..............................

Friday, August 20, 2010

ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ

မျိုးချစ်သူ / ၁၉ သြဂုတ် ၂၀၁၀

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စား ၀င်ရောက်အရွေးခံ လိုသော အများပြည်သူများသည် ၎င်းတို့ ပါတီသို့ ဆက်သွယ် နိုင်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

ရွေးကောက်ပွဲကော်မရှင်ထံ အမတ်လောင်းများ စာရင်းတင်ပြရမည့်ရက်ကို သြဂုတ် (၁၆) ရက်မှ သြဂုတ် (၃၀) ရက်အထိ ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာခဲ့ခြင်းကြောင့် ယင်းပါတီအနေဖြင့် အခက်အခဲများ တွေ့ကြုံနေရကာ အထက်ပါ အတိုင်း ပြည်သူများထဲမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမည်ကို အသုံးပြုကာ လွှတ်တော် အမတ်များအဖြစ် လျှောက်နိုင်ရန်အတွက် ကမ်းလှမ်း လိုက်ခြင်းဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)သည် မြန်မာနိုင်ငံတွင် နေရာဒေသ (၂၀၀) ကျော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ် ထားသော ပါတီဖြစ်သည်။

“အခုနေရာ (၁၀၀) တောင် ပြည့်ဖို့မလွယ်ဘူး။ အဲဒီအတွက် ပြည်သူတွေထဲက ဘယ်သူတွေက လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်နိုင်မလဲ ဆိုတာကို မီဒီယာတွေကတဆင့် ပြောရတော့မယ် အချိန်လည်း ကပ်လာပြီ” ဟု ဦးသုဝေက ပြောသည်။

ထို့အပြင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေဖြင့် ၎င်းတို့ရရှိခဲ့ပြီးသား အမတ်လောင်း (၁၀၀) ခန့်ထဲမှ လျော့ကျ သွားနိုင်မည် ဟုလည်း ထင်ကြောင်း ဦးသုဝေက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရန်ကုန်တွင် နေရာအနှံ့ မဲဆွယ်စည်းရုံးမှုများ လုပ်နေသည့် အပြင် မက်လုံးပေး စည်းရုံးမှုတို့ကြောင့် အခြားပါတီများ အနေဖြင့် ကိုယ်စားလှယ် ရရှိစေရေး စည်းရုံးရန် ခက်ခဲကြောင်း ပါတီများက တညီတညွတ်တည်း ပြောဆိုကြသည်။

“ကြံ့ဖွံ့ပါတီက အစိုးရကြောထောက်နောက်ခံ ပြုထားတဲ့ပါတီ ဆိုတာလည်း လူတိုင်း သိကြပါတယ်။ သူတို့အတွက် ငွေကြေး အခက်အခဲ လုံးဝ မရှိဘူး။ တနိုင်ငံလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့က ရွေးချယ်တဲ့အခါ ဘယ်သူက ဘာဆိုတာကို သိနေဖို့လိုတာ အရေးကြီး နေပါတယ်” ဟု ရန်ကုန်မှ စာရေး ဆရာတဦးက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)က လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆက်သွယ်နိုင်ကြောင်း ပြည်သူသို့ ပန်ကြားလွှာ ထုတ်ပြန်သကဲ့သို့ အခြား ပါတီများ အနေဖြင့်လည်း ယင်းသို့ ဆောင်ရွက်လာနိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက “ကျနော်တို့ ပါတီကတော့ (၅) နေရာကို ပြိုင်မှဖြစ်မယ်။ အရင်ကပဲ ပြောထား ပြီးသားပါ။ ကျနော်တို့ပါတီကို နာမည် သုံးပြီးတော့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် လျှောက်ထား ချင်သူတွေက ဆက်သွယ် နိုင်တယ် ဆိုတာပါပဲ” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် (၁၃) ရက်တွင် တရားဝင် ကြေညာခဲ့သည်။

ယခုအခါ ရွေးကောက်ပွဲဝင်ရန် ပါတီပေါင်း (၄၀) ကျော် လျှောက်ထားကြရာ (၃၉) ပါတီကို မှတ်ပုံတင် ချပေးခဲ့ပြီး ပါတီဝင်စာရင်း တင်ပြပြီးသော ပါတီမှာ (၁၇) ပါတီသာ ရှိသေးသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော စာရင်းများအရ သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့