..............................

Saturday, August 21, 2010

ရွေးကောက်ပွဲ သပိတ်မှောက်ရေး အန်အယ်လ်ဒီ အသေးစိတ် ထုတ်ပြန်ရန်ရှိ

စိုးမိုး / ၂၀ သြဂုတ် ၂၀၁၀


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များ အခြေအနေကို ကြည့်ပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဗျူဟာ အသေးစိတ် ထုတ်ပြန်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။

ယမန်နေ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၇) ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့ ဆွေးနွေးပွဲ အပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

“ဘယ်သူကတော့ဖြင့် ဘယ်မဲဆန္ဒနယ်မှာ၊ မဲပြားက ဘယ်လိုပုံစံ၊ ဘယ်လို မဲပေးရမှာ၊ အခြား စည်းကမ်းချက် တွေက ဘယ်လို စသဖြင့် အဲဒါတွေ ပေါ်လာတဲ့အခါမှာ ကျနော်တို့ ခုဏက ပြောတဲ့ ဘာလုပ်ရမလဲ ဆိုတဲ့ဟာတွေ ထွက်လာ ပါလိမ့်မယ်။ ကျနော်တို့ အခြေအနေပေါ် ကြည့်ပြီး ဆွေးနွေး ဆုံးဖြတ်ကြမယ်လို့ ကျနော်တို့ သဘောထား ရှိပါတယ်” ဟု ဦးအုန်းကြိုင်က ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက် ထွက်ပေါ်လာပြီး တပတ်အကြာတွင် အန်အယ်လ်ဒီပါတီဝင်များ အနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်မည်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေနှင့်အညီ ပြည်သူလူထု အနေဖြင့် မဲမပေးလိုက မပေးဘဲ နေပိုင်ခွင့် ရှိသည်ဟု အန်အယ်လ်ဒီက ယမန့်နေ့က ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာသော်လည်း ပြည်သူ လူထု အတွင်း မဲပေးရမည့် ပုံစံ၊ အမတ်လောင်းများ၊ ပါဝင်ယှဉ်ပြိုင်မည့် ပါတီများ စသည်တို့ကို အသေးစိတ် မကြေညာ နိုင်သေးပေ။

“သပိတ်မှောက်မယ်ဆိုတာ ကျနော်တို့ ၀င်ပြီး မပါဘူးပေါ့ဗျာ။ ဒါပဲ။ မပါဘူးဆိုတာကိုပဲ၊ မပါဝင်ဘဲ သပိတ်မှောက် ထားတယ် ဆိုတာကိုပဲ ကျနော်တို့က ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့ ခုဏကပြောတဲ့ ရွေးကောက်ပွဲ အသေးစိတ် အချက်အလက်တွေက ဘာမှ ပုံပေါ်လာတာ မရှိသေးဘူး။ အဲတော့ ကျနော်တို့လဲ အဲဒီကိစ္စကို ဆွေးနွေးခြင်း မရှိသေးဘူးဆိုပြီး မနေ့က ရပ်ထားလိုက်တာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် အန်အယ်လ်ဒီ ပါတီက ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ယခု ရွေးကောက်ပွဲကို သပိတ် မှောက်ကြောင်း ကြေညာ လိုက်ခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့