..............................

Friday, August 20, 2010

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်ခဲ့သူများ တရားဝင်နေထိုင်ခွင့် ရမည်

မြတ်ခိုင်ဦး
၁၉ သြဂုတ် ၂၀၁၀

ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့် ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီမှ စဉ်းစားနေပြီ ဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အဖြစ် နှစ်ပေါင်း (၂၀၊ ၃၀) နေထိုင်လာခဲ့သည့် ရွှေ့ပြောင်း နေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့် အဆင့်အတန်းနှင့် ညီမျှသော အဆင့်အတန်း တခု ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက စဉ်းစားနေပြီ ဖြစ်ကြောင်း ကော်မတီ အထွေထွေ အတွင်းရေးမှူး ခွန်သဝီ ပလီယန်စရီက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင် အလုပ် လုပ်ကိုင်နေသော လူဦးရေ (၃) သန်းနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသော အစည်းအဝေးတွင် အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်ခဲ့ပြီး (၈၀) ရာခိုင်နှုန်းသည် ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် နေထိုင်နေသောသူများအား သက်ဆိုင်ရာနံပါတ်ဖြင့် အမျိုးအစား ခွဲခြားထားပြီး ထိုင်းနိုင်ငံသား အပါအဝင် အထောက်အထား လက်မှတ် ကိုင်ဆောင် ထားသူများသည် ဂဏန်း (၁၃) လုံးပါသော ကိုယ်ပိုင် သက်သေခံ အမှတ် ရှိကြကာ ရွှေပြောင်း အလုပ်သမားများ၏ အမှတ်စဉ်မှာ (၀၀) ဖြင့် စတင်သည်။

ထိုင်းနိုင်ငံအတွင်း အမြဲတမ်း နေထိုင်ခွင့် ရမည့်သူများသည် ပထမအဆင့် အုပ်စုတွင်ပါဝင်ပြီး လူဦးရေ (၂) သိန်းခန့် ရှိကာ ၎င်းတို့ကို ထုတ်ပေး ထားသော ယာယီနေထိုင်ခွင့် မှတ်ပုံတင်တွင် နံပါတ် (၆) ဖြင့် စတင်သည်။ ထိုသူတို့၏ ရင်သွေးများမှာ နံပါတ် (၇) ဖြင့် စတင်ပြီး ယင်း ကလေးသူငယ်များသည် ထိုင်းနိုင်ငံသား အဖြစ် ခံယူခွင့် ရရှိမည်ဖြစ်သည်။

ဒုတိယအမျိုးအစားမှာ နေထိုင်ခွင့် (၁၀) နှစ်ကတ်ဟု လူသိများပြီး (၀) ဖြင့်စတင်၍ လူဦးရေ (၅) သိန်းခန့် ရှိနေပြီး တရားဝင် အထောက်အထား ထုတ်ပေး ထားသူများမှာ (၁) သိန်းခန့်သာ ရှိသေးကာ ကျန်သူများကို ဆက်လက်စာရင်း ကောက်ယူရန် စဉ်းစားမည်ဖြစ်သည်။

တတိယအမျိုးအစားမှာ အထူးသဖြင့် ဒုက္ခသည်များကို ဆိုလိုပြီး ထိုင်းခရိုင် (၄) ခုတွင်ရှိသော စခန်း (၉) ခုတွင် နေထိုင်သူများ ဖြစ်ကာ အချို့မှာ ရိုဟင်ဂျာနှင့် မြောက်ကိုးရီးယား လူမျိုးများ ပါဝင်မည်ဖြစ်သည်။ ထိုသူများအား လူသားချင်း စာနာမှုအဖြစ် ယာယီ နေထိုင်ခွင့် ပေးထားမည် ဖြစ်သော်လည်း အမြဲတမ်း နေထိုင်ခွင့် ရဦးမည် မဟုတ်ပေ။

စတုတ္ထအမျိုးအစားမှာ ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် လာရောက်ပြီး နေထိုင်ခွင့် လွန်သွားသူများဟု သတ်မှတ်သည်။

ထို့အပြင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း မွေးဖွားလာသော ကလေး သူငယ်များအား နိုင်ငံသား ဖြစ်ခွင့်ကိုလည်း စဉ်းစားသွားမည်ဖြစ်သည်။ အဆိုပါ ကလေးများ အကြားတွင် မိဘမဲ့ ကလေးဦးရေ (၂,၉၀၀) ခန့် ရှိနေသည်ဟု သိရသည်။

ထိုသို့အမြဲတမ်း နေထိုင်ခွင့်ရရှိမည့်သူများသည် အစိုးရထံ အခွန် ဆောင်ရမည်ဖြစ်ပြီး နေထိုင်စဉ် ကာလ အတွင်း နေထိုင်ရာ ဒေသ၏ လုပ်သား လိုအပ်ချက်အပေါ် မူတည်၍ အလုပ် ရရှိမည်ဖြစ်သည်။

မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတဦးက သူမ ကိုင်ဆောင်ထားသော လက်မှတ်သည် နံပါတ် (၆) ဖြင့် စတင်ပြီး ရင်သွေး ငယ်မှာလည်း အလားတူ ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် အဆိုပါ ကလေးသည် ၁၉၉၅ နောက်ပိုင်း မွေးဖွားလာသူဖြစ်၍ နိုင်ငံသား ဖြစ်ခွင့် ရှိမည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့