..............................

Tuesday, August 17, 2010

စက်တင်ဘာ ခေါင်းစဉ်ကြောင့် The Modern Times အပိတ်ခံရ

ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ စာပေစိစစ်ရေးသို့ မူရင်းတင်ပြခဲ့သည့်အတိုင်း မျက်နှာဖုံးတွင် ပါရှိသည့် ဆောင်းပါး ခေါင်းစဉ်ကို “စက်တင်ဘာမှာ ပြန်လာမှာလား မုန်တိုင်း” ဟူ၍ ပြောင်းလဲခဲ့ သဖြင့် ပြည်တွင်းထုတ် The Modern Times ဂျာနယ်ကို စာပေ စိစစ်ရေးက ယခုတပတ်မှ စတင်၍ ထုတ်ဝေခွင့် အကန့်အသတ် မရှိ ရပ်နား လိုက်သည်။

အပတ်စဉ် တနင်္ဂနွေနေ့ထုတ် The Modern Times ဂျာနယ် အတွဲ ၁၊ အမှတ် ၅ ၏ မျက်နှာဖုံးတွင် ဖော်ပြထားသော မိုးလေဝသ သတင်း ဆောင်းပါး ခေါင်းစဉ်ကို ပြင်ဆင်ခဲ့ပြီး၊ ဂျာနယ် မျက်နှာဖုံးကိုလည်း ဖြန့်ဝေမည့် အချောသတ် ပုံစံအတိုင်း ထပ်မံ တင်ပြခဲ့ခြင်း မရှိသည့်အတွက် ထုတ်ဝေခွင့် ရပ်နားခံရခြင်း ဖြစ်သည်။

“စိစစ်ရေးက ခွင့်ပြုထားပြီးသား ခေါင်းစဉ်ကို ပြင်လိုက်တာပေါ့နော်။ သူတို့ မူရင်း တင်ထားတဲ့အတိုင်း မဟုတ်တော့ ဘဲနဲ့ ပြင်သုံး လိုက်တာ။ “စက်တင်ဘာမှာ လာမှာလား” ဆိုတဲ့ ခေါင်းစဉ်ကို ပြောင်းရေးလိုက်တာ။ အဖုံးကိုလည်း ပြင်ထားတဲ့ ဟာကို ပြန်မတင်ဘူး။ အဲဒါကြောင့် ပိတ်ခံရတာ” ဟု ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဘယ်လောက်ပိတ်တယ်ဆိုတာ အတိအကျ မသိရသေးဘူး။ သူတို့ စာပေစိစစ်ရေးကို မူကြမ်း တင်တာကို ပြန်မချ ပေးတော့တာ။ ဘယ်လောက် ပိတ်မယ်၊ ဘယ်လောက် အရေးယူမယ် ဆိုတာ ညွှန်ကြားရေးမှူး လာမှ သိမယ်တဲ့။ ညွှန်ကြားရေးမှူးက အခု နေပြည်တော်မှာ အစည်းအဝေး သွားနေတော့ မသိရသေးဘူးတဲ့” ဟု ပြောသည်။

လတ်တလော ဂျာနယ်ထုတ်ခွင့် ပိတ်ပင်သည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် The Modern Times သို့ မဇ္ဈိမက ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

The Modern Times သည် ပြီးခဲ့သည့် လလယ်ပိုင်းက စတင်ထွက်ရှိလာသည့် သုတစုံ ဂျာနယ် တစောင်ဖြစ်ပြီး ပိုင်ရှင်မှာ မြန်မာနိုင်ငံ ပင်လယ်ကူး သဘောင်္သားများ အသင်း MOSA ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးမင်းအောင်၏ ဇနီးဖြစ်သူ ဒေါ်မွှေးသီတာသိန်း ဖြစ်သည်။

ဂျာနယ်တိုက်မှာ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၅၁ လမ်းတွင် တည်ရှိပြီး ထုတ်ဝေခွင့် လိုင်စင် ပိုင်ရှင်မှာ ဦးမြတ်စိုး (လှိုင်) ဖြစ်ကာ အယ်ဒီတာချုပ်မှာ ဦးအောင်ရဲမောင်မောင် ဖြစ်သည်။

ဂျာနယ်ထုတ်ဝေခွင့် ပိတ်ခံရသည့် အခြားအကြောင်းအရာတခုမှာ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ဖြစ်ရပ်အား “စက်တင်ဘာမှာ ပြန်လာမှာလား” ဟူသည့် ခေါင်းစဉ်ကြောင့် ပြည်သူများ ပြန်လည်သတိရမည်ကို စိုးရိမ်သဖြင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဂျာနယ် အသိုင်းအဝိုင်းက ထင်ကြေးပေး ပြောဆိုနေကြသည်။

“စက်တင်ဘာမှာ ပြန်လာမှာလား ဆိုတဲ့ စာသားကို သူတို့ တော်တော်လေး ထိတ်လန့် သွားပုံရတယ်။ အခုက စက်တင်ဘာ လလည်း နီးနေပြီဆိုတော့ ပြည်သူတွေ ရွှေဝါရောင်ကို ပြန်သတိရမှာ သူတို့ စိုးရိမ်တယ်လေ” ဟု ရန်ကုန်မြို့ရှိ အပတ်စဉ်ထုတ် ဂျာနယ် တစောင်မှ သတင်းထောက်တဦးက ပြောသည်။

ထို့ပြင် မုန်တိုင်းအရေးနှင့် ပတ်သက်၍ ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ် လာနိုင်သဖြင့် ပိတ်ပင်ရခြင်းလည်း ဖြစ်နိုင်ကြောင်း ဂျာနယ်လောကတွင် ပြောဆိုမှုများ ရှိနေသည်။

လက်ရှိတွင် စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေမှာ နေပြည်တော်၌ အစည်းအဝေး တက်နေသည့် အတွက် စာပေ စိစစ်ရေး လုပ်ငန်းများ အားလုံးကို တွဲဖက်ညွှန်မှူး မျိုးမြင့်မောင်က စီစဉ် ညွှန်ကြားနေသည်။

“စိစစ်ရေးနဲ့ စာပေလောက ဆက်ဆံရေးက သိပ်မကောင်းဘူး။ အရင်က ဒါမျိုးဖြစ်ရင် ခံဝန်ချက်ထိုးရင် ရတယ်။ အခုကတော့ မှားလို့ ရှိရင် ပိတ်မှာပဲ၊ အရေးယူမှာပဲ။ အဲဒီလို သွားနေတယ်” ဟု ဂျာနယ် အယ်ဒီတာက ပြောသည်။

ယခုနှစ် မေလတွင် 7 day news ဂျာနယ် သတင်းထောက်က သရုပ်ဆောင် ထက်ထက်မိုးဦးကို တရား စွဲဆိုသော သတင်း ဖော်ပြခဲ့သဖြင့် The Voice ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် တပတ် ရပ်ဆိုင်းခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်လ အစောပိုင်းက အင်ဗွိုင်းနှင့် ပေါ်ပြူလာဂျာနယ် မျက်နှာဖုံးတို့တွင် ဖော်ပြထားသည့် မင်းသမီးတို့၏ ဝတ်စား ဆင်ယင်မှုသည် မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီဟုဆိုကာ ထုတ်ဝေခွင့် တပတ်စီ ရပ်နားခဲ့ပြီး လကုန်ပိုင်းတွင်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်သည့် ဆောင်းပါးရှင် အောင်ထွဋ်၏ နိုင်ငံရေး ဆောင်းပါး တပုဒ်ကြောင့် The Voice ဂျာနယ်ကို ထုတ်ဝေခွင့် ၂ ပတ် ပိတ်ခဲ့သည်။

The Modern Times သည် ဇူလိုင်လမှ ယခုလလယ်ပိုင်းအထိ တလခွဲအတွင်း ထုတ်ဝေခွင့် ရပ်ဆိုင်း ခံခဲ့ရသည့် ၄ စောင်မြောက် ဂျာနယ် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့