..............................

Thursday, October 28, 2010

အာဏာပိုင်များ ခွင့်ပြုချက် မရ၍ မြေပုံမြို့နယ် ဂီရိ ဒုက္ခသည်များထံ အကူအညီများ ဖြန့်ဝေနိုင်ခြင်း မရှိသေး

မောင်အေး
10/27/2010

မကြာသေးမီက ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ဂီရိမုန်တိုင်းကြောင်း ဒုက္ခရောက်နေကြသည့် မြေပုံ မြို့နယ်မှ မုန်တိုင်း ဒုက္ခသည်များကို ကူညီ ထောက်ပံ့ ပေးရန် ရောက်ရှိနေသည့် ပစ္စည်းများကို အလှူရှင်များကို အာဏာပိုင်များမှ တိုက်ရိုက် လှူဒါန်းခွင့် မရ၍ ယနေ့တိုင် ဒုက္ခသည်များ အကူညီ မရရှိသေးကြောင်း သိရသည်။

ယခုကဲ့သို့ သက်ဆိုင်ရာမှတဆင့် လှူဒါန်းရမည်ဟု အာဏာပိုင်များ ပြောကြားသည့် အတွက် အလှူပစ္စည်းများ ရပ်တန့် နေကြောင်းကို မြေပုံသို့ ကူညီ ထောက်ပံ့ ပေးရန် ရောက်ရှိနေသူ တဦးက ယခုကဲ့သို့ ပြောသည်။

“တနင်္လာနေ့ကတည်းက နိုင်ငံခြား NGO တွေနဲ့ ပြည်တွင်းက အလှူရှင် အဖွဲ့အစည်း ခြောက်ခု စက်လှေတွေနဲ့ မြေပုံကို ရောက်နေတာ အခုဆို နှစ်ရက်ရှိပြီ ဖြစ်တယ်။ အာဏာပိုင်တွေက သူတို့ဆီက တဆင့် လှူရမယ်လို့ ပြောလို့ အခက် ကြုံနေရတယ်။ အလှူရှင် တွေကလည်း ဒုက္ခသည်တွေကို တိုက်ရိုက် လှူချင်တယ်။ ဒီလိုနဲ့ အခုထိ ပစ္စည်းတွေ မဝေငှရသေးဘူး။”

မြေပုံသို့ ကူညီထောက်ပံ့ရန် ရောက်ရှိနေသည့် အဖွဲ့အစည်းများမှာ မာတေဇ အန်ဂျီအို၊ မင်္ဂလာမြန်မာ၊ မေတ္တာ ဖောင်ဒေးရှင်း၊ ဂရုဏာ ဖောင်ဒေးရှင်းနှင့် MSF တို့ ပါဝင်ကြောင်း သိရသည်။

မုန်တိုင်းဒုက္ခသည်များအဓိက လိုအပ်နေသည့် ပစ္စည်းများမှာ အမိုးအကာ၊ ဆေးဝါး၊ သောက်ရေနှင့် အစားအစာ များဖြစ်ကြောင်း သူက ဆက်ပြောသည်။

လေဘေးသင့် ဒေသများတွင် ယခုအခါ ၀မ်းရောဂါစတင်ဖြစ်ပွားနေပြီး သေဆုံးမှုများ ရှိနေပြီ ဖြစ်ကြောင်း ကိုယ်တိုင် သွားရောက် ကူညီပေးနေသူ တဦးက ယခုကဲ့သို့ ပြောသည်။

“လွန်ခဲ့တဲ့ အင်္ဂါနေ့က တောင်ကြီးရင့်ကျေးရွာမှာ ၀မ်းရောဂါဖြစ်လို့ လူနှစ်ဦး သေဆုံး သွားပါတယ်။ တခြားလူ တွေလည်း ဖြစ်နေကြတယ်။ ဒီအတိုင်းဆိုရင် တခြား နေရာတွေကိုလည်း ၀မ်းရောဂါ ကူးသွားနိုင်တယ်။ နောက်ပြီး ဆေးရုံးမှာလည်း ဒဏ်ရာတွေနဲ့ လူနာ ၈၀ လောက်ရှိနေတယ် ဆေးဝါး မလုံမလောက်တာနဲ့ မနိုင်မနင်း ဖြစ်နေတယ်။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အရေးတကြီး လိုနေတယ်။”

ယခုကဲ့သို့ ၀မ်းရောဂါ စတင်ဖြစ်ပွားလာပြီ ဖြစ်သည့် အတွက် အလှူရှင်များကို တိုက်ရိုက်သွားရောက် လှူဒါန်း ခွင့်ကို အာဏာပိုင်များမှ ခွင့်ပြုသင့်ပြီ ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ယခုကဲ့သို့ ပြောသည်။

“အဓိက ကျွန်တော်တို့ပါတီက လိုလားတာကတော့ ပြည်သူလူထုထိခိုက်မှုတွေ အသက်သာဆုံး ဖြစ်အောင် အာဏာပိုင်တွေ တားဆီး ပိတ်ပင်နေတာတွေကို ကျွန်တော်တို့ မလိုလားဘူး။ အလှူရှင်တွေ နဲ့ လူထုကို တိုက်ရိုက်တွေ့ခွင့် ပေးပါ။ အဲဒီလို တွေ့ခွင့်ပေးတဲ့ အတွက် ဘယ်လောက်ထိ ပျက်စီး ထိခိုက် သွားတယ် ဆိုတာကို နိုင်ငံတကာကလည်း သိခွင့်ရမယ်။ ပြည်တွင်းက လူတွေလည်း သနား ကြင်နာမှု ပိုရနိုင်မှာဖြစ်တယ်။ ဒါကြောင်း သတင်း ပိတ်ပင်တာတို့ တားဆီးတာတို့ အခုကာလမှာ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တယ်။”

ယခုကဲ့သို့ အာဏာပိုင်များမှ အလှူရှင်များအား တားဆီးပိတ်ပင်မှုများ ဆက်လက် ပြုလုပ်နေလျှင် သေဆုံးသူ အရေအတွက် ယခုထက် ပိုပြီး များလာနိုင်ကြောင်း ဒေါက်တာအေးမောင်မှ ပြောကြားသွားသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့