..............................

Monday, October 25, 2010

အလံသစ်တင်ခြင်းကို နိုင်ငံရေးပါတီများ ဝေဖန်

ရန်ပိုင်
Friday, October 22, 2010

စစ်အစိုးရသည် နိုင်ငံတော်အလံအသစ် ပြောင်းလဲသုံးစွဲခြင်းကို ရွေးကောက်ပွဲအပြီး လွှတ်တော် ခေါ်ယူပြီးမှသာ အသုံးပြုသင့် သည်ဟု နိုင်ငံရေး ပါတီများက ဝေဖန်ကြောင်း သိရသည်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “လွှတ်တော်ခေါ်ပြီးမှပဲ လုပ်ရမှာ။ အခု နည်းဥပဒေတွေ ဘာတွေနဲ့ ကြားဖြတ် အမြန်လုပ်လိုက်တာ ဗေဒင်အရလား၊ အထက်ဆရာကြီးတွေ အမိန့်အရလားတော့ မသိဘူး” ဟု ပြောသည်။

အလံအသစ်လွှင့်ထူခြင်းကို အစိုးရဌာနများတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး နိုင်ငံရေးပါတီများသို့ အလံသစ် လွှင့်တင်ရန် အာဏာပိုင်များက တိုက်တွန်းခြင်း မရှိသေးဟု ဦးသုဝေက ပြောသည်။

နိုင်ငံတော်အလံသစ်ကို ယမန်နေ့ ညနေ ၃ နာရီတွင် လွှင့်တင်ခဲ့ပြီး အလံဟောင်းကိုလည်း မီးရှို့သည် ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ထိုသို့ မီးရှို့ခြင်းသည် ဗေဒင်ယတြာသဘောမျိုး ပိုဆန်ကြောင်း၊ တကယ်မီးရှို့သည်ဆိုလျှင်လည်း နိုင်ငံတော် အလံအား မလုပ်သင့်သည့် အပြုအမူ တခုဖြစ်ကြောင်း ဦးသုဝေက ဝေဖန်သည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် အဆိုပါ အလံသစ်လွှင့်တင်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီရုံးတွင် ပြုလုပ်ရာ ၀န်ကြီးချုပ် ဦးသိန်းစိန် တက်ရောက် အလေးပြုကြောင်း၊ ထို့အပြင် နိုင်ငံတော် အလံ၊ အထိမ်းအမှတ်တံဆိပ်၊ နိုင်ငံတော်သီချင်းနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း လက်ရှိ အနေအထားတွင် NDF ပါတီအနေဖြင့် နိုင်ငံတော် အလံဟောင်းကိုသာ လွှင့်တင်ထားကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ကလည်း တရားဝင် အမိန့်တစုံတရာ အကြောင်းကြားခြင်း မရှိကြောင်း ပြောသည်။

“တရားဝင်အမိန့်နဲ့ ညွှန်ကြားလာရင်တော့ တင်ရမှာပေါ့။ ကျနော်တို့ အားလုံးက ဒီဥပဒေအောက်မှာ ရှိနေတာပဲ” ဟု ၎င်းက ပြောသည်။

တရားဝင် လုပ်ထုံးလုပ်နည်းအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ် လာမည့် ပြည်ထောင်စု လွှတ်တော်က အတည် ပြုပြီးမှသာ အသက် ၀င်မည်ဖြစ်၍ နိုင်ငံတော် အလံကိစ္စကိုလည်း ထိုအခါမှသာ ပြဋ္ဌာန်းသင့်သည်ဟု ဦးခင်မောင်ဆွေက ထောက်ပြသည်။

ထိုအလံသစ်သည် ပြည်ထောင်စုသဘော မဆောင်သည့်အပြင် ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း လက္ခဏာများလည်း မပါကြောင်း၊ ယခုသွားမည့် ဒီမိုကရေစီအရေးကို ရှေးရှုသည့် အသွင်လည်း မဆောင်ကြောင်း၊ ထို့အပြင် ကြယ်ဖြူ ဆိုသည်မှာ တော်လှန်ရေး အသွင်ကို ဆောင်သည့်အတွက် ယခုခေတ်နှင့် ကိုက်ညီခြင်း မရှိကြောင်း ဦးခင်မောင်ဆွေက ဝေဖန်ပြောဆိုသည်။

ယခု အသစ်ပြဋ္ဌာန်းလိုက်သည့် အလံသည် နောက်ခံ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် သုံးရောင်ခြယ် အပေါ်တွင် ကြယ်ဖြူကြီး တလုံး ပါဝင်သည်။ သုံးရောင်ခြယ်အလံသည် ယခင် အင်္ဂလိပ် ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းစဉ်က ဦးဆောင်ခဲ့သည့် “တို့ဗမာ အစည်းအရုံး” ၏ အလံအရောင်ဖြစ်ပြီး ကြယ်ဖြူသည်လည်း ဂျပန်ကို တော်လှန်ခဲ့သည့် တော်လှန်ရေး သင်္ကေတ အမှတ်တံဆိပ် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း အခြေခံဥပဒေ အတည်ပြု အသက် ၀င်မှသာလျှင် အလံနှင့် နိုင်ငံတော် သီချင်းတို့သည် တရားဝင်သည်ဟု သတ်မှတ်ရမည် ဖြစ်ပြီး အလံသစ်သည် တရား မ၀င်သေးကြောင်း၊ အလံတော်နှင့် ပတ်သက်၍ နိုင်ငံတော် အလံ သာမက အဖွဲ့အစည်း တခု၏ အလံတော်တွင်ပင် စည်းကမ်း ဥပဒေများ ရှိကြောင်း ပြောသည်။

“အသက်မ၀င်သေးဘဲနဲ့ အလံထောင်ခွင့် မရှိဘူး။ မြန်မာပြည်မှာ တရုတ်နိုင်ငံအလံ လွှင့်ချင်ရင်တောင် သတ်မှတ်တဲ့ နေ့မှသာ ထူခွင့် ရှိတယ်လို့ ပြဋ္ဌာန်းချက်ရှိတာ” ဟု ဦးဝင်းတင်က ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြဋ္ဌာန်းပြီး နိုင်ငံတော်အလံသစ်ကို လွှင့်ထူစဉ်ကပင် ပြည်သူ လူထု၏ ဆန္ဒကို အသေအချာ တောင်းခံပြီးမှ အတည်ပြုခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က ပြဋ္ဌာန်းခဲ့သည့် အလံသည်ပင် ထိုင်ဝမ်နိုင်ငံ၏ အလံနှင့် ဆင်တူသည့် အတွက် ကန့်ကွက်မှုများပင် ရှိခဲ့သည်ဟု ဦးဝင်းတင်က ရှင်းပြသည်။

မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်က ၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့ကို ဖွဲစည်းပုံ အခြေခံ ဥပဒေနေ့ဟု တရားဝင် သတ်မှတ်ပြီးမှ ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် အလံတော် အသစ်ကို တရားဝင် လွှင့်ထူခြင်း ဖြစ်သည်ဟု သိရသည်။

ယခင် နိုင်ငံတော်အလံဟောင်းကို သမ္မတ ဦးနေ၀င်း ဦးဆောင်သည့် မဆလ က ၁၉၇၄ ခုနှစ်တွင် အခြေခံ ဥပဒေ အသစ်နှင့်အတူ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မဆလ အစိုးရထံမှ စစ်တပ်က အာဏာသိမ်းခဲ့သည်။

မဆလပါတီကို အမည်ပြောင်းထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဟန်ရွှေကမူ အစိုးရ ထုတ်ပြန်သည့် ဥပဒေကို လိုက်နာရမည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အလံဟောင်းကို ဆက်လက် လွှင့်ထူခြင်း မရှိတော့ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ရှေးမြန်မာဘုရင်များခေတ် ကဒေါင်းအလံ၊ ဒေါင်းရုပ်ပါ တို့ဗမာအစည်းအရုံး သုံးရောင်ခြယ် အလံ၊ တူတံစဉ်ပါ တို့ဗမာ အစည်းအရုံး သုံးရောင်ခြယ် အလံ၊ ယူနီယံဂျက်နှင့် ဒေါင်းရုပ်ပါအလံ၊ ဂျပန်ခေတ် ဘီဒီအေအလံ၊ ဂျပန်ခေတ် တော်လှန်ရေး အလံ၊ လွတ်လပ်ရေး ရပြီးခေတ် အလံနှင့် ယခု ဖျက်သိမ်း လိုက်သော မဆလခေတ် အလံတို့ကို ခေတ်အဆက် ဆက် အသုံးပြုခဲ့ကြသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့