..............................

Friday, October 29, 2010

အန်ဒီအက်ဖ်၏ မဲဆွယ်ဆိုင်းဘုတ် ကြံ့ဖွံ့ဖြုတ်

ခိုင်လင်း / ၂၈ အောက်တိုဘာ ၂၀၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်အမတ်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) မှ ကိုယ်စားလှယ်လောင်း ဦးမာခါး၏ မဲဆွယ် ဆိုင်းဘုတ်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က ဖြုတ်ယူကြောင်း သက်သေများ ရရှိထားသဖြင့် ဦးမာခါးက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန်နေ့က တိုင်ကြားလိုက်သည်။

မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ (၁ဝ) မိုင်ကျေးရွာတွင် ချိတ်ဆွဲထားသည့် ဦးမာခါး၏မဲဆွယ် ဆိုင်းဘုတ်ကို ကြံ့ဖွံ့ပါတီ နောင်နန်းတိုက်နယ် တွဲဖက် စည်းရုံးရေးမှူးဖြစ်သည့် ဦးလှမြင့်နှင့် ဦးမျိုးဇော်ထွန်းတို့က အောက်တိုဘာ (၂၅) ရက်နေ့တွင် ဖြုတ်ယူသွားကြောင်း သက်သေများ ရရှိထားသဖြင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ စာတင် ထားသည်ဟု ဦးမာခါးက ပြောသည်။

၎င်းက “မနေ့ကပဲ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်လိုက်ပါတယ်၊ မိတ္တူကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ခရိုင် ကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဌာနချုပ်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ မြစ်ကြီးနားမြို့နယ်ရုံးနဲ့ ဦးလှမြင့်ဆိုတဲ့ ကျနော်ရဲ့ဆိုင်းဘုတ်ကို ပြုမူတဲ့သူ၊ သူတို့ကိုလည်း ပို့ထားတာပါ။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနဲ့ စကားပြောတဲ့ခါမှာ သူက “ခင်ဗျား အထက်ကို စာတင်ထားတဲ့ အတွက် အထက်က ညွန်ကြားမှု လာရင်တော့ ညွန်ကြားချက်တိုင်း ဆောင်ရွက် ပေးပါမယ်ဆိုပြီး ပြောခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အောက်တိုဘာ (၉) ရက်နေ့တွင် အန်ဒီအက်ဖ်ပါတီ ရုံးခွဲကို မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှ စ၍ မဲဆွယ် ဆိုင်းဘုတ်များကို မြစ်ကြီးနား မြို့နယ်အတွင်း အရေအတွက် (၆ဝ) ခုခန့် ကပ်ထားခဲ့ရာ ပျောက်ဆုံးမှုနှင့် ဖျက်ဆီးခံရမှုများ ရှိနေကြောင်း ဦးမာခါးက ပြောသည်။

၎င်းက “ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေကို စာတင်ပြီး ခွင့်ပြုချက်နဲ့ ဆိုင်းဘုတ်တွေကို ကပ်ခဲ့တာပါ။ ဆိုင်းဘုတ် (၅ဝ) ကျော် (၆ဝ) လောက် ကပ်ထားတယ်။ လူတွေ မြင်တွေ့နိုင်တဲ့ နေရာတွေ၊ သစ်ပင်ပေါ်မှာ ခိုင်ခိုင်မာမာ လုပ်ထားတဲ့ ဟာတွေပါ။ အဲဒီထဲက (၂) ခု ဖျက်ဆီးခံရတယ်။ အားလုံး (၁ဝ) ခု ပျောက်ဆုံး နေတာပါ။ အမှန်ကတော့ မလုပ်ကောင်းတဲ့ အရာတွေပါ။ ပါတီ အနေနဲ့၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့ နည်းဥပဒေ အတိုင်း ဆောင်ရွက်နေတဲ့ အတွက် ဒီလို လုပ်ဆောင်တယ် ဆိုတာက လုံးဝ မဖြစ်သင့်တဲ့ အရာပဲလို့ မြင်ပါတယ်” ဟု ပြောသည်။

မဲဆွယ်ဆိုင်းဘုတ်ပေါ်တွင် မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမာခါးဆိုသည့် ခေါင်းစီး စာသား၊ ၎င်း၏ ဓာတ်ပုံနှင့်အတူ “တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို အတိတ်က သင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံး ရွေးချယ် သင့်ပါတယ်”၊ “မင်းသားခေါင်း ဆောင်းထားပြီး ကိုယ်ပိုင်ဦးနှောက်နဲ့ အလုပ် မလုပ်တဲ့ ဒီပုတ်ထဲက ဒီပဲ မဖြစ်အောင် ကျွန်တော် ကြိုးစားသွားမယ်လို့ အာမခံပါရစေ” ဟု ရေးသား ဖော်ပြထားသည်။

ဦးမာခါးသည် အသက်(၂၇) နှစ်ရှိ လူငယ်ရှေ့နေတဦးဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် အမတ် နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) မှ ဦးလနန်ဘောက်နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ (ကျားဖြူပါတီ) မှ ဦးစိုင်းအောင်ကျော်ဦး တို့နှင့်အတူ ယှဉ်ပြိုင် အရွေးခံမည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့