..............................

Tuesday, October 26, 2010

ပအိုဝ်းပါတီ တပ်အင်အားသုံးမဲဆွယ် MTA ဟောင်း မကျိုင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်

Monday, 25 October 2010

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်အတွင်း USDP ပါတီအတွက် စည်းရုံးရေးဆင်းသည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က လက်နက်ကိုင် တပ်ဖွဲ့ အင်အားသုံး နယ်ကျွံ မဲဆွယ်သဖြင့် ယခင် MTA ဟောင်း မကျိုင်းဒေသ ဖွံ့ဖြိုးရေး တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပြီး အနည်းဆုံးလူ ၄ ဦး သေဆုံးကြောင်း စုံးစမ်း သိရှိရပါသည်။

“ပထမ အကြိမ်က USDP ပါတီအတွက် ပအိုဝ်းပါတီ လာရောက်စည်းရုံးတယ်၊ ဒေသခံတွေက ကျားဖြူ ပါတီကို ထောက်ခံတယ်။ မလာတော့နဲ့လို့ ဒေသခံတွေ ပြောလဲမရဘူး။ နောက်တရက် PNO စည်းရုံးရေး အဖွဲ့ လုံခြုံရေး တပ်အင်အားနဲ့ လာတော့ ဒီဘက်ကလဲ တပ်နဲ့ စောင့်ထားတာပေါ့”- ဟု နားယိုင်း ရောက် တောင်ကြီး ဒေသခံ တဦးက ပြောပါသည်။

အောက်တိုဘာ ၁၇ ရက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် က သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့အနောက် တောင်ဘက် မိုင်းဇစ် ကျေးရွာအုပ်စု (မကျိုင်းဒေသ ဖွံ့ဖြိုးရေးတပ်ဖွဲ့) ဘက် စည်းရုံးရေး ဆင်းခဲ့ကြောင်း၊ ဒေသခံများက ကျားဖြူ ပါတီကိုသာ ထောက်ခံသောကြောင့် စည်းရုံးရေး ဆင်းရန် မလိုအပ် တော့ကြောင်း ပြောရာမှ နှစ်ဘက် အချေအတင် စကားများခဲ့ရကြောင်း သိရပါသည်။

အောက်တိုဘာ ၁၈ ရက် ပအိုဝ်းပါတီက ဗိုလ်မှူးကျော်တင်ဦး ဦးဆောင်သည့် အင်အား ၁၅၀ ကျော် စစ်ကြောင်း တခုအား လုံခြုံရေးတပ်ဖွဲ့ အဖြစ် ခေါ်ဆောင်သွားသောကြောင့် နှစ်ဘက် တိုက်ပွဲဖြစ်ပွား ခဲ့ရကြောင်း အမည်မဖေါ်လိုသည့် နမ့်ဇန်မြို့သား တဦးက ပြောပါသည်။

“ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကို ခေါ်လာပြီး ပအိုဝ်းပါတီက ပြန်လစ်သွားတယ်၊ မကျိုင်းတပ်ဖွဲ့က ရှေ့မတိုးနဲ့ တိုးရင်ပစ်မယ် လို့ ပြောတယ်။ ပအိုဝ်းတပ်ကလဲ တပ်စခန်းကို တက်ဝိုင်းတယ်၊ ၁၈ ရက်နေ့မှာဘဲ 3 နာရီကြာ တိုက်ခိုက်ကြတယ်။ မကျိုင်းအဖွဲ့ က MTA တပ်ဖွဲ့ဝင်ဟောင်းတွေ ဆိုတော့ တိုက်ရည်ခိုက်ရည် ရှိကြတယ်တဲ့။ သူတို့ဘက်က တယောက်ဘဲ ဒဏ်ရာရတယ်။ ပအိုဝ်းဘက်က ၄ ယောက်သေ၊ ၂ ယောက် ပျောက်နေတယ်” - ဟု ပအိုဝ်းအသိုင်း အ၀ိုင်းနှင့် နီးစပ်သည့် လွယ်လင်သား တစ်ဦးက ပြောပြ ပါသည်။

မကျိုင်းတပ်ဖွဲ့၏ ဆိုင်းငင်း နမ့်ပွန်း အနီးတောင်ကုန်းပေါ်တွင် ဗိုလ်ကြီးမိုခေး ခေါင်းဆောင်သော တပ်ဖွဲ့ အင်အား ၂၀ ခန့် တပ်စိုက် ထားကြောင်း၊ တိုက်ပွဲအတွင်း ပအိုဝ်းဘက်မှ ဗိုလ်ကြီးငွေ ဆိုသူပါ ကျဆုံးကြောင်း နီးစပ်သည့် ကုန်သည် တဦးက ပြောပါသည်။

“နမ့်ဇန်မြို့အနောက်တောင်ဘက် မိုင်းဇစ်အသွားလမ်းမှာ မကျိုင်းတပ်ဖွဲ့ဌာနချုပ် ရှိတယ်။ ဌာနချုပ် ရဲ့ အနောက်မြောက် ဘက် ၈ မိုင် အကွာလောက်မှာ ဆိုင်းငင်းနဲ့ နမ့်ပွန်းရွာ။ အဲ့ဒီရွာတွေရဲ့ အနောက်ဘက် ဟိုယန်းအုပ်စုက ပအိုဝ်းတပ်ဖွဲ့ ထိန်းချုပ် နယ်မြေနဲ့ နယ်နိမိတ်ချင်း ထိစပ်တယ်။ ဟိုယန်းအုပ်စု အနောက်ဘက်က တောင်ကျောကို ဖြတ်ကျော်ရင်တော့ မိုင်းပွန် မြို့နယ် ဖြစ်သွားပြီ” ဟု ဆို၏။

အောက်တိုဘာ ၂၂ ရက် နှစ်ဘက်ကိုယ်စားလှယ်များက တောင်ကြီးအခြေစိုက် ရပခ တိုင်းမှူးထံ အခြေအနေ တင်ပြရာ တိုင်းမှူးက - “တိုက်ပွဲချက်ချင်းရပ် - ပစ်ခတ် တိုက်ခိုက်နေတဲ့ သူကို ရှင်းပစ်မယ်” ဟု ပြောမှ တိုက်ခိုက်မှု ရပ်နားခဲ့ကြကြောင်း နီးစပ် သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

နမ့်ဇန်မြို့နယ်အတွင်း တိုက်ခိုက်ကြသည့် လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့မှာ နအဖ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်၏။ ပအိုဝ်း လက်နက်ကိုင် တပ်ဖွဲ့မှာ ပြည်သူ့စစ် အသွင် ပြောင်းရန် လက်ခံထားသော ဦးအောင်ခမ်းထီ (PNO ) ၏ လက်အောက်ခံ PNA တပ်ဖွဲ့ ဖြစ်သည်။ မကျိုင်းဒေသ ဖွံ့ဖြိုးရေး တပ်ဖွဲ့မှာမူ ၁၉၉၆ က ဦးခွန်ဆာနှင့် အတူ လက်နက် ချခဲ့သည့် MTA တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ပြီး စိုင်းလိုင်းဆိုင်က ဦးဆောင်သည်။

Ref: သျှမ်းသံတော်ဆင့်

0 comments:

အပေါ်သို့