..............................

Sunday, August 15, 2010

ရွေးကောက်ပွဲကျင်းပမည့်ရက် နအဖကြေညာပြီ

NEJ / ၁၃ သြဂုတ် ၂၀၁၀

အနှစ်နှစ်ဆယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပရက်ကို နအဖ ရုပ်သံနှင့် အသံလွှင့် မီဒီယာမှ ယနေ့ ကြေညာသည်။

ယခုနှစ်အတွင်း ပြုလုပ်မည်ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက် (တနင်္ဂနွေနေ့) တွင် ပြုလုပ်မည် ဖြစ်ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းခြင်းနှင့် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းတို့ကို သြဂုတ် (၁၆) ရက်မှ သြဂုတ်လကုန်ထိ လက်ခံပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်ကို ကြေညာ သွားခြင်းဖြစ်သည်။

ယခုအခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ (၄၇) ဖွဲ့ ရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၄၁) ပါတီအနက် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီများက ပါတီဝင်အင်အား စာရင်း တင်ပြ ကြရာတွင် ပါတီ (၁၄) ပါတီသာ ရှိသေးကြောင်း ကော်မရှင်၏ တရားဝင် စာရင်းများ အရ သိရသည်။

သြဂုတ် (၁၂) ရက် ယမန်နေ့ကလည်း အစိုးရပိုင်သတင်းစာများတွင် မဲဆန္ဒနယ်မြေပေါင်း (၃၃၀) သတ်မှတ်ကြောင်း ကော်မရှင်က ထုတ်ပြန် ကြေညာခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း (၉၀) ခန့်အလိုတွင်မှ နအဖစစ်အစိုးရက ရွေးကောက်ပွဲပြုလုပ်မည့် ရက်ကို ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

“ကျင်းပရက်ကို ကြေညာတာကတော့ ရက်ပေါင်း (၉၀) လောက် ရှိတာပေါ့နော်၊ ဒါပေမယ့်လည်း စည်းရုံးရေးတွေ လုပ်ဖို့နဲ့ နယ်တွေကို ဆင်းဖို့ ကျတော့ ကာလက တိုတယ်။ ကာလတိုတာထက် ဆိုးတာက စည်းရုံးခွင့်ကို လွတ်လွတ်လပ်လပ် လုပ်ခွင့် မရတာဘဲ။ ဒါ့ကြောင့် အခက်အခဲတော့ တွေ့နိုင်တယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ပါတီဝင်တဦးက ပြောသည်။

နအဖ လက်အောက်ခံပါတီများမှလွဲ၍ လူထုကိုစည်းရုံးရန် အခြားပါတီများတွင် အခွင့်အလမ်းမရှိကြောင်း၊ ရွေးကောက်ပွဲ ၀င်ရန် အတိအကျ မပြောနိုင်သေးသော၊ ကြိုးစား၍ ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်မည် ဆိုသော ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ပါတီဝင် တဦးကလည်း ပြောဆိုသည်။

ပြည်တွင်း နိုင်ငံရေးပါတီတခုမှ ခေါင်းဆောင်တဦးကလည်း “စာရင်းတင်ပါဆိုတော့ တချို့ပါတီတွေ ပါတီဝင် စာရင်းတွေတောင် မတင်နိုင် ကြသေးဘူး။ လွတ်လွတ်လပ်လပ် စည်းရုံးခွင့် မရတာက အရာရာကို နှောင့်နှေးစေတယ်ဗျာ” ဟု ပြောသည်။

နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ခေါင်းဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့) က သာ ရန်ကုန်မြို့နှင့် မြန်မာ တနိုင်ငံလုံးတွင် တရားဝင် ဟောပြောစည်းရုံးခွင့် ရထားသည်ကို ပါတီအများစုက မကျေမနပ် ဖြစ်နေကြသည်။

ရန်ကုန်မှ နိုင်ငံရေးသတင်းအယ်ဒီတာတဦးကမူ ယခုစစ်အစိုးရ၏ လုပ်ဆောင်ချက်အရ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်နိုင်ခြင်း မရှိမည်မှာ သေချာသလောက် ဖြစ်နေပြီဟု ပြောဆိုသည်။

၎င်းက “ဥပမာ ကချင်ပါတီ (၃) ခုကို ဖွဲ့စည်းခွင့် မပေးခဲ့လို့။ နောက်တချက်က မကြာသေးခင်ကမှ မှတ်ပုံတင်ခွင့် ရတဲ့ ပါတီတချို့ ဆိုရင် ပါတီဝင် အရေအတွက် ပြည့်အောင် စုဆောင်းရမလား၊ ကိုယ်စားလှယ်လောင်း စာရင်းပဲ တင်ရမလား၊ နိုင်ငံရေး စာစောင် ထုတ်ဝေခွင့်ကိုပဲ တင်ရမလား၊ ဘာမှ လုပ်ဖို့ အချိန် မရနိုင်တော့ဘူး။ နောက် တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေဆိုလည်း ပြည်နယ်တွေမှာ ပါတီဝင် စုဆောင်းရတာနဲ့ နေပြည်တော်ကို အခေါက်ခေါက် အခါခါ သွားနေရတာနဲ့ပဲ အချိန်ကုန်နေတယ်။ ဒီလ မကုန်ခင်မှာ ဘယ်ပါတီမှ ကိုယ်စားလှယ်ဦးရေ သိပ်များများစားစား တင်နိုင်ကြမှာ မဟုတ်ဘူး။ ငွေရေးကြေးရေး အရရော အချိန်အရရော အခက်အခဲ ဖြစ်ကြလိမ့်မယ်” ဟု ရှင်းပြသည်။

ပြည်တွင်းမှ နိုင်ငံရေးသမားအများစုကမူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်ရက်သည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင်ဖြစ်ပြီး ယင်းလွတ်ရက် မတိုင်မီ နအဖက ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ယခုကဲ့သို့ ကြေညာ လိုက်သည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။

“ဒေါ်စုကို သူတို့အကြောင်းရှာပြီး ချုပ်ထားရမယ့် အခြေအနေမရှိတော့ဘူး။ ဒေါ်စုလွတ်လာရင် ပြည်တွင်းရေး အနေ အထားက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သေချာပေါက် တခုခု ပြောင်းလဲ သွားနိုင်တယ်။ အစိုးရကလည်း ရွေးကောက်ပွဲကို ဒီနှစ်မှာ လုပ်ကို လုပ်မယ်ဆိုတာ နိုင်ငံတကာမှာ အကြိမ်ကြိမ် ပြောဆိုပြီးနေတော့ ဒေါ်စု လွတ်ရက် မပြည့်ခင်မှာ ရွေးကောက်ပွဲလုပ်ဖို့ တရားဝင် ကြေညာတာ ဖြစ်နိုင်တယ်” ဟု နိုင်ငံရေး သမားဟောင်း တဦးက ဝေဖန်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှာ ရွေးကောက်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်၌ ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မေလ (၂၇) ရက်တွင် ကျင်းပခဲ့ရာ ပါတီပေါင်း (၉၃) ပါတီမှ ကိုယ်စားလှယ်ပေါင်း (၂,၂၀၉) ဦးနှင့် တသီးပုဂ္ဂလ (၈၇) ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက (၈၂) ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့