..............................

Monday, August 16, 2010

စိန်ခေါ်သူကို စိန်ပြန်ခေါ်နိုင်အောင် ပြင်ဆင်ကြ

ရဲဘော်ဖိုးသံချောင်း
၁၆ သြဂုတ် ၂၀၁၀

အကုန်ပြင်ဆင်ပြီးမှ စိန်ခေါ်လိုက်တယ်ဆိုတာ ဘယ်သူမှ မငြင်းတာ သေချာပါတယ်။ သူ့ခွင်၊ စစ်စကားနဲ့ ပြောရရင် သူ့သတ် ကွင်းထဲ ၀င်လာအောင် လုပ်ပြီး စိန်ခေါ်လိုက်တာ ဖြစ်တယ်ဆိုတာ သတိ ပြုသင့်ပါတယ်။ ဒီလို အရေးပါလှတဲ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ဖို့ အချိန်အားဖြင့် (၂) လနဲ့ (၂၃) ရက်ကြီးများတောင် ပေးထားတယ်။ တချို့က ပါတီ ထောင်ခွင့်ရတာမှ ရက်ပိုင်း ရှိသေးတယ်။

နအဖစစ်အစိုးရက ဗြုန်းစားပဲ နိုဝင်ဘာလ (၇) ရက်လို့ သတ်မှတ် ကြေညာလိုက်တော့ လူတိုင်းဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်က လွတ်မယ့်ရက် မတိုင်ခင် စီစဉ်တာပဲ ဆိုတာကို ပြေးမြင် မိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလည်း သူက ဒီ အတုအယောင် ရွေးကောက်ပွဲကို ၀င်မှာ မဟုတ်ဘူးဆိုတာ အားလုံး သိနေလျက်နဲ့ နအဖ ဗိုလ်ချုပ်တွေ ဘာကြောင့် ဒါလောက် ကြောက်လန့် နေကြတာလဲ ဆိုတာ စဉ်းစားစရာပါ။ မလုံတဲ့အမိုး တုတ်ထိုးရုံနဲ့ပြဲ ဆိုတာလို ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်က ထွက်ရတဲ့နောက် သူတို့ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောလာ ဆိုလာမှာကို ကြောက်လို့ ဖြစ်ပါတယ်။ သေချာနေတာက နအဖ စစ်အစိုးရဟာ စိန်ခေါ်တယ် ဆိုပေမယ့် သူတို့ ကြောက်တဲ့ အရာတော့ ရှိသေးတယ်ဆိုတာ ဖြစ်ပါတယ်။

နောက်ထူးခြားချက်တခုက ဒီတခါ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေ သတ်မှတ်ပုံပဲ ဖြစ်ပါတယ်။ အကြမ်းဖျင်း အားဖြင့် သူတို့က မဲဆန္ဒနယ်ကို မြို့နယ်တွေ အခြေခံပြီး သတ်မှတ်တယ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ ဘယ်လိုဖြစ်လာမလဲ။ ဘာလို့ ဒီလိုလုပ်တာလဲ။ လက်တွေ့ ဖြစ်လာမှာပေါ်ကနေပဲ ပြောပါ့မယ်။ အလွယ်ဆုံး ပြောရရင် မဲဆန္ဒနယ်တွေဟာ လူဦးရေအပေါ် အခြေခံပြီး သတ်မှတ်တာ မဟုတ်တော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားပြုမှုဟာ လူအပေါ်မှာ အခြေခံတာ မဟုတ်ဘဲ နအဖရဲ့ လူတွေ အကျိုးရှိမှု အပေါ်မှာ အခြေခံတာ ဖြစ်နေပါတယ်။

လူဦးရေအရပြောရရင် မချမ်းဘော မြို့နယ်က (၈,၀၀၀)၊ မြို့နယ်က (၅,၅၀၀) လောက်သာရှိပြီး ခေါင်လံဖူး မြို့နယ် ဆိုတာ ကလည်း ထောင်ဂဏန်း လောက်သာ ရှိတာပါ။ မန္တလေးက မြို့နယ်တွေကတော့ လူဦးရေ သိန်းချီ ရှိကြတာပါ။ ဒီတော့ ဒါတွေကို တတန်းထည်း ထားတယ်ဆိုတာ ကျိုးကြောင်း ဆီလျော်တယ်လို့ ဆိုနိုင်ပါ့မလား။ အခုအတိုင်း ဆိုရင် လူဦးရေ (၁၂) သိန်းကျော်ရှိတဲ့ ကချင်ပြည်နယ်က အမတ် (၁၈) ယောက်၊ လူဦးရေ (၂၆) သိန်းကျော်ရှိတဲ့ မကွေးပြည်နယ်က အမတ် (၂၅) ယေက်၊ လူဦးရေ (၄) သိန်း (၈) သောင်းရှိတဲ့ ချင်းပြည်နယ်က (၉) ယောက် ထွက်လာမှာပါ။ အချိုးသဘော ပြောရရင် ကချင်ပြည်နယ်မှာ လူဦးရေ (၆) သောင်း ကျော်ကို အမတ် (၁) ယောက်၊ မကွေးတိုင်းမှာ လူဦးရေ (၁) သိန်းကျော်ကို အမတ် (၁) ယောက်၊ ချင်းပြည်နယ်မှာတော့ လူဦးရေ (၅) သောင်းကို အမတ် (၁) ယောက်က ကိုယ်စားပြုတာ ဖြစ်ပါလိမ့်မယ်။ အခု တင်ပြခဲ့တဲ့ လူဦးရေဆိုတာ လူဦးရေ အားလုံးကို ပြောတာပါ။ မဲပေးနိုင်သူဦးရေ မဟုတ်သေးပါဘူး။ တဆက်တည်း ထောက်ပြ သင့်တာက လူဦးရေ မပြောစလောက်သာ ရှိတဲ့ ကြပ်ပြေးမှာကျတော့ အမတ်နေရာ (၅) နေရာတောင် သတ်မှတ်ထားတာ၊ ကချင်ပြည်နယ်က အမတ်ဦးရေဟာ ကရင်ပြည်နယ်ရဲ့ နှစ်ဆခွဲလောက် ဖြစ်နေတယ် ဆိုတာတွေပါပဲ။

ဒီအခြေအနေတွေက ဘာကိုပြနေသလဲ။ နအဖဟာ တိုင်းရင်းသားလူမျိုးစုတွေကို အထူးနေရာ ပေးနေတာ၊ ဂရုစိုက် နေတာလား။ မဟုတ်ရေးချ မဟုတ်ပါဘူး။ အဲဒီ တချို့လူမျိုးစု နယ်မြေတွေမှာက စစ်တပ်က အတင်း ၀င်ဖိနှိပ်ထားတာ၊ လူထုကို စစ်တပ် သဘောကျ အတင်းအကျပ် မဲပေးခိုင်းလို့ရတဲ့ အနေအထားမှာ ရှိတယ်။ သူတို့ရဲ့ ဒီလိုအစွမ်းကို အဆင်မပြေဖြစ် နိုင်စေလောက်တဲ့ ကချင် တိုးတက်ရေး ပါတီလို ဟာကိုတော့ ပါတီဖွဲ့ခွင့် မပေးဘဲ ထားလိုက်တယ်။ အဲဒီလို သူတို့နိုင်ဖို့ သေချာတယ်လို့ ထင်တဲ့ နေရာတွေမှာ မဲဆန္ဒနယ်တွေ ပိုသတ်မှတ် ထားလိုက်တာသာ ဖြစ်ပါတယ်။

ဒီလိုလုပ်ရာမှာ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ သမိုင်းပြဿနာတွေကို နည်းနည်းမှ ထည့်စဉ်းစားတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီလို ရွေးကောက်ပွဲ ကိစ္စကနေ တင်ကျန်ရစ်တဲ့ ရိုဟင်ဂျာ ပြဿနာဟာ ကနေ့အထိ ရှင်းလို့ မပြီးဘူး မဟုတ်ပါလား။ နောက်ပြီး ဗိုလ်နေ၀င်းတို့က စစ်သားကောက် ကောင်းအောင် နိုင်ငံသားအဖြစ် အသိအမှတ် ပြုခဲ့တဲ့ကိစ္စ။ ဒါ့အပြင် တခြားဒေသ တွေမှာလည်း မပြီးမပြတ် သေးတာတွေ၊ ထပ်ပေါ်လုဆဲဆဲ ဖြစ်နေတာတွေက မနည်းပါဘူး။ ဒါတွေက ဖော်ပြနေတာ ကတော့ တိုင်းပြည်မှာ အာဏာရှိတဲ့သူဟာ ဘာမဆို လုပ်လို့ရတယ်၊ လက်နက်ရှိတဲ့ လူဟာ ဘာမဆို လုပ်လို့ ရတယ်ဆိုတဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေပါပဲ။ ဒီကနေဆက်ပြီး တိုင်းပြည်မှာ အာဏာ ရှိတဲ့သူဟာ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဆို နိုင်စေချင်လို့ ဖြစ်တယ်၊ လက်နက်ရှိတဲ့လူဟာ ဘယ်သူ့ကို မဆို မဲပေးခိုင်းလို့ ရတယ် ဆိုတာကို ဖော်ပြ ပါလိမ့်ဦးမယ်။

ပြည်သူတွေဘက်ကပြောရင် ဒါတွေဟာ မျှော်မှန်းမထားတာ၊ တွက်မထားတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ် ကိုယ် လိမ်သူ မဟုတ်ရင် အလွယ် ကြိုမြင်နိုင်တဲ့ အချင်းအရာ တွေသာ ဖြစ်ပါတယ်။ ဒီပွဲဟာ ကြံ့ဖွံ့နဲ့ တစညတို့ရဲ့ လိမ်ဆင် တိုက်ပွဲပဲ ဖြစ်မှာပါ။ ကျန်တဲ့ အဖွဲ့တွေကတော့ တိုက်ကြက်တွေ အတွက် အနာခံ လေ့ကျင့်ပေးရတဲ့ “ခွပ်လက်ခံ” တွေလိုပဲ ဖြစ်မှာပါ။ နအဖ အနေနဲ့ စေတလုံး ရနေတာ၊ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ သူ့ခြေ သူ့လက်ချည့် ဖြစ်နေတာလို့ ထင်ပြီး စိတ်ဓာတ်ကျ၊ အားပျက်ဖို့ မလိုပါဘူး။

ဒီနေ့ နအဖက ရွေးကောက်ပွဲလုပ်တာမှာ ၁၉၇၄ ခုနှစ်တုန်းက မဆလလောက် မီးသေတယ်လို့ ဆိုနိုင် လို့လား။ အဲဒီတုန်းက အတိုက်အခံ ရယ်လို့ (ဥပဒေအတွင်းမှာ) တယောက်မှ မရှိ၊ ပြည်ပ မီဒီယာတွေကနေ မတူတဲ့ လေသံတွေ လွှင့်ပေး နေတာတွေလည်း မရှိပါဘူး။ ဒီလိုနဲ့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလပါတီဟာ ၁၉၇၄ ခုနှစ် ရွေးကောက်ပွဲမှာ ခွင်လုံးကျွတ် အနိုင်ရခဲ့ ပါတယ်။ ဒါပေမယ့် မဆလက တပြည်လုံးမှ တနေရာ မကျန် နိုင်သွားလို့ တိုင်းပြည်ရဲ့စီးပွားရေး၊ ပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘ၀တွေ ပိုကောင်း လာပါသလား။ ဝေလားဝေး မဟုတ်လား။ အဲဒီတော့ ဘာဖြစ်လာသလဲ။ မြန်မာပြည် အလုပ်သမား သမိုင်းမှာ ဂုဏ်ပြောင်လှတဲ့ ၁၉၇၄ ပြည်လုံးကျွတ် အလုပ်သမား သပိတ်တွေ ပေါ်လာ တော့တာပါပဲ။ ဒီလိုနဲ့ ရွေးကောက်ပွဲ နိုင်ကာစ၊ တောင်ရှည် ပုဆိုးဝတ်ကာစ ဗိုလ်ချုပ်တွေ သွေးပျက် ခဲ့ရပါတယ်။ အဲဒီနောက်တော့ ၁၉၇၅၊ ၁၉၇၆ သပိတ်တွေ တချီပြီးတချီ ဆက်တိုက် ပေါ်ပေါက် လာခဲ့ပါတော့တယ်။ အားလုံးဟာ မိုးပြိုမြေသိမ့် တိုက်ပွဲတွေပါ။ ရှစ်လေးလုံး အရေးတော်ပုံဟာ အဲဒီ တိုက်ပွဲတွေရဲ့ အဆက် ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

အခုလည်းပဲ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်ဆိုတဲ့ ပေါ်လစီနဲ့ အစိုးရလုပ်လာမယ့် ခေါင်းပေါင်းဝတ် စစ်အုပ်စု ၀င်တွေကို လူထုရဲ့ အင်အားကို မြည်းစမ်း စေရပါမယ်။ ဒင်းတို့ကို ချက်ချင်း စိန်ခေါ်နိုင်အောင် အခုကတည်းက ပြင်ရပါမယ်။ မလိုအပ်ဘဲ ကိုယ့်အင်အားတွေ မဆုံးရှုံးအောင် ထိန်းသိမ်း ရပါမယ်။ နအဖရဲ့ခွင်ထဲကို ကိုယ်က တိုးဝင်တာ မဟုတ်ဘဲ ဒင်းတို့ကို ကိုယ့်ခွင်ထဲ ခေါ်သတ်တဲ့ အခြေအနေ ရောက်အောင် တည်ဆောက် ပြင်ဆင် ကြရပါမယ်။ ဒါ့အပြင် ရွေး ကောက်ပွဲ အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ပြည်တွင်းပြည်ပ နိုင်ငံရေး လှိုင်းလုံးများကို ကျော်လွှားဖို့လည်း ပြင်ဆင်ရပါ တော့မယ်။

မှန်တာပြောရရင် အတိုက်အခံတွေအဖို့လည်း စိတ်ကူးယဉ်လို့ မရတော့တဲ့ အခြေအနေကို ရောက်သွားပါပြီ။ လက်တွေ့ ရဲဝံ့စွာ ရင်ဆိုင် ကြပါစို့။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့