..............................

Tuesday, August 17, 2010

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါမှ တရားမျှတမည် ဟု ကိုဌေးကြွယ်ပြော

ခင်ဦးသာ Tuesday, August 17, 2010

ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်သင့်သူများ အားလုံး ပါဝင်နိုင်မှသာ လွတ်လွပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ တခုဖြစ်မည်ဟု ၈၈ ကျောင်းသား ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသား တဦးဖြစ်သည့် ကိုဌေးကြွယ်က ပြောဆို လိုက်သည်။

“ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မပါရင် နိုင်ငံတကာမှာ နောက်ထပ် စကားပြောစရာ၊ ရှုပ်စရာတွေ ပေါ်လာတာက လွဲလို့ ဘာမှ ထူးခြားမှာ မဟုတ်ဘူး” ဟု ရခိုင်ပြည်နယ် ဘူးသီးထောင်တွင် နိုင်ငံရေး အကျဉ်းသား အဖြစ် ကျခံနေရသည့် အသက် ၄၃ နှစ်အရွယ်ရှိ ကိုဌေးကြွယ်က ၎င်းကို ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ယောက်ဖ တော်စပ်သူ ဦးဖြိုးမင်းသိန်းအား ပြောလိုက်သည်။

မြန်မာ့ နိုင်ငံရေးတွင် ဒီမိုကရေစီ နိုင်ငံရေး အင်အားစုများ၊ ပြည်သူလူထု တရပ်လုံးနှင့် စစ်တပ် စသည့် အင်အားစုများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည့် နိုင်ငံရေး အခင်း အကျင်းတရပ် ပေါ်ပေါက် နိုင်ရေးကို ကနဦး ကြိုးစား သင့်ကြောင်း၊ ထို အခင်း အကျင်းသစ် ပေါ်ပေါက် လာမှသာ မြန်မာ့နိုင်ငံရေး ရေရှည် ကောင်းမွန်မည် ဖြစ်ကြောင်း ကိုဌေးကြွယ်က ပြောကြား ခဲ့သည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်

တည်ငြိမ်သည့် နိုင်ငံရေးဖြစ်ထွန်းလာရန် ၁ နှစ်၊ ၂ နှစ်အတွင်း လုပ်ဆောင်၍မရနိုင်ကြောင်းလည်း ကိုဌေးကြွယ်က ပြောသည်။

ကိုဌေးကြွယ်သည် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အပြီးတွင်ထောင်ဒဏ် ၆၅ နှစ် ချမှတ် ခံခဲ့ရသူ ဖြစ်သည်။

သူ့အားထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဦးဖြိုးမင်းသိန်း က “သူ့ ကျန်းမာရေးက နည်းနည်း ပိန်သွားတယ်၊ မျက်စိသိပ် မကောင်းဘူး။ ဒီလ ၉ ရက်နေ့က တကြိမ်၊ ၁၀ ရက်နေ့မှာ တကြိမ် တွေ့ခဲ့ရတယ်။ စကားတော့ လွတ်လွတ်လပ်လပ် ပြောလို့ မရခဲ့ဘူး” ဟု ဆိုသည်။

ထောင်ဝင်စာ တွေ့ချိန်တွင် ထောင်အာဏာပိုင်များ၊ SB ခေါ်ထောက်လှမ်းရေးများက ပြောစကားများကို မှတ်သားခြင်း၊ မှတ်တမ်း တင်ခြင်းတို့ လုပ်ဆောင်သည့် အပြင်၊ ၎င်းတို့ တည်းခိုရာ နေရာကိုလည်း လိုက်လံ စောင့်ကြည့်သည်ဟု ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။

လက်ရှိတွင် ကိုဌေးကြွယ်၏ အခြေအနေသည် ကောင်းမွန်နေပြီး စာဖတ်ခြင်း၊ ဘာသာရေးနှင့် ကျန်းမာရေး လေ့ကျင့် ခန်းများ မှန်မှန် လုပ်ခွင့် ရနေကြောင်း သိရသည်။

“ဂျာနယ်တွေ၊ ဘာသာရေးစာပေတွေ၊ အနုပညာ စာပေတွေ ဖတ်ခွင့်ရတယ်။ နိုင်ငံရေးနဲ့ ပတ်သက် တာကိုတော့ စိစစ်ရေးက ခွင့်ပြု ပြီးသားတွေ ဖတ်လို့ရတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ နိုင်ငံရေး စာအုပ်တွေတော့ လုံးဝ ဖတ်ခွင့်မရဘူး” ဟုလည်း ဦးဖြိုး မင်းသိန်းက ပြောသည်။ ယခုအခါ ကိုဌေးကြွယ်သည် စီးပွားရေးနှင့် သက်ဆိုင်သည့် စာအုပ်များကိုသာ အစဉ်တစိုက် လေ့လာ နေသည်ဟုလည်း သိရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်သည် ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်း၊ ၁၉၉၁ ခုနှစ်မှစ၍ အကျဉ်းကျ ခံခဲ့ရပြီး အင်းစိန်ထောင်၊ သာယာဝတီ ထောင် တို့တွင် ၁၄ နှစ်ကျော်နေခဲ့ရကာ ၂၀၀၅ ခုနှစ်တွင် ပြန်လွတ်ခဲ့သည်။

၂၀၀၇ သြဂုတ်လတွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဦးဆောင် လမ်းလျှောက်၍ ငြိမ်းချမ်းစွာ ဆန္ဒ ပြခဲ့သောကြောင့် စစ်အစိုးရ အာဏာ ပိုင်များက ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခဲ့ပြီး ဝေးလံ ခေါင်သီသော ဘူးသီးတောင် ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ၎င်း၏ ညီမ၊ ဦးဖြိုးမင်းသိန်း၏ ဇနီးဖြစ်သူ မမီးမီးက ဆိုသည်။

ကိုဌေးကြွယ်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပေါ် ခိုင်မာသော ယုံကြည်ချက်ထားရှိပြီး နိုင်ငံရေး အယူအဆ ပျော့ပျောင်းသူ တဦး ဖြစ်ကြောင်း၊ မည်သည့် အရာကိုမဆို သူ့ကိုယ်သူအတွက် ဦးစားမပေးဘဲ အများအတွက် ကိုသာ စဉ်းစားသူ ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောပြသည်။

ဦးဖြိုးမင်းသိန်းသည် ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရား မျှတသောရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟု ဆိုကာ သြဂုတ်လ ၅ ရက်နေ့က ပါတီဥက္ကဋ္ဌ နေရာမှ နုတ်ထွက်ထားသူ ဖြစ်သည်။ ၎င်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်သည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့်ပတ်သက်၍ ဘူးသီးတောင် ဒေသခံတဦးက “ကျနော်တို့ မြို့မှာ ကိုဌေးကြွယ်ကို အရမ်း လေးစား ကြပါတယ်။ သူကထောင်ထဲမှာ လူတွေကို တပြေးတည်း ဆက်ဆံတယ်။ သူ့အိမ်က ပို့ပေးတဲ့ ပစ္စည်းတွေကို အားလုံးကို ဝေပေးတယ်။ ပစ္စည်းတွေ မှာရင်လည်း အားလုံးအတွက် မှာတယ်။ ဘာသာရေးလည်း အရမ်းလုပ်တယ်” ဟု ပြောပြသည်။

ဘူးသီးတောင်ထောင်သည် အကျဉ်းသားများနှင့် ပတ်သက်၍ သတင်းဆိုးများ မကြာခဏ ထွက်ပေါ်လေ့ ရှိသည်ဟု သိရပြီး မကြာခင်က ထောင်ပိုင်အရာရှိ အပြောင်းအလဲ လုပ်ပြီးနောက်ပိုင်းတွင် ထောင်တွင်းရှိ အကျဉ်းသားများ၏ နေထိုင်သွားလာမှု အနည်းငယ် တိုးတက်လာကြောင်း အဆိုပါ ထောင်နှင့် နီးစပ်သူ တချို့က ပြောသည်။

ဘူးသီးတောင်ထောင်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ် ကျခံ နေရသူများမှာ ကိုဌေးကြွယ် အပါအ၀င် ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး၊ ကိုမြတ်သူနှင့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ်မှ သံဃာတော် တပါးတို့ ဖြစ်ကြောင်းသိရသည်။

ကိုဌေးကြွယ်နှင့်အတူ အဖမ်းခံခဲ့ရပြီး ၈၈ ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးတို့ မှာလည်း မိသားစုများနှင့် ဝေးကွာသည့် အကျဉ်းထောင် အသီးသီးတွင် နှစ်ရှည် ထောင်ဒဏ်များ ကျခံနေရသည်။

ဘူးသီးတောင်ထောင် အပါအ၀င်မြန်မာနိုင်ငံ တ၀န်းရှိ ထောင်အသီးသီးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦး ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ ထုတ်ပြန်ချက် အရ သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့