..............................

Wednesday, August 18, 2010

ထိုင်းသို့ ကျောက်မီးသွေးနှင့် လျှပ်စစ် တင်ပို့နိုင်ရေး နအဖ စိုင်းပြင်း

စိုးမိုး
၁၇ သြဂုတ် ၂၀၁၀

ကျောက်မီးသွေး တန်သန်းချီ ထွက်ရှိသည့် ရှမ်းပြည်နယ် မိုင်းခုတ်မှ ကျောက်မီးသွေးများ တူးဖော် ထုတ်ယူရေးနှင့် ကျောက်မီးသွေးသုံး လျှပ်စစ် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေး အတွက် နအဖက ရထားလမ်း ဖောက်လုပ် နေပြီဖြစ်သည်။

တောတောင်ထူထပ်သည့် အပစ်ရပ် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေများနှင့် ရှမ်းပြည်နယ် အတွင်းရှိ အခြားသော လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ နယ်မြေများအတွင်း စစ်ရေး မဟာဗျူဟာ ကျကျ ရထားလမ်းကို ဖြတ်သန်း ဖောက်လုပ် ထားခြင်းကြောင့် နအဖက စီးပွားရေးသာမက စစ်ရေးအတွက်ပါ ယင်းရထားလမ်းကို အသုံးပြု လာနိုင်ကြောင်း ရှမ်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ထောက်ပြပြောဆိုကြသည်။

“စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကတဆင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ တကမ္ဘာလုံးကို ပြောနေပါတယ်။ တကယ့် လက်တွေ့မှာတော့ သူတို့တတွေက စစ်ကြီး ဖြစ်လာအောင်ပဲ စစ်ပြင်နေတာပါ။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တိုင်းပြည်တွေ အနေနဲ့ ဒီစစ်ဇုန်တွေမှာ ရင်းနှီးမြှုပ်နှံ သင့်၊ မသင့် ဆိုတာကို အသေအချာ စဉ်းစားပေးပါလို့ ကျနော် သတိပေးချင်ပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) သုတေသီ စိုင်းပင်ခမ်းက ပြောသည်။

မိုင်းခုတ် ကျောက်မီးသွေးမိုင်းများကို ဖြတ်သန်းဖောက်လုပ်မည့် ရထားလမ်းကို အရှိန်မြှင့် ဖောက်လုပ်နေပြီး ယင်းရထားလမ်း ပြီးစီးပါက ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင် လာနိုင်မည်ဖြစ်သည်။

နအဖက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက အဆိုပါ မိုင်းခုတ် ကျောက်မီးသွေးမိုင်းများအား ထိုင်းနိုင်ငံ ဆာရာဘူရီ ကုမ္ပဏီကို နှစ် (၄၀) တူးဖော်ခွင့် ပေးထားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ထိုင်းလုပ်ငန်းရှင်တို့သည် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စက်ရုံ တည်ဆောက်ရေး အတွက်လည်း ကွင်းဆင်း စစ်ဆေးပြီးဖြစ်သည်။

အဆိုပါ မိုင်းခုတ် ကျောက်မီးသွေးမိုင်းများမှ နှစ်ပေါင်း (၄၀) အတွင်း အဆင့်မြင့် ကျောက်မီးသွေး တန်ချိန် သန်း (၅၀) နှင့် အခြားသတ္တု တန်ချိန် သန်း (၁၅၀) ခန့် ထွက်ရှိနိုင်မည်ဟုလည်း ထိုင်းမှ ဆာရာဘူရီကုမ္ပဏီက ခန့်မှန်းထားသည်။

ထိုရထားလမ်း ဖောက်လုပ်မှု စီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာမြေများလည်း အဓမ္မ သိမ်းဆည်း ခံနေရသည်ဟု ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့ (SWAN) က ထောက်ပြ ပြောဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ငြင်းဆန်ထားသည့် ၀ တပ်မတော်အပါအ၀င် အပစ်ရပ်အဖွဲ့များနှင့် လက်နက်ကိုင် ရှမ်းပြည် တပ်မတော် တို့ကို နအဖစစ်တပ်က တိုက်ခိုက်လာမည်ဆိုပါက လက်နက် ရိက္ခာ ဖြည့်ဆည်းပေးမည့် စစ်ရေး မဟာဗျူဟာ ကျသည့် ရထားလမ်းလည်း ဖြစ်ကြောင်း SWAN အဖွဲ့က ဆိုသည်။

“ဒီ ရထားလမ်းသစ်က ခရီးသည်တွေအတွက် မဟုတ်ပါဘူး။ စစ်တပ် တင့်ကားတွေ၊ တာနီးပစ် ပြောင်းတို အမြောက်တွေ အတွက်ပါ” ဟု SWAN အဖွဲ့မှ ယိင်းဟန်ဖက ဆိုသည်။

(၃၆၁) ကီလိုမီတာ ရှည်သည့် အဆိုပါ မိုးနဲ- ကျိုင်းတုံ ရထားလမ်းအား သံလွင်မြစ်ကို ဖြတ်ကာ တည်ဆောက်နေခြင်း ဖြစ်ပြီး ရှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဖြတ်၍ ရှမ်းပြည်အရှေ့ပိုင်းကို ဆက်သွယ်နိုင်သည့် မဟာဗျူဟာ ကျသည့်လမ်းဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့