..............................

Friday, October 29, 2010

ကရင်ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက် အရွေးခံမည်

ရဲရင့်
၂၈ အောက်တိုဘာ ၂၀၁၀

ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဘုရားကုန်း) ၏ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးးကောက်ပွဲတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။

ဘန်ကောက်နှင့်ရန်ကုန် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် အဆိုပါပုဂ္ဂိုလ်က “ဒီ လာမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ အဖိုးကြီး ပြည်ခိုင်ဖြိုး ပါတီကနေ ၀င်ရမယ်။ သူ့ကို အထက်ကလည်း ၀င်ဖို့ တိုက်တွန်းထားတော့ ဘယ်လိုမှ ငြင်းလို့မရဘူး။ အခု မဲစည်းရုံးရေးတွေ စလုပ်နေပြီ၊ ပိုက်ဆံကတော့ သိန်းထောင်ချီပြီး ကုန်ဖို့ရှိတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးသည် မဲစည်ရုံးရေးအတွက် ကျပ်သိန်း (၁၀၀) သာ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ် ပေးထားသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပဒိုအောင်ဆန်း အသုံးပြုနေသည့် ငွေကြေး ပမာဏမှာ ယခုလ ရက်ပိုင်းအတွင်း ကျပ်သိန်း (၄၀၀) ကျော်သွားပြီ ဟုလည်း ၎င်းက ပြောသည်။

ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း ပဒိုအောင်ဆန်း၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေနပ်မှု မရှိကြကြောင်း သိရသည်။

ဒီကေဘီအေအဖွဲ့မှ အသွင်ပြောင်းပြီးနောက် ဖွဲ့စည်းလိုက်သော ဦးသာထူးကျော် ဦးဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ (KSDDP) မှ ပါတီဝင် တဦးက “ပဒိုအောင်ဆန်းအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကရင်ပါတီ တခုခုမှာ ၀င်လို့ရပါတယ်။ ကျနော်တို့ပါတီ အပါအ၀င်သူ့ကို တခြား ကရင်ပါတီတွေက ခေါ်ပါတယ်၊ သူလက်မခံဘူး။ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အားလုံး စိတ်ပျက် နေကြပေမယ့် ဘာတတ်နိုင်ကြမှာလဲ။ သူက အစိုးရပါတီကိုပဲ အထင်ကြီးတာကိုး” ဟု ပြောသည်။

ဒီကေဘီအေ ဥက္ကဌ ဦးသာထူးကျော်သည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ကိုယ်စားလှယ် အဖြစ် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အမှတ် (၁) တွင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် အရွေးခံမည် ဖြစ်သည်။

စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးက “ ဒီကေဘီအေက ပါတီ ထောင်ပြီး ရွေးကောက်ပွဲ ၀င်မယ့် သာထူးကျော် အဖွဲ့ပဲ ဖြစ်ဖြစ် ပဒိုအောင်ဆန်းပဲ ဖြစ်ဖြစ် အားလုံး အခွင့်အရေး သမားတွေကြီးပဲ။ အမျိုးသားအကျိုး လုံးဝမပါဘူး၊ ငါတို့အဖွဲ့ကတော့ ဒီရွေးကောက်ပွဲကို အရင်ထဲကကို လက်မခံခဲ့ဘူး၊ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ဌာနေပြည်သူ့စစ်လည်း မလုပ်ဘူးဆိုတာ အစထဲက ပြောထားပြီးသား” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပဒိုအောင်ဆန်းထံသို့ မေးမြန်းရန် ဖုံးဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုံးလိုင်းများ ပိတ်ထားသဖြင့် ခေါ်ဆို၍မရပေ။

ပဒိုအောင်ဆန်းနှင့်အတူ ယခင်က ကေအန်ယူ ဗဟိုသစ်တောတွင် ပူးတွဲတာဝန်ယူခဲ့သည့် ကေအန်ယူမှ ပဒိုစောအားတိုးက “ကရင်အမျိုးသား အတွက် သူလုပ်နေတာ မဟုတ်ဘူး။ သူ့ကိုယ်ကျိုးအတွက် သူလုပ်နေတာ ဆိုတော့ ဒီလို လူမျိုးနဲ့ပတ်သက်ပြီး ဘာမှ အထွေအထူး ပြောဖို့ မရှိဘူး” ဟု ဆိုသည်။

ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စသည့် မြို့နယ်များတွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ဖလုံစဝေါ် ကရင်ပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီများ အဓိက ယှဉ်ပြိုင်ကြမည်ဟု ဖလုံစဝေါ် ကရင်ပါတီဝင် တဦးက ပြောသည်။

ပဒိုအောင်ဆန်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွင် သစ်တောရေးရာဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တပ်သား (၂၈) ဦးနှင့်အတူ ကေအန်ယူမှ ခွဲထွက်ကာ နအဖနှင့် သွားရောက် ပူးပေါင်းခဲ့သည်။ ဒီကေဘီအေ အဖွဲ့၏ နာယက ဆရာတော် ဖြစ်သည့် ဦးသုဇနမှာ ပဒိုအောင်ဆန်းနှင့် ညီအကိုဝမ်းကွဲ တော်စပ်သူလည်း ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ပဒိုအောင်ဆန်း ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည် ဆိုသည်မှာ ဟုတ်မှန်ကြောင်း ထိုပါတီ၏ တာဝန်ရှိသူ တဦးက ပြည်တွင်း မီဒီယာများ မှတဆင့် သတင်း ထုတ်ပြန်ခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့