..............................

Friday, August 20, 2010

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ထုတ်ပစ်မှု အဖွဲ့အတွင်း မကျေနပ်ကြ

ရဲရင့်
၁၉ သြဂုတ် ၂၀၁၀

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရာတွင် ပိုလျှံသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်အား အဖွဲ့မှ ထုတ်ပယ်လိုက်သည့် အကျိုးဆက်ကို ဒီကေဘီအေ ခေါင်းဆောင်များ ပေးဆပ် ကြရမည်ဟု အပယ်ခံ တပ်မှူးတဦးက ပြောကြားသည်။

လက်နက်ကိုင် အင်အား (၃,၀၀၀) ကျော်ရှိသည့် ဒီကေဘီအေ အဖွဲ့ကို နယ်ခြားစောင့်တပ် အသွင် ပြောင်းရာတွင် နအဖမှ တပ်ရင်း (၃) ရင်းစာ စစ်သည်အင်အား (၁,၀၀၀) ခန့်သာ လက်ခံ သောကြောင့် ကျန်တပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်ကို အဆင့်အလိုက် နစ်နာ ကြေးပေးကာ အဖွဲ့မှ ထုတ်ပယ် လိုက်သည့်အတွက် အပယ်ခံများအကြား မကျေနပ်မှုများ ဖြစ်ပေါ်နေသည်။

“ဒီကိစ္စကို ပြေလည်အောင် မညှိနှိုင်းဘဲ အဖွဲ့ဥက္ကဋ္ဌ ဦးသာထူးကျော်နဲ့ ဒု-ဥက္ကဋ္ဌ စောကျော်သန်းတို့ဟာ သူတို့ ကိုယ်ကျိုးအတွက် နအဖနဲ့ ပေါင်းပြီး တချိန်က ကိုယ့်အမျိုးသား အတွက် အသက်ပေး အတူတွဲ တိုက်ပွဲ ၀င်လာခဲ့ကြတဲ့ ရဲဘော် ရဲဘက်တွေရဲ့ သစ္စာကိုမှ မထောက်ဘဲ ကိုယ့်အမျိုးသား တပ်ကို ဗမာတပ်ထဲသွင်းပြီး ကျန်တဲ့ လူတွေကို မျက်နှာလွှဲ ခဲပစ် လုပ်တာကို အများစုက လုံးဝ မကျေနပ်ဘူး။ ဒီဆိုးကျိုးတွေကို သူတို့ ပေးဆပ်ရမှာ ဖြစ်တယ်” ဟု အဆိုပါ တပ်မှူးက ပြောသည်။

မြ၀တီခရိုင်အခြေစိုက် ဒီိကေဘီအေ (၉၉၉) မှ ထုတ်ပယ်ခံရသည့် အသက် (၅၀) အရွယ်ရှိ စောစေးက “အမျိုးသားရေး အတွက် လုပ်ဆောင် ခဲ့တာတွေဟာ နောက်ဆုံးမှာ လူငယ်တွေ ဗမာ စစ်သားဖြစ်ပြီး အသက် အရွယ်ကြီးသူတွေ တပ်က အထုတ် ခံလိုက်ရတယ်။ အရာရှိ အဆင့်တွေကို တောထဲမှာ မြေတကွက်နဲ့ နစ်နာကြေး တချို့ပေးပြီး ရဲဘော်တွေ ကျတော့ မြေကွက်တောင် မရဘဲ ကျပ် (၁) သိန်း၊ (၂) သိန်းလောက်နဲ့ ကျေနပ် လိုက်ရတာတွေ ရှိတယ်။ အောက်ခြေ ရဲဘော်တွေက မကျေနပ်ပေမယ့် ဘာမှ မတတ်နိုင်တော့ဘူး။ ဒီပြဿနာဆက်က အခြေအနေတွေ ရှုပ်ထွေးပြီး ကရင်တွေ အချင်းချင်း သတ်ဖြတ်ကြမယ့် အခြေ ဆိုက်ဦးမယ်” ဟု ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းသည့် စစ်ရေးပြပွဲကို မြိုင်ကြီးငူ ဌာနချုပ်တွင် ယမန်နေ့၌ ပထမအသုတ် အဖြစ် စတင် ကျင်းပခဲ့သည်။

ဒုတိယအသုတ်အဖြစ် ယခုလ (၂၀) ရက်တွင် (၉၉၉) တပ်မှ ဗျူဟာမှူး စောချစ်သူအဖွဲ့က မြ၀တီမြို့နယ်ရှိ မယ်ပလက်ရွာ၌ လည်းကောင်း၊ တတိယ အသုတ်အဖြစ် (၂၄) ရက်တွင် ဒီကေဘီအေ ကလို့ထူးဘော ဒေသမှ ဗိုလ်မှူးကြီး စောမောသို ဦးစီးအဖွဲ့ က မြ၀တီမြို့နယ်ရှိ မေတ္တာလင်းမြိုင်ရွာ၌ လည်းကောင်း ပြုလုပ်မည်ဟု သိရသည်။

မြိုင်ကြီးငူတွင် ယမန်နေ့က ပြုလုပ်သည့် ဌာနချုပ်တပ်ရင်းများ ကိုယ်စားပြု နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၀၄) အသွင် ပြောင်းပွဲကို နအဖ အဆင့်မြင့်အရာရှိများ တက်ရောက် ခဲ့ကြသည်။

ဒီကေဘီအေ ဒု-ဥက္ကဋ္ဌစောကျော်သန်းက “တောထဲမှာ ကျန်ရှိနေသေးတဲ့ ကျနော်တို့ သွေးချင်း ညီအစ်ကိုတွေလည်း ကိုလိုနီနယ်ချဲ့ ဖက်ဆစ်တွေနဲ့ ပြည်ပြေး နိုင်ငံရေးသမား သစ္စာဖောက်များရဲ့ သွေးထိုး မြှောက်ပင့်နေကြတာကို နားမယောင်ဘဲ အားလုံးရဲ့အကျိုးကို ဆောင်ရွက်တဲ့ ပြည်ထောင်စု စိတ်ဓာတ်နဲ့ သယ်ပိုး ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏ ဂုဏ်ပြုချီးမြှင့်ငွေဟု ဆိုကာ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက ဒီကေဘီအေ အဖွဲ့သို့ ကျပ်ငွေ (၂,၃၈၃) သိန်းနှင့် ဒုက္ခိတ ဖြစ်သွားသည့် တပ်ဖွဲ့ဝင် (၄၀) တို့အား နစ်နာကြေးများ ပေးအပ်ခဲ့သည်။

ဒီကေဘီအေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့သော်လည်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး အမည်ဖြင့် အဖွဲ့နာယက ဆရာတော် ဦးသုဇန၊ ဥက္ကဋ္ဌ ဦးသာထူးကျော်တို့ ဦးဆောင်ကာ ဆက်လက် တည်ရှိနေမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ နှစ် ဒီဇင်ဘာ (၂၁) ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့