..............................

Tuesday, October 26, 2010

မုံးကိုးပြည်သူ့စစ်စခန်းကို အမည်မသိအဖွဲ့က စီးနင်းတိုက်ခိုက်

Monday, 25 October 2010

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်းရှိ နအဖစစ်တပ် ကျောထောက်နောက်ခံ ပြုထားသည့် ပြည်သူ့ စစ်စခန်း တစ်ခုအား အမည်မသိ လက်နက်ကိုင် တစ်ဖွဲ့က ယမန်နေ့မနက် အစောပိုင်း၌ စီးနင်း တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများ ရှိကြောင်း သိရသည်။

မုံးကိုးမြို့တွင်းရှိ နအဖတပ်ရင်းရုံး အပြင်စည်းလုံခြုံရေးယူထားသော ပြည်သူ့စစ် အင်အား ၇ ယောက်ခန့် ရှိသည့် တပ်စခန်း တိုက်ခိုက်ခံခဲ့ရာ ပြည်သူ့စစ် ၁ ဦး သေဆုံးပြီး လက်နက်အချို့ ဆုံးရှုံးမှု ရှိကြောင်း တရုတ်နယ်စပ် အခြေဆိုက် စစ်ရေး/ နိုင်ငံ ရေး လေ့လာသူ ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့ကဝေလီဝေလင်းအချိန်ပေါ့ ပြည်သူ့စစ် ၆/၇ ယောက်လောက် ထိုင်ထားတဲ့ စခန်းတစ်ခု အတိုက်ခံရတယ် ပြည်သူ့စစ် ၁ ယောက် သေပြီး လက်နက်ငယ် ၃ လက်နဲ့ ကျည်ဆံတွေ ပါသွားတယ် ပစ်ခတ်ချိန်က ၁၀ မိနစ်လောက် ဆိုတော့ တပ်ကူ ချက်ခြင်း မလာနိုင်ဘူး” ဟု သူက ဆိုသည်။

မုံးကိုးမြို့၌ ခလရ ၁၄၅ တပ်ရင်း တာဝန်ယူထားပြီး တိုက်ပွဲဖြစ်အပြီး ယမန်နေ့ညနေပိုင်းတွင် နောက်ထပ် တပ်ရင်း တစ်ရင်း အင်အား ထပ်ဖြည့်လိုက်ကြောင်း သိရသည်။

ယခုဖြစ်ရပ်သည် မုံးကိုးကာကွယ်ရေးတပ် MDA အတွင်း အာဏာလုမှု ဖြစ်ပွားခဲ့သည့် ၁၀ နှစ်ပြည့်ချိန်နှင့် တိုက်ဆိုင်နေပြီး နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အစည်းအဝေးခေါ်ယူ သည့် နေ့၌ တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“အခုဖြစ်တာက မုံးကိုးအရေးအခင်း ၁၀ နှစ်မြောက်ချိန် နောက်ပြီး ရွေးကောက်ပွဲ အတွက် အစည်းအဝေး ခေါ်တဲ့ အချိန်မှာ ဖြစ်တာဆိုတော့ ဖြစ်နိုင်ခြေတွေတော့ အများကြီးရှိတာပေါ့ ဘယ်အဖွဲ့က လုပ်တယ် ဆိုတာတော့ အတိအကျ ပြောဖို့ခက်တယ်” ဟု သူက ဆိုသည်။

၂၀၀၀ အောက်တိုဘာဆန်းပိုင်းက မုံးကိုးကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ မုံဆာလထံမှ လီနင်မင် ဦးဆောင်သည့် အဖွဲ့ များက အာဏာ သိမ်းခဲ့ရာ ဒီဇင်ဘာ လဆန်းပိုင်းတွင် နအဖစစ်တပ်က ၂ ဖွဲ့စလုံးအား တိုက်ခိုက် ချေမှုန်းပြီး မုံးကိုးဒေသ တစ်ခုလုံး ထိန်းချုပ်လာခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့