..............................

Monday, October 25, 2010

ထိပ်တိုက်တွေ့နေတဲ့ တွေးခေါ်မှုနှစ်ရပ်

ရဲဘော်ဖိုးသံချောင်း

၂၂ အောက်တိုဘာ ၂၀၁၀

ဒီနေ့ မြန်မာပြည်နိုင်ငံရေးဇာတ်ခုံမှာ တွေးခေါ်မှုနှစ်ရပ်နဲ့ ပဋိပက္ခကို အထင်ရှား တွေ့နေရပါတယ်။

လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခဆိုတာ အများကြီးရှိတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အချိန်အခါလိုက်လို့ တခုသော ပဋိပက္ခဟာ အဓိက ရှေ့တန်း ရောက်နေတတ်ပါတယ်။ ဒါဟာ တရားပါ။ အခုလည်း မြန်မာပြည် နိုင်ငံရေး တွေးခေါ်မှုတွေ ထဲမှာ အဓိက ရှေ့တန်း ရောက်နေတဲ့ ပဋိပက္ခတွေထဲမှာ စစ်အုပ်စု အုပ်စိုးမှုအောက်မှာ ဆက်လက်လုပ် ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက် ကောင်းမွန်အောင် လုပ်လို့ ရတယ်ဆိုတဲ့ တွေးခေါ်မှုနဲ့ စစ်အုပ်စု အုပ်စိုးမှုအောက်မှာ ဆက်ပြီး သွားနေလို့ကတော့ တိုင်းပြည်ဟာ တိုးတက် ကောင်းမွန်လာမှာ မဟုတ်ဘူးဆိုတဲ့ တွေးခေါ်မှုတို့ရဲ့ ပဋိပက္ခဟာ အဓိက ဆုံချက်ဖြစ်ပါတယ်။

မှန်ပါတယ်။ ဒီနေ့တည်ရှိနေတဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အထက်မှာပြောဆို ခဲ့တဲ့ စကားလုံးတွေ အတိုင်း ဒီအတွေး အခေါ်တွေကို ဖော်ပြတာ၊ ပြောဆိုတာ မဟုတ်ပါဘူး။ ကိုယ့်နည်းနဲ့ကိုယ် ဖော်ပြကြတာ ဖြစ်ပါတယ်။ တချို့က ဒီအတိုင်း တိုက်ရိုက်ပြောမယ်၊ တချို့က ကွေ့ပတ်ပြောမယ်၊ တချို့က သကာလူးပြီး ပြောမယ်၊ တချို့က စောင်းပါးရိပ်ခြေ ပြောမယ်။ အလားတူပဲ နအဖ စစ်အစိုးရရဲ့ ဒီမိုကရေစီ အောက်မှာ ဒုတိယ အမျိုးအစား အတွေးအခေါ် ရှိသူတွေကတော့ ကိုယ့်အနေအထားနဲ့ကိုယ် သတိထား ပြောကြရပါတယ်။ သဘာဝကျစွာပဲ ပြည်တွင်းမှာ နေသူနဲ့ ပြည်ပမှာ နေသူတို့ဟာလည်း ပြောကြားပုံ၊ တင်ပြပုံတွေ ခြားနားကြပါတယ်။

စစ်အစိုးရလက်အောက်မှာ ဆက်လက်လုပ်ကိုင်သွားရင်း တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် လုပ်သွားနိုင်မယ် ဆိုတဲ့ တွေးခေါ်နည်းကို ကိုင်စွဲထားသူတွေ ထဲမှာ “အမျိုးသား နိုင်ငံရေးမှာ တပ်မတော်၏ ဦးဆောင်မှုအခန်း” ဆိုတာကို တင်နေကြသူတွေ၊ “၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီ အတွက် အာမခံချက်တွေ အပြည့်အစုံ မပါပေမယ့် တဖြည်းဖြည်းချင်း ပြုပြင်ယူသွားမယ်” လို့ဆိုသူတွေ၊ “ခြေတလှမ်းရရ၊ နှစ်လှမ်းရရ ယူထားရမယ်” လို့ ဆိုသူတွေ၊ “ဒီအချိန်မှာ လူထု တိုက်ပွဲစကား ပြောသူတွေဟာ မိုက်ရူးရဲတွေ၊ နိုင်ငံရေး သူငယ်နာ မစင်သူတွေ” လို့ ပြောနေသူတွေ၊ “အခြား အစားထိုးစရာ နည်းလမ်းတွေ မရှိဘဲ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် လေလုံးထွားခြင်းသာ ဖြစ်သည်” လို့ဆိုသူတွေ၊ လေမတူသော်လည်း အခြေခံ စိတ်သဘောထား တူသူတွေ အားလုံး ပါဝင်ပါတယ်။ ဒီနေရာမှာ စိတ်သဘောထား ဆိုတာက လာတော့မယ့် ရွေးကောက်ပွဲကို ထောက်ခံတာကို ဆိုလာတာဖြစ်ပါတယ်။

တဖက်မှာကတော့ နအဖ ဒီလိုလုပ်နေပုံမျိုးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာရဲ့ အောက်မှာဖြစ်စေ၊ ရွေးကောက်ပွဲက တဆင့်ပဲဖြစ်စေ၊ တခြား ဘယ်နည်းနဲ့ပဲဖြစ်စေ ဆက်လက် လုပ်ဆောင်သွားတာကို ဆန့်ကျင်သူတွေ ဖြစ်ပါတယ်။ မြန်မာပြည်ကို စစ်အုပ်စုရဲ့ အရိပ်သြဇာ အောက်က လုံးဝ လွတ်ကင်းတဲ့ အစိုးရတရပ် ပေါ်ထွက်ရေး အတွက် လုံးပန်းရမယ်လို့ ဆိုသူတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဒါကို ပြည်ပမှာ နေထိုင်သူတွေသာ ဒီအတိုင်း တိုက်ရိုက် ပြောဆို နိုင်ကြပါတယ်။ ပြည်တွင်းမှာ နေတဲ့ လူတွေကတော့ အမြီးရှိတဲ့လူတွေ ရိပ်မိကြနော် ဆိုတာမျိုးလောက်ပဲ အလွန်ဆုံး ပြောနိုင်ပါတယ်။

အခုတင်ပြနေတာဟာ တွေးခေါ်မှုပြဿနာဖြစ်ပါတယ်။ သာမန်အယူအဆတခုကိစ္စကို ပြောတာ မဟုတ်ပါဘူး။ ပိုမိုနက်ရှိုင်းစွာ အမြစ် တွယ်နေတဲ့ဟာ ဖြစ်ပါတယ်။ နောက်ပြီး အယူအဆ အားလုံးတို့ရဲ့ အခြေခံ အစပြုရာလည်း ဖြစ်ပါတယ်။ လူရဲ့ တွေးခေါ်မှု ဆိုတာ သူချည်းသီးခြား တည်ရှိနေတာ မဟုတ်ပါဘူး။ နောက်ခံသမိုင်း၊ မြစ်ဖျားခံရာ စသဖြင့် ရှိပါတယ်။ ဒီနေရာမှာတော့ အဲဒီအထိ တင်ပြဆွေးနွေးဖို့ မသင့်သေးဘူးထင်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်နေတာတွေကိုပဲ တင်ပြသွားပါမယ်။

ဒီတွေးခေါ်မှုနှစ်မျိုးရဲ့ ဆုံချက်နေရာဟာ နအဖရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပြီး အယူအဆအရ အခြေခံအားဖြင့် ညှိမရတာဟာ မြန်မာပြည် နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဆိုတာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီနေ့ နိုင်ငံရေးရဲ့စံ၊ မှတ်ကျောက်လို့ ဆိုရင် မမှားဘူး ထင်ပါတယ်။

အခုအခါမှာ အဖွဲ့အစည်းဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးချင်းဖြစ်စေ နိုင်ငံရေးစကားတွေ ဝေအောင်ပြော နေကြပါတယ်။ လူကြား ကောင်းမယ့် ဝေါဟာရ မှန်သမျှလိုလိုကို အသုံးပြု နေကြတာပါ။ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဈေးကွက် စီးပွားရေး၊ ဒီမိုကရေစီရေး” စတာတွေကို လိုလား ထောက်ခံပါကြောင်း အဖွဲ့အစည်းတိုင်း၊ လူတိုင်းလိုလိုပဲ ပြောကြ ရေးကြပါတယ်။ ဒါပေမယ့် အဲဒီ အသံရှင်တွေကို အထက်က စံ-မှတ်ကျောက်နဲ့ တင်ကြည့်လိုက်ရင် ဘီလူးစည်း လူ့စည်း ကွဲသွားတာ တွေ့ရပါမယ်။ အဲဒီကိစ္စတွေအပေါ် ဘယ်လို သဘောထားသလဲလို့ ဖြေခိုင်းလိုက်ရင် ရပ်တည်ချက်အမှန်ဟာ ပေါ်ထွက်လာမှာပါ။

မြန်မာပြည်နိုင်ငံရေးမှာက နိုင်ငံရေးဝေါဟာရတွေကို လက်တလုံးခြားအသုံးချကြတဲ့ အစဉ်အလာ သာမက လူနာမည်၊ အမှတ်အသား စတာတွေကိုလည်း ကိုယ့်အတွက်၊ ကိုယ့်ပါတီအတွက် အသုံးချလေ့ ရှိတာဟာ လွတ်လပ်ရေးရပြီး ကတည်းကလို့ ဆိုရမလိုပါပဲ။ ဖဆပလတွေဟာ ရွေးကောက်ပွဲ ၀င်တဲ့ အခါမှာ မဲပုံးပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို တင်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကို အသုံးချပြီး မဲတောင်းတာပါ။ ဒါကြောင့်မို့ အဲဒီတုန်းက သင်္ကြန်တခုမှာ သံချပ် ထိုးကြတော့ “ဗိုလ်ချုပ်အောင်ဆန်း သနားစရာ-သူ့ခမျာ မဲပုံးတံဆိပ်” လို့ အော်တာ ကြားခဲ့ရဖူးပါတယ်။ အလားတူပဲ ဒီတခါ နအဖရဲ့ ရွေးကောက်ပွဲမှာလည်း ခမောက်တံဆိပ်ကို မောင်ပိုင် စီးချင်တာ၊ မြန်မာ တမျိုးသားလုံးက ပိုင်ဆိုင်တဲ့ ခွပ်ဒေါင်း အလံကိုတောင်မှ ကိုယ်မဲရရေး အတွက် မဲပုံးတံဆိပ်အဖြစ် အသုံးချချင်တာ စတဲ့ မရိုးသားတဲ့ ကြံစည်မှုတွေကို တွေ့ရတယ် မဟုတ်ပါလား။ ဒါတင်မက တချို့ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လမ်းခွဲခဲ့ပြီး တာတောင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်နဲ့ ဂုဏ်ကို အသုံးချနိုင်အောင် ပြောဆိုနေတာလည်း ကြားရပါတယ်။ ဒီတော့ သူတို့ဘာသာသူတို့ ဘာခမောက်ပဲ ဆောင်းဆောင်း၊ ဘာအလံပဲထူထူ အထက်ကကိစ္စတွေ အပေါ် ဘယ်လို သဘောထားသလဲလို့ မေးလိုက်ရင် သဲကွဲသွားမှာပါ။

ထပ်ပြောပါမယ်။ ပထမအမျိုးအစားတွေးခေါ်မှုကို နအဖစစ်အုပ်စုထိပ်သီးတွေက လက်ခံသဘောကျ ပါတယ်။ ဒါပေမယ့် ဒုတိယ အမျိုးအစား တွေးခေါ်မှုကိုတော့ သူတို့က အကြီးအကျယ် မုန်းတီး ဆန့်ကျင်ပါတယ်။ ဒီလို နအဖ ထိပ်သီးတွေရဲ့ သဘောထားကိုက ဒီ စံ၊ မှတ်ကျောက်ကို အတည်ပြု နေတာလို့ပြောရင် ရမယ်ထင်ပါတယ်။

စိတ်ပျက်စရာကောင်းတာက ပထမအမျိုးအစား တွေးခေါ်မှုရှိသူတချို့က ဒီနေ့နိုင်ငံရေးမှာ ပြည်သူလူထုကို လိမ်လို့ ရနိုင်မယ်လို့ ထင်နေကြတာပါပဲ။ လိမ်လို့မရမှန်း သူတို့သိတဲ့ အခါကျတော့ ကိစ္စတွေက နောက်ကျကုန်ပြီ ဆိုတာကို တွေ့ကြရပါလိမ့်မယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့