..............................

Saturday, August 14, 2010

ဒေါ်စု ရွေးကောက်ပွဲတွင် မပါနိုင်ရန် အကွက်ချစီစဉ်ဟု ဦးဝင်းတင် ပြော

ဝီရ
၁၃ သြဂုတ် ၂၀၁၀

၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖ စစ်အစိုးရက ကြေညာလိုက်ခြင်းသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်မှု မရှိစေရန် တမင်အကွက်ချ၍ စီစဉ် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ထိပ်ပိုင်း ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ဝေဖန်လိုက်သည်။

“ဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု ရှိမှာ မဟုတ်ဘူးလို့ ဒေါ်စုက ပြောထားပြီးသားပါ။ အခု ရွေးကောက်ပွဲ ကျင်းပ ရက်ကိုလည်း ဒေါ်စု မလွတ်သေးတဲ့ ကာလမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတာ ဖြစ်တယ်။ ဒါက ဒီရွေးကောက်ပွဲမှာ အစကတည်း ကိုက ဒေါ်စု မပါအောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင် အကွက်ဆင် စီစဉ်ထားတယ် ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည် ဖြစ်ပြီး ယခု ရွေးကောက်ပွဲကို သူမ လွတ်မြောက်ရက် မတိုင်မီ တပတ်အလိုတွင် ကျင်းပရန် စီစဉ်သည့် အပေါ် ဦးဝင်းတင်က ပြောကြား လိုက်ခြင်းဖြစ်သည်။

၎င်းက “ရွေးကောက်ပွဲ လုပ်တဲ့ကာလမှာ ဒေါ်စု အပြင်မှာရှိနေရင် သူတို့အတွက် အန္တရာယ်များတယ် သို့တည်းမဟုတ် အနှောင့်အယှက် ဖြစ်စေ နိုင်တယ်လို့ ယူဆလို့ ဒီလိုလုပ်တာလို့ ကျနော် မြင်တယ်။ ဒါက အဓိက အချက်ပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် မတ် (၈) ရက်ထုတ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများ အနေဖြင့် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု အတိအလင်း ဖော်ပြထားပြီး ထောင်ဒဏ် ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု နအဖ စစ်အစိုးရက ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်း ရမည်ဟုလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “လာမယ့် နိုဝင်ဘာ (၁၃) ရက်နေ့ဆိုရင်၊ ဥပဒေအရ ဆိုရင် ဒေါ်စု ပြန်လွတ်မယ်ပေါ့။ အခုကျခံခဲ့တဲ့ သက်တမ်း ကာလ တလျှောက်မှာ ဒေါ်စုက ကောင်းကောင်း မွန်မွန်နဲ့ နေထိုင်ခဲ့တယ်။ စစ်အစိုးရက အဲဒီမတိုင်ခင် ကျင်းပတယ်ဆိုတာ ဒီလွတ်ရက်ကို ရှောင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ်လို ဆုံးဖြတ်တာလဲတော့ မသိပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော် ဝင်ရောက်လာသော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ် အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ် အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

အဆိုပါ တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်၍ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် (၁၈) လ ကျခံစေရန် ပြစ်ဒဏ်ကို ပြောင်းလဲ ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “ဒေါ်စုကို အခုချထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) ဆိုတာက တရားစီရင်ရေး အာဏာ မဟုတ်ဘူး။ အုပ်ချုပ်ရေး အာဏာဖြစ်တယ်။ အာဏာအရ စည်းကမ်းချက် သတ်မှတ်ပြီး နေအိမ် အကျယ်ချုပ် လုပ်ထားတာ ဖြစ်တယ်။ (၄၀၁) က အများဆုံး (၁) နှစ်ခွဲပဲ ကျခံရတယ်။ အခုဟာက ဆိုင်းငံ့ အပြစ်ဒဏ် (၁) နှစ်ခွဲက အခြေအနေအရ ကောင်းကောင်းမွန်မွန် နေထိုင်ရင် ဖျက်ချင် ဖျက်လိုက်မယ်။ ဒါမှမဟုတ် ကျန်တဲ့ (၁) နှစ်ခွဲက အစကနေပြန်စပြီ ချရင်လည်း ရတယ်။ (၂) မျိုး ရှိတယ်ပေါ့” ဟု ပြောဆိုသည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်သတ် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လာမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေများအရ ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သဖြင့် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အတိအလင်း ကြေညာထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ ဒေါ်အောင်ဆန်း စုကြည်၏ လွတ်မြောက်ရက် အတိအကျကို မသိရှိနိုင်ကြောင်း ပြောကြားသည်။

“ဒေါ်စုကို စွဲချက်တင်တာက ၂၀၀၉ မေလ (၅) ရက်နေ့ကပါ။ မေ (၁၄) မှာ အင်းစိန်ထောင်ကို ခေါ်သွားတယ်။ နောက်ဆုံး ပြစ်ဒဏ်ချတာက သြဂုတ် (၁၁) ရက်နေ့မှာ ချတာဖြစ်တယ်။ ဒါပေမယ့် စစ်အစိုးရက ဘယ်ရက်ကနေ စရေတွက်ပြီး ပြစ်ဒဏ်ချတာ မသိတော့ လွတ်ရက် အတိအကျကို ကျနော်တို့ မသိနိုင်ဘူး။ အခုလိုမျိုး နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲလုပ်ရင် ဒေါ်စုကို အဲဒီနောက်ပိုင်းမှ လွှတ်ဖို့ရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနိုင်ငံရေးသမား (၂,၁၀၀) ကျော်တို့၏ ပါဝင်ခွင့် အခန်းကဏ္ဍကို လာမည့် ရွေးကောက်ပွဲတွင် ကန့်သတ် ထားမည်ဆိုပါက တရားမဝင်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ် ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်၊ ဗြိတိန်နိုင်ငံနှင့် အခြား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တို့က ပြောဆိုထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့