..............................

Tuesday, August 17, 2010

ကျောက်ဖြူတွင် လုံခြုံရေးများ တင်းကျပ်ချထား

တက်လူ
၁၆ သြဂုတ် ၂၀၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရဲလုံခြုံရေးများ အထူးတင်းကျပ်ထားကြောင်း ကျောက်ဖြူ မြို့ခံများက ပြောသည်။

ပြီးခဲ့သည့်သီတင်း နှစ်ပတ်ခန့်က ကျောက်ဖြူမြို့တွင် နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည့် အတွက် ကျောက်ဖြူကို လုံခြုံရေးချခြင်း ဖြစ်ကြောင်း သိရသည်။

“အခုက ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုလည်း အတိအကျ ကြေညာပြီးပြီဆိုတော့ အဲဒီလို လှုံ့ဆော်မှုတွေ ပြန်ပြီး ဖြစ်လာ နိုင်တယ်လို့ သူတို့က ယူဆတယ်ထင်တယ်” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။ ကျောက်ဖြူ မြို့တွင်းတွင် ရဲကားများဖြင့် ကင်းချ လှည့်လည် နေကြောင်းလည်း ၎င်းက ပြောသည်။

ကျောက်ဖြူတွင်ဖြန့်ဝေခဲ့သည့် လှုံ့ဆော်စာများတွင် “စစ်ကျွန်သက်ဆိုး ရှည်စေမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကြ” ဟူသည့် စာများ ရေးသားထားပြီး မြို့အနှံ့ လိုက်လံ ကပ်ခြင်းဖြစ်ကြောင်း၊ မည်သည့် အဖွဲ့မှ လုပ်ဆောင်သည်ကိုမူ မသိရသေးကြောင်း အဆိုပါ မြို့ခံက ပြောကြားသည်။

မြို့ခံရဲများကမူ ယင်းစာ ကပ်သည့်နေရာအနီးအနားမှ ပြည်သူတို့ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ် ခဲ့သေးကြောင်း ကျောက်ဖြူမြို့ အရာရှိ ရပ်ကွက်သား တဦးက ပြောသည်။

“ကပ်တာတော့ ကျနော်တို့ ရပ်ကွက်မှာလည်း ကပ်တာပဲလေ။ ဘယ်သူ ကပ်တာတော့ မသိဘူး၊ မနက်မှာ တွေ့တာလေ။ အဲဒါကို ရဲက အကျောကြီးနဲ့ လာပြီး မေးလား မြန်းလား လုပ်တယ်။ အဲဒီ စာတွေကိုလည်း သူတို့က ခွာသွားကြတယ်” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့မှ လုပ်ငန်းရှင်တဦးကလည်း “ညအချိန်မှာ လုပ်တာဖြစ်တော့ ဘယ်သူဆိုတာ မသိရ သေးဘူးပေါ့။ ဒါပေမယ့် အဲဒီလို ဝေတဲ့ စာအတွက်တော့ ကျေးဇူးတင်တယ်။ ကျောက်ဖြူမှာ အစိုးရကို လိုတဲ့သူ ဆိုတာ အလွန် နည်းပါတယ်။ စားရ သောက်ရ ရှိအောင်ပဲ ဖားနေကြတဲ့ သူတွေကလွဲရင် ကိုယ့်စီးပွား ကိုယ်လုပ်ပြီးတော့ ကိုယ့်ဘာသာ နေကြတဲ့ သူတွေပဲရှိတယ်။ အတတ်နိုင်ဆုံး အစိုးရနှင့် မပတ်သက် ချင်ကြဘူး၊ မဲလည်း မပေးချင်ကြဘူး” ဟု ပြောသည်။

ကျောက်ဖြူမြို့ရှိ မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်းတခုကို နအဖ က တရုတ်ပညာရှင်များနှင့် တည်ဆောက်နေပြီး ယင်း လုပ်ငန်းတွင် အသုံးပြုသော တရုတ် လုပ်သားပေါင်း (၂၀၀) ကျော်မှာလည်း ကျော်ဖြူမြို့ပေါ်တွင် ရှိနေကြောင်း၊ မြို့ခံများက မကျေနပ် သော်လည်း အာဏာ ရှင်အစိုးရကို စက်ဆုတ်ရွံရှာကာ မပတ်သက် ချင်သောကြောင့် ရေငုံ နှုတ်ပိတ် နေကြကြောင်း သိရသည်။

“ကျောက်ဖြူက အစိုးရအတွက် အကွက်ကောင်းမြို့တမြို့ပဲ။ အခု ရခိုင်ကျောက်ဖြူကတော့ လူမျိုးရေး ပြဿနာ တွေလည်း နောက်ဆက် တွဲတွေ ဖြစ်လာ နိုင်တယ်။ မကျေနပ် ဖြစ်နေကြတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ။ နောက်ကျရင် ပွင့်ထွက်လာတယ် ဆိုရင်တော့ ကျောက်ဖြူမှာ ရောက်နေတဲ့ လုပ်သားတွေကိစ္စ ပြဿနာ တခုတောင် ဖြစ်လာနိုင်တယ်” ဟု မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို အများဆုံး ထောက်ခံ အားပေးခဲ့သည့် မြို့တမြို့ အဖြစ် ရခိုင်ပြည်နယ်တွင် ထင်ရှားခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့