..............................

Wednesday, October 27, 2010

ဒုတိယ ပင်လုံကို ကျောင်းသားလူငယ်များ ထောက်ခံ

ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ ၂၆ ရက် ၂၀၁၀

ချင်းမိုင် (မဇ္စျိမ) ။ ။ ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရန် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က ကြေညာ စာတမ်း ထုတ်ပြန်ခဲ့ရာ မြန်မာ ပြည်တွင်းမှ ဒီမိုကရေစီရေး လိုလားသူ မြေအောက် ကျောင်းသား လူငယ်များက ထောက်ခံကြောင်း ယနေ့ ပြောဆိုသည်။

ယခုလ ၂၄ ရက်နေ့တွင် ZNC ဖွဲ့စည်းထူထောင်သည့် ၂၂ zngနှစ်မြောက် အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့၌ ကျင်းပခဲ့ရာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် တွေ့ဆုံ ဆွေးနွေးရန် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း” ကို ကျောင်းသား လူငယ်များ ပါဝင်ထောက်ခံလာခြင်း ဖြစ်သည်။

“၂ဝ၁ဝ ရွေးကောက်ပွဲအပြီးမှာ မြန်မာတနိုင်ငံလုံး သူ့ကျွန်ဘဝကို ရာသက်ပန် ကျရောက် သွားတော့မယ့် အခြေအနေနဲ့ ရွေးကောက်ပွဲ အလွန်ကာလမှာ တိုင်းရင်းသား ပြည်သူ တရပ်လုံးက စည်းလုံး ညီညွတ်မှု တရပ်ကို စစ်အစိုးရကို ပြသဖို့ အချိန် ရောက်နေတယ်၊ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ မြန်မာနိုင်ငံရေး အတွက် တိုင်းရင်းသားနဲ့ ပြည်သူတွေက တူညီတဲ့ လမ်းစဉ်တခုကို ချမှတ် လိုက်လို့ရှိရင် ထွက်ပေါက်တခု ဖြစ်နိုင်တယ်ဆိုပြီး ရှုမြင်လို့ ဒီကိစ္စကို ထောက်ခံတာပါ” ဟု ကျောင်းသားလူငယ် ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည် ဆိုသည့် မြန်မာ့ဒီမိုကရေစီ တပ်ပေါင်းစုမှ အတွင်းရေးမှူး မပံသုစံက မဇ္ဈိမကို ပြောသည်။

“ပင်လုံညီလာခံဆိုတာက တန်းတူညီတူရေးကို ဦးစားပေးတယ်။ အခု စစ်အစိုးရ လုပ်နေတာတွေက တိုင်းရင်းသား အခွင့်အရေးတွေ ပါနေတာ မတွေ့ရတော့ ဒီ ဒုတိယ ပင်လုံ ညီလာခံဟာ ကျမတို့အတွက် အသက် သွေးကြောပဲ။ တကယ်ပဲ ထောက်ခံသင့်တယ် ဆိုပြီး ရည်ရွယ်ပြီးတော့ ထုတ်ရတာပါ” ဟု မပံသုစံက ဆိုသည်။ သူတို့ တပ်ပေါင်းစုတွင် နိုင်ငံတဝှန်းမှ အဖွဲ့ဝင် ဦးရေ ၇ဝဝ ခန့် ပါဝင်သည်ဟု ဆိုသည်။

ကြေညာစာတမ်းပါ ပင်လုံညီလာခံ ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦးနှင့် ဦးဝင်းတင်၊ လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်၊ မွန်အမျိုးသား ခေါင်းဆောင် နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်းနှင့် ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းမောင်၊ ဦးအုန်းမောင်၊ ဦးညွန့်သိန်းနှင့် ကျောင်းသားလူငယ် ခေါင်းဆောင်များ အပါအဝင် စုစုပေါင်း လူဦးရေ ၅ဝ ကျော်က သဘောတူ လက်မှတ် ရေးထိုးပြီး ဖြစ်သည်။

“၅ဝ ကျော်ပြီ။ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေကို ထိုးဖို့ ပြင်ဆင်တာ။ ဒုတိယ ပင်လုံညီလာခံကို ခေါ်ဖို့ ပဏာမ ပြင်ဆင်မှု ဆုံးဖြတ်ချက်ပဲ။ Signature Campaign မဟုတ်ဘူး။ တူညီတဲ့ သဘောထားတွေ ပေါ့နော်။ ညီညွတ်ရေး၊ တွေ့ဆုံရေး၊ ပြည်ထောင်စု အရေးအတွက် ဆုံးဖြတ်ချက် ဖြစ်တယ်။ ဒီမူတွေကို သဘော တူကြတယ်ပေါ့နော်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးဖြိုးမင်းသိန်းက မဇ္စျိမကို ပြောသည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲပြီးပါက နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များကိုပါ ဆွေးနွေး ညှိနိုင်း သွားမည်ဟု သိရသည်။

ဦးဖြိုးမင်းသိန်းက “သူတို့က အပြောင်းအလဲတခုကို မျှော်လင့်ပြီး ရွေးကောက်ပွဲ ဝင်တယ်ဆိုတော့ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ ဒါ အပြောင်းအလဲ မဟုတ်ပါလားဆိုတာ သူတို့ သိလာတဲ့ တချိန်ကျရင် သူတို့နဲ့ ကျနော်တို့ ညှိနိုင်းဆွေးနွေးလို့ အဆင်ပြေသွားပြီလေ” ဟု ဆိုသည်။

ပြည်နယ်နှင့် တိုင်းများမှ နိုင်ငံရေးခေါင်းဆောင်များအနက် ကြေငြာစာတမ်းတွင် သဘောတူ လက်မှတ်ထိုးမည့် သူများလည်း ရှိသေးကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း တိုင်းရင်းသားများ စည်းလုံး ညီညွတ်သင့်ပြီ ဖြစ်ကြောင်းနှင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး တောင်းဆိုချက်ကို ထောက်ခံကြောင်း ပြောဆိုသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်းနှင့် ရှမ်း တိုင်းရင်းသား ခေါင်းဆောင်များက တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေးကို အခြေခံပြီး တိုင်းရင်းသား ပေါင်းစုံ တန်းတူညီမျှ အခွင့်အရေး အာမခံသည့် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

ZNC ၏ ၂၄ ရက်နေ့ အခမ်းအနားတွင် နှစ်စဉ် ချီးမြင့်ခဲ့သော အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ယခုနှစ် အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်ကို ပေးအပ်ခဲ့သည်။ ZNC သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်နေရာ ၂ နေရာတွင် အနိုင်ရခဲ့ပြီး၊ ယခုနှစ် ရွေးကောက်ပွဲကိုမူ တရားမျှတမှုမရှိဟုဆိုကာ ပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့ခြင်း မရှိခဲ့ပါ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့