..............................

Friday, October 29, 2010

လမ်းခင်းတာ ကြံ့ဖွံ့မဟုတ်ပါဟု ဦးဌေးဦး ငြင်းဆို

မျိုးချစ်သူ
၂၈ အောက်တိုဘာ ၂၀၁၀

ရန်ကုန်လမ်းများကို ကြံ့ဖွံပါတီမှ ခင်းခြင်းမဟုတ်ဘဲ ရန်ကုန်စည်ပင်မှ ခင်းခြင်းသာ ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

၎င်းက “လမ်းတွေကို စည်ပင်က ခင်းတာလေ” ဟု ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံပလာဇာအနီးရှိ ကြံ့ဖွံ့ပါတီရုံးချုပ်တွင် အောက်တိုဘာ (၂၇) ရက်၊ ယမန်နေ့ မွန်းလွဲ (၂) နာရီ ကျော်တွင် ကြံ့ဖွံ့ပါတီမှ အထွေထွေ အတွင်းရေးမှူး၊ လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီး ဦးဌေးဦးနှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့က ပြည်တွင်းပြည်ပ သတင်းစာ ဆရာများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ ပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံမှုတွင် မီဒီယာများက ရန်ကုန်တွင် ခင်းနေသော လမ်းများကို ရန်ကုန်စည်ပင်မှ ခင်းခြင်းလော၊ ကြံ့ဖွံပါတီမှ ခင်းခြင်းလော ဆိုသည်ကို ကွဲကွဲပြားပြား သိလိုသောကြောင့် မေးမြန်းရာတွင် မြို့တော်ဝန်က မဖြေလိုကြောင်း ပြောသောကြောင့် ဦးဌေးဦးက မြို့တော်ဝန်အစား ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့နေရာအနှံ့ လမ်းများကို ကြံ့ဖွံပါတီက ရန်ကုန်စည်ပင်နှင့်ပေါင်းကာ ခင်းပေးလျက်ရှိပြီး လမ်းခင်းပြီးပါက လမ်းထိပ်တို့တွင် ကြံ့ဖွံ့ပါတီမှ ခင်းပေးကြောင်း ကမ္ဗည်း ထိုးထားသည်ကိုလည်း တွေ့ရကြောင်း ရန်ကုန်မြို့ခံတို့က ပြောသည်။

“လမ်းထိပ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အခမဲ့ခင်းပေးတယ် ဆိုတာပါတယ်၊ ကျမတို့ မြို့နယ်မှာ အများကြီးပဲ တွေ့တယ်၊ ပါတီ အမှတ်အသားနဲ့ သေသေချာချာ လုပ်ထားတာလေ၊ သူတို့က အဲဒါ မဲဆွယ်တာပေါ့” ဟု စမ်းချောင်းမြို့နယ် ဗဟိုလမ်းနေသူ တဦးက ပြောသည်။

ရန်ကုန်လမ်းများကို ရန်ကုန်စည်ပင်က ခင်းရမည့်အစား ကြံ့ဖွံပါတီက ခင်းပေးနေခြင်းသည် ပါတီ အနေဖြင့် ပြည်သူများအား မဲဆွယ် လို၍သာ ခင်းပေးနေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံတို့က ပြောဆိုကြသည်။

“သူတို့က စေတနာနဲ့လုပ်တာမှ မဟုတ်တာ၊ အကျိုးလိုလို့ ညောင်ရေလောင်းတာပဲလေ၊ အမှန်ဆိုရင် ရန်ကုန် လမ်းတွေက ပျက်နေတာ ကြာပေါ့၊ စည်ပင်အလုပ်ကို စည်ပင်လုပ်ပေါ့၊ တသက်လုံးက မလုပ်ခဲ့တဲ့ လမ်းတွေကို အခုမှ လာပြီးတော့ ကြံ့ဖွံ့က လုပ်နေတယ် ဆိုတာ အဖြေက ရှင်းနေတာပဲ” ဟု ပုစွန်တောင်မြို့နယ် ရေကျော် လမ်းမတွင်နေသူ ပြည်သူတဦးက ပြောသည်။

ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်ဖြစ်သော မော်နီတာ သတင်းဂျာနယ်တွင် ပြီးခဲ့သည့် (၃) ပတ်ခန့်က ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်ရှိ လမ်းများကို ပြည်ခိုင်ဖြိုး( ကြံ့ဖွံ့ပါတီ) ပါတီက ခင်းနေခြင်းဖြစ်ကြောင်း၊ ပါတီဝင်များက လုပ်အား ပေးကြကြောင်း၊ အခကြေးငွေ ပေးရန် မလိုကြောင်း၊ လမ်းခင်းရန် လိုအပ်သော ပစ္စည်းများကို ရန်ကုန်စည်ပင်က ကူညီကြောင်း ပြောဆိုထားမှုကို ဝေေ၀ဆာဆာ ဖော်ပြခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့