိုရင် ဒီနေ့ခေါ် ဒီနေ့ လာပါမယ်လို့ သူတို့ပြောတယ်။ တကယ်လို့ ကျနော်က ကျနော့် သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုမေတ္တာတို့၊ ကိုအရိုင်းတို့၊ ကိုကင်းကောင်တို့ ကိုငှက်ပျောကြော် တို့နဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ ကသာ ပွဲတပွဲ ကမယ်ဆိုရင်၊ ကျနော်တို့ ဦးဆောင်ပြီး လုပ်မယ်ဆိုရင် သူတို့ ပြန်လာပါ့မယ်လို့ ပြောထားပါတယ်။ အဲ့တော့ ကျနော်က ပွဲကနိုင်မယ့် အခြေအနေ ရောက်ရင်တော့ ဒီကလေးတွေကို ပြန်ခေါ်မှာပါ။ လောလော ဆယ်တော့ ဘာအစီအစဉ်မှ မရှိပဲနဲ့တော့ သူတို့ကို သက်သက်မဲ့ကြီး ကျနော် မခေါ်ချင်သေးဘူး။

ပြည်ပခရီးစဉ်တွေကော သွားဖို့ အစီအစဉ်ရှိလား။ ကိုဇာဂနာ့ မိသားစုတွေ အကုန်လုံး ပြည်ပမှာ ရောက်နေ ကြတော့ သွားလည်ဖို့ကော အစီအစဉ် ရှိလား။

ပတ်စပို့တ်ကို မရှိတာ။ ပြီးခဲ့တဲ့ အစိုးရလက်ထက် တောက်လျှောက် ကျနော် ပတ်စပို့တ် လျှောက်လွှာ တင်ခဲ့တိုင်း ကျနော့်ကို ပယ်ချပြီး ပတ်စပို့တ် လုံးဝ ထုတ်မပေးခဲ့တဲ့ အတွက် ကျနော့်မှာ ပတ်စပို့တ်ကို မရှိဘူး။ ကျနော် လောလောဆယ် နိုင်ငံခြားသွားဖို့ ဆိုတာ ပတ်စပို့တ် ရှိမှ ဖြစ်မှာကိုး။ အဲ့တော့ ကျနော် ပတ်စပို့တ်တော့ လျှောက်ချင်တယ်။ ကျနော့် မိသားစုကို တွေ့ဖို့ ဆိုတာက ဒုတိယ ဦးစားပေးပေါ့။ ပထမ ဦးစားပေးကတော့ ကျနော် လေ့လာ ချင်တာလေးတွေ ရှိတယ်။ အဲ့တာလေး တွေကိုတော့ ကျနော် သွားလေ့လာ ချင်သေးတယ်။ အဲ့အတွက်က နှစ်လ သုံးလလောက် ဖြစ်စေပေါ့။ ကျနော့် သူငယ်ချင်း တွေကိုလဲ ကျနော် မေးပြီးပါပြီ။ နိုင်ငံခြား ရောက်နေတဲ့ သူငယ်ချင်း တွေကိုပေါ့။ စာရေးဆရာ၊ ဆရာမတွေလဲရှိတယ် သူတို့တွေကို ကျနော် လေ့လာနိုင်တဲ့ ဟာလေးတွေပေါ့။ ဥပမာ မီဒီယာနဲ့ ပတ်သတ်တာမျိုးတွေ လေ့လာ ချင်တယ်။ ကျနော်ဝါသနာ ပါတာပေါ့နော်။ နောက်တော့ Public Relation နဲ့ ပတ်သတ် တာတွေ ကျနော် လေ့လာချင်တယ်။ အဲ့ဒီ ကျနော် လေ့လာချင်တာ လေးတွေကို တလ တန်သည် နှစ်လတန်သည် လေ့လာလို့ ရတယ်လို့ သူတို့က ပြောတော့ အဲ့လိုလေး သင်တန်းလေး သဘော၊ Workshop လေး သဘောတော့ ကျနော် သွားလေ့လာ ချင်တယ်။ ကျနော် ဘယ်နိုင်ငံမှ မရောက်ဖူးသေးတဲ့ အတွက် သွားချင်တာလဲ ပါတယ်။ ကျနော်တို့ တိုင်းပြည်အတွက် အကျိုး ရှိနိုင်မယ်လို့ ထင်တဲ့ သင်တန်းမျိုး ပေါ့နော်။ ကြာကြာကြီးတော့ မဖြစ်ဘူး။ ကျနော်ဒီမှာ အလုပ်တွေ ပျက်မယ်။ အဲ့လို နှစ်လတန်သည် သုံးလတန် သည် သွားလေ့လာပြီး သင်တန်းလေး ဘာလေး တက်ရမယ်ဆို တက်ချင်တယ်။

ဒီမိုကရေစီအစိုးရလို့လဲ ပြောထားတဲ့ အနေအထားတွေရှိတော့ ဒီတခေါက် ပတ်စပို့တ်တင်ရင် ခွင့်ပြုမယ်လို့ ထင်လား။

ကျနော်ကတော့ ထင်ပါတယ်။ ကျနော်ပြောလဲ ပြောထားတယ်။ ဘာကိစ္စနဲ့မှလဲ ကျနော့်ကို မပိတ်ထားသင့် တော့ဘူးလို့ ထင်ပါတယ်။ အရင်တုန်းက မသွားစေချင်လို့ ပိတ်ထားပေမယ့် အခုတော့ ပေးပြီးတော့ သွားမယ်လို့ ထင်ပါတယ်။ ကိုယ်မှ လျှောက်လွှာ မတင်ရ သေးတော့ မသိဘူးပေါ့။ သို့သော် ပေးမယ်လို့ ယုံကြည်ပါတယ်။ ကျနော် လျှောက်ကြည့်ဦးမယ်။

တက်ကြွတဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ တားမြစ်ခံရတာတို့၊ လာပြီး အသိပေးတာမျိုးတို့ မလုပ်ဖို့ တိုက်တွန်း တာမျိုးတို့ အဲ့ဒီလို မျိုးတွေ အကို ကြုံခဲ့ဖူးလား မသိဘူး။

မကြုံပါဘူး။ မကြုံဘူးဆိုတာက အဲ့လိုပြောလဲ နားထောင်မယ့်သူ မဟုတ်ဘူးလို့ သူတို့ ထင်ပုံရပါတယ်။ (ရယ်လျက်) မကြုံဖူးပါဘူး။ ပြောလဲ မပြောပါဘူး။

၂ဝဝ၈ မှာ စီရင်ချက် ချခံရတော့ အင်တာနက် အီးမေးလ်နဲ့ ပြည်ပရောက်တွေကို ဆက်သွယ်တဲ့ ပုဒ်မတွေပါတယ်။ အခု အင်တာနက် ပြန်သုံးမယ် ဆိုတော့ ဒီဥပဒေတွေ အပေါ်မှာ အကို့အနေနဲ့ ဘယ်လိုများ မြင်သလဲဗျ။

တခုတော့ရှိတယ်။ ကျနော်ကတော့ ဒီဟာက သုံးရမှာပဲ။ ဒီဟာကြောင့် အဖမ်းခံရတယ်ပဲ ဆိုဆို ဒီဟာကို ကျနော် သုံးရမှာပဲ။ နောက်တခုက ဒါမှမသုံးရင် ကျနော် ဘာသွားသုံးရမှာလဲ။ ကျနော့်မိတ်ဆွေတွေ၊ ကျနော့် သူငယ်ချင်းတွေ၊ နိုင်ငံခြား ရောက်နေတဲ့ သူတွေနဲ့ ကျနော့် ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်းက လူတွေနဲ့ ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ်၊ ဒီဟာမှ မရှိရင် ကျနော် ဘယ်လိုသွားပြီး ဆက်သွယ် ရမလဲ။ ဒီ့အတွက်ကြောင့် ကျနော်ကတော့ သုံးရမှာပဲ။ ဒီအပေါ်မှာ အပြစ်တွေ အကျဲတွေ လာလုပ်နေရင်လဲ ကျနော် ကတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး။

အခုက Facebook လို Social Networking Sites တွေ အရမ်း ဖွံ့ဖြိုးလာတယ်။ ပြည်တွင်းက လူတွေက သတင်း အချက်အလက် ပေးတဲ့ နေရာမှာကော၊ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေ အကြောင်း အသိပေးတဲ့ နေရာမှာကော ဒီဆိုက်တွေကို သုံးလာတယ်။ ကိုဇာဂနာကော အဲ့လိုဆိုက်တွေ သုံးဖို့ အစီအစဉ် ရှိလားမသိဘူး။

ကျနော် မနက်ကမှ ဖေ့စ်ဘွတ်ခ် မြင်ဖူးတာ။ အဲ့တော့ ကျနော် နည်းနည်း လေ့လာချင်သေးတယ်။ သုံးဖို့ အစီအစဉ် ရှိသလား ဆိုတော့ ဖေ့စ်ဘွတ်ခ်ကို ကျနော် သေသေချာချာ မလေ့လာနိုင် သေးဘူး။ ဂျီမေးလ် ကတော့ တောက်လျှောက် သုံးလာတဲ့ လူဖြစ်တဲ့ အတွက် ဒါကတော့ ပြဿနာ မရှိဘူး။ နောက်ပြီးတော့ ထောင်ထဲမှာ ကျနော် Social Network ဆိုတဲ့ ရုပ်ရှင်ကား ကြည့်လိုက်ရတယ်။ အဲ့လို ကြည့်လိုက်ရတော့ ဖေ့စ်ဘွတ်ခ်ကို ကျနော် တော်တော် စိတ်ဝင်စားတယ်။ သို့သော် ဖေ့စ်ဘွတ်ခ်ရဲ့ အားနည်းချက် အားသာချက် ကို ကျနော် မလေ့လာရသေးတဲ့ အတွက် သုံးဖြစ်မယ် မသုံးဖြစ်ဘူးတော့ ကျနော်အတိအကျ မပြောနိုင်သေးဘူး။ သို့သော် အခု ဖတ်ကြည့် လိုက်တော့ နည်းနည်း ကြောက်နေတယ်။ (ရယ်လျက်) ဘာလို့လဲဆိုတော့ ညစ်တီး ညစ်စုတ်တွေ လျှောက်ရေး ထားတယ်။ ဆဲဆဲ ဆိုဆိုတွေ။ အဲ့တာတွေ တွေ့တော့ သြော် ဒါမျိုးလဲ ရှိနေတာပါလားလို့ ထင်တယ်။ သို့သော် အတိအကျ ကျနော် မလေ့လာရသေးဘူး လို့ပဲ ပြောမှာပေါ့။

ကိုဇာဂနာသာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အဲ့ဒီနယ်မှာတော့ ပြိုင်ရဲမယ့်သူ ရှိမှာ မဟုတ်ဘူး ထင်တယ်။ အဲ့ဒီလို ရွေးကောက်ပွဲ ဝင်ဖို့ အစီအစဉ်တွေ ဘာတွေများ ရှိမလားခင်ဗျ။

လောလောဆယ် အခြေအနေမှာတော့ အဲ့ဒီအစီအစဉ် ကျနော့်မှာ မရှိပါဘူး။ တကယ်ကို လွှတ်တော်ထဲ သွားနိုင်မယ့် ရွေးကောက်ပွဲ ဝင်နိုင်မယ့် သူတွေပေါ့။ နောင်တော့လဲ ကြုံလာရဦးမှာပါ။ အဲ့ဒီလူတွေကို လွှတ်တော်ထဲ ပို့ဖို့။ တကယ့် ပြည်သူ့အကျိုး သယ်ပိုး နိုင်တဲ့သူတွေကို လိုက်လံရှာဖွေဖို့။ ဘယ်လိုခေါ်မလဲဗျာ ဘောလုံး စကားနဲ့ ပြော ရင် အာဆင်နယ်မှာ ကင်းထောက် ထားတယ် မဟုတ်လား။ အဲ့လိုပေါ့ ကျနော်ကလဲ နိုင်ငံရေးသမား ကင်းထောက် လုပ်ချင်တာ။ ကျနော် အဲ့ဒီ လွှတ်တော်ထဲ ဝင်ပြီး အမတ် လုပ်ချင်တဲ့သူ မဟုတ်ဘူး။ ဘောလုံးသမားတွေ လိုက်ရှာတဲ့ ကင်းထောက် သမားတွေလို ကျနော်က နိုင်ငံရေး သမားတွေ လိုက်ရှာတဲ့ ကင်းထောက် ကျနော်လုပ်ချင်တယ်။

ကိုဇာဂနာတော့ လွတ်ပြီ။ ထောင်ထဲမှာတော့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေ အများကြီး ကျန်သေးတယ်။ သူတို့ကိုကော အကိုဘာများ ပြောချင်မလဲ။

ထောင်ထဲက သူတွေကိုတော့ စိတ်ဓါတ်မကျ ကြပါနဲ့ဦး၊ အလံမလှဲ ကြပါနဲ့ဦးလို့။ ကျနော်တို့ သူတို့ကို ဘယ်တော့မှ မေ့သွားမယ့် သူတွေမှ မဟုတ်တာ။ သူတို့လဲ မကြာခင် အတော အတွင်းမှာ ဧကန်မုချ မိသားစု ရင်ခွင်ထဲကို ပြန်ရောက် လာကြမှာလို့ ကျနော် ယုံကြည်တယ်။ သူတို့ ကိုလဲ ယုံကြည်စေ့ ချင်တယ်။ အလွန်ဆုံး ဒီနှစ် မကုန်စေ ရဘူးလို့ ကျနော်ပြောချင်တယ်။ ဒီဟာကိုလဲ ဖြစ်အောင် ကျနော်တို့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ လုပ်သွားမယ်လို့ ဆုံးဖြတ် ထားတယ်။

ကိုဇာဂနာကို အနုပညာလုပ်ငန်းတွေ မလုပ်ဖို့ တားမြစ်ထားတာ ရှိသေးလား။

ကျနော် ထောင်ထဲ မရောက်ခင် ၂ဝဝ၆ ခုနှစ်ကတည်းက ကျနော့်ကို အနုပညာ လုပ်ငန်း လုပ်ခွင့် ပိတ်ကို ပိတ်ထားတယ်။ တရားဝင် ပိတ်ထားတယ်။ သူတို့ စာထုတ်ပြီး ပိတ်ထားတာ။ ကျနော့်ကို အဲ့ဒီတုန်း ကတည်းက နာမည်တောင် သုံးခွင့် မပြုဘူး။ ဘယ်ဂျာနယ်၊ ဘယ်စာစောင်မှာမှ မထည့်ရဘူး။ ကျနော့် အသံတောင် မသုံးရဘူးလို့ ဆိုပြီးတော့ သူတို့ အမိန့် ထုတ်ထားတယ်။ အခုကျနော် ထောင်က ထွက်လာတော့ ကျနော်ပုံတွေ ဂျာနယ်တွေတိုင်းမှာ မျက်နှာဖုံး အနေနဲ့ ပါလာတဲ့ အခါကျတော့ ဒါတွေက ပြီးသွားပြီလား မပြီးသေးဘူးလား ကျနော်မသိဘူး။ ခွင့်ပြုလိုက်ပြီလား၊ ခွင့်မပြု သေးဘူးလား ဆိုတာလဲ ကျနော် မမေးရသေး ဘူး။ ကျနော့်ကိုလဲ ဘာမှ အကြောင်း မကြားသေးတဲ့ အတွက် တိတိကျကျ ကျနော် မသိရသေးပါဘူး။ သို့သော် ကျနော့် အနေနဲ့ကတော့ ကျနော့်ရဲ့ အနုပညာကို ဘယ်သူခွင့်ပြုပြု မပြုပြု ဘာမှ ဖြစ်မသွားဘူးလို့ ထင်တယ်။ ကျနော့် အနုပညာက ကျနော် အသက် ရှင်နေသလောက် သူလဲ ရှင်သန်နေမှာပဲ။

ရှေ့လျှောက် အနုပညာရယ်၊ လူမှုရေး လုပ်ငန်းတွေရယ်၊ နိုင်ငံရေးရယ် ဘယ်ဟာကို ဦးစားပေး လုပ်သွားမလဲ ခင်ဗျ။

လတ်တလော အခြေအနေမှာ၊ လောလောဆယ် ဒီစကားကို ပြောနေတဲ့ အချိန်မှာတော့ ပထမ ဦးစားပေးက နိုင်ငံရေးပဲ။ နိုင်ငံရေး ပြီးရင်တော့ ဒုတိယ ဦးစားပေးက အနုပညာပဲ။ လူမှုရေး ဆိုတာကတော့ သူ့ဘာသာသူ တွဲပါသွားပါလိမ့်မယ် ဒီထဲမှာပဲ။

ကိုဇာဂနာကို လွှတ်ပေးလိုက်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အိန္ဒိယနိုင်ငံကို ရောက်နေ ပါတယ်။ အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့မှာ အခြေစိုက်တဲ့ မဇ္ဈိမ သတင်းဌာနက တဆင့် ကိုဇာဂနာ ဘာများ ပြောချင်မလဲ။

သမ္မတကြီး… လို့ ။ အိန္ဒိယ ရောက်ရင် ချာပါတီ စားပါလို့။ အာလူးပူရီ မစားပါနဲ့…လို့ ကျနော် ပြောချင်ပါတယ်။

ဘာဖြစ်လို့များလဲ။

ပါသွားပြီလေ။ ဟဲ…ဟဲ…ဟဲ… (ရယ်မောလျက်)

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့