..............................

Tuesday, October 26, 2010

ဂီရိ မုန်တိုင်းကြောင့် အသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု အစိုးရမီဒီယာ မဖော်ပြ

မိုးယံ
Monday, October 25, 2010

ရခိုင်ပြည်နယ်တွင် ဂီရိ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသော ဒုက္ခသည်များအတွက် ကူညီလှူဒါန်းရန် ကြော်ငြာများကို အစိုးရ မီဒီယာများ၌ ထည့်သွင်း ဖော်ပြခွင့် မပြုကြောင်းနှင့် လူအသေအပျောက် ၊ ပျက်စီး ဆုံးရှုံးမှုများနှင့် ပတ်သက်သော သတင်း အချက် အလက်များကိုလည်း ယနေ့အထိ ဖော်ပြခြင်း မရှိသေးကြောင်း သိရသည်။

အောက်တိုဘာ ၂၂ ရက်နေ့ ညက တိုက်ခတ်ခဲ့သော ယင်းမုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး လုပ်ကိုင်ရန် အတွက် အလှူငွေ ကောက်ခံသည့် ကြော်ငြာကို အစိုးရ မြန်မာ့ အလင်းသတင်းစာ နှင့် ကြေးမုံ သတင်းစာ တိုက်များသို့ အောက်တိုဘာ ၂၃ ရက်က သွားရောက် ထည့်သွင်းရာ ပိတ်ပင်ခံရသည်ဟု ရခိုင် သဟာယအသင်း(ရန်ကုန်) ဥက္ကဌ က ပြောသည်။

“ဆိုင်ကလုန်းမုန်တိုင်း ဂိရီ လေဘေးကယ်ဆယ်ရေး ဆိုပြီး ရခိုင်အမျိုးသားတွေအတွက် ကယ်ဆယ်ရေးတွေ လုပ်ဖို့ အလှူငွေတွေ ကောက်ခံတဲ့ ကြော်ငြာ သွားထည့်တာ ထည့်ခွင့် မရခဲ့ဘူး”ဟု အဆိုပါ အသင်း၏ အတွင်းရေးမှုး တဦးကလည်း ဆိုသည်။

မုန်တိုင်း ဖြစ်ပေါ်မည့်သတင်း ကြိုတင် သတိပေးချက်နှင့် ကာကွယ်ရေး ပြုလုပ်နိုင်ရန် နှိုးဆော်ချက်များကို အစိုးရ မီဒီယာများနှင့် FM ရေဒီယိုများတွင် ကြေညာ ဖော်ပြခဲ့သော်လည်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက် စာရင်းကို ယခုအချိန် အထိ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။

အောက်တိုဘာ ၂၄ရက်နေ့ထုတ် မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာများတွင်မူ စစ်အစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီး ဦးမောင်မောင်ဆွေ တက်ရောက်သော ဂီရိ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် အလှူငွေ များနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း သတင်းကို ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားရှိ မြေပုံမြို့သည် ထိခိုက် ပျက်စီးမှု များပြားကြောင်း စစ်တွေ ဒေသခံတဦးက ပြောသည်။

"ဘယ်နေရာမှာ ဘယ်လောက်အထိဖြစ်လဲဆိုတာ သတင်းမရသေးဘူး။ လောလောဆယ် အစားအသောက်နဲ့ ရေ အခက်အခဲဆုံး ဖြစ်နေတာ၊ လေဘေး ကယ်ဆယ်ရေးတွေ မလာနိုင် ကြသေးဘူး"ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ မုန်တိုင်းကြောင်း စစ်တွေ၊ မြေပုံ၊ ကျောက်ဖြူ၊ အမ်း စသော မြို့နယ်များရှိ စပါးခင်းများ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားခဲ့ကြောင်း ကျောက်ဖြူ ဒေသခံတဦးက ဆိုသည်။

ယင်း စစ်တွေ၊ မြေပုံနှင့် အမ်းမြို့နယ်များရှိ လေဘေး ဒုက္ခသည်များအတွက် အစားအသောက်၊ အ၀တ်အထည်၊ ရေနှင့် ဆေးဝါး များကို ရခိုင်သဟာယ အသင်းမှ သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း အသင်းဝင် တဦးက ပြောပြသည်။

အဆိုပါ ဂီရိ ဆိုင်ကလုန်း မုန်တိုင်း သည် ဘင်္ဂလား ပင်လယ်အော်တွင် စတင် ဖြစ်ထွန်းခဲ့ပြီး တဖြည်းဖြည်း အားကောင်းလာကာ ရခိုင်ကမ်းရိုးတန်းသို့ ၀င်ရောက်လာခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၂ ရက်က ရခိုင်ကမ်းရိုးတန်းကို ဖြတ်သန်း တိုက်ခတ်ခဲ့သည့် ဂီရိ မုန်တိုင်းသည် လေတိုက်နှုန်း တနာရီ ၉၁ မိုင် နှုန်း ရှိပြီး ၇၀ ရာခိုင်နှုန်းခန့် အပျက်အစီး များခဲ့ကြောင်း မိုးလေ၀သ လေ့လာရေး အဖွဲ့ကို ဦးဆောင်နေသူ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့