..............................

Tuesday, August 10, 2010

ဂြိုဟ်တုစလောင်းများ ဖြုတ်ရန် စားသောက်ဆိုင်များကို ညွှန်ကြား

မျိုးဝင်းဇော်
၀၉ သြဂုတ် ၂၀၁၀

စားသောက်ဆိုင်များတွင် (၈) ပေ ဂြိုဟ်တုစလောင်းများ တပ်ဆင်ထားပါက ဖြုတ်သိမ်း ပေးပါရန် မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ညွှန်ကြားကြောင်း ဗဟန်းမြို့နယ်မှ စားသောက်ဆိုင် ပိုင်ရှင် တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ သောကြာနေ့ မယက အစည်းအဝေးမှာ မယက တာဝန်ရှိသူတွေ၊ မြို့နယ် အခွန်ဦးစီးဌာနက အခွန်မှူးတွေ၊ ရဲတွေ၊ စရဖတွေ စုံစုံလင်လင် ပါတယ်။ အစည်းအဝေးမှာ စားသောက်ဆိုင်တွေ အနေနဲ့ သတ်မှတ်ထားတဲ့ အခွန် (၁ဝ) ရာခိုင်နှုန်း မှန်မှန် ပေးဆောင်ဖို့ အပြင် ဆိုင်မှာ (၈) ပေ ဂြိုဟ်တုစလောင်း တပ်ထားတာ ရှိရင် ဖြုတ်သိမ်းပေးဖို့ ပြောတယ်။ (၈) ပေ စလောင်းအစား ဖင်မလီ အင်တာတိန်းမင့်က ရောင်းချတဲ့ တီဗွီချယ်နယ် အစီအစဉ်တွေကို ဝယ်သုံးဖို့ ပြောတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ (၈) ပေ ဂြိုဟ်တုစလောင်းများ ဖြုတ်သိမ်းရန် ညွှန်ကြားခြင်းသည် ဒီဗွီဘီ ရုပ်သံ အစီအစဉ်ကို ပိတ်ပင် တားမြစ်လို၍ ဖြစ်နိုင်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် စားသောက်ဆိုင် ပိုင်ရှင်တို့က ပြောသည်။

နော်ဝေးအခြေစိုက် ဒီဗွီဘီရုပ်သံလိုင်းကို မြန်မာနိုင်ငံအတွင်း၌ (၈) ပေ စလောင်းမှတဆင့် ဖမ်းယူ ကြည့်ရှုနိုင်ပြီး လူကြည့် အများဆုံး ရုပ်သံ အစီအစဉ်တခု ဖြစ်သည်။

ယင်းရုပ်သံအစီအစဉ်မှ ပြီးခဲ့သည့်ဇွန်လက ထုတ်လွှင့်ခဲ့သည့် စစ်အစိုးရ၏ အဏုမြူဗုံး ထုတ်လုပ်ရန် ကြံစည် ဆောင်ရွက်နေမှုများ ရုပ်သံ မှတ်တမ်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဂယက်ရိုက်ခတ် သွားသကဲ့သို့ ပြည်တွင်း၌လည်း စိတ်ဝင်စားသူ အလွန်များခဲ့သည်။

အဆိုပါရုပ်သံမှတ်တမ်းကို အယ်ဂျာဇီယာ ရုပ်သံဌာနမှ ကနဦး ထုတ်လွှင့်ပြသခဲ့ကာ (၈) ပေ စလောင်းဖြင့် ဖမ်းယူ ကြည့်ရှုနိုင်ပြီး နောက်ပိုင်း ဒီဗွီဘီ ရုပ်သံချယ်နယ်က လွှင့်ထုတ်ပြသ ခဲ့သဖြင့် ပြည်သူအများ ပိုမိုသိရှိလာခဲ့သည်။

မြန်မာနိုင်ငံအတွင်း ပြည်သူအများဆုံးကြည့်ရှုသည့် (၈) ပေ ဂြိုဟ်တုစလောင်းနှင့် ဖမ်းစက်များကို တရုတ်ပြည်နှင့် ထိုင်းနိုင်ငံ နယ်စပ်တို့မှ တဆင့် တင်သွင်း လာကြခြင်းဖြစ်သည်။

၂ဝဝဝ ခုနှစ်ရောက်သည်အထိ အဆိုပါစက်များကို တရားဝင် လိုင်စင်ထုတ်ပေးခြင်း မရှိခဲ့ဘဲ ၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် (၁)နှစ် ကျပ် (၆) သောင်းကျော် အခွန်ငွေ ပေးဆောင်စေပြီး မြန်မာ့ ဆက်သွယ်ရေးက လိုင်စင်ထုတ်ပေးခဲ့သည်။

၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်ဆန္ဒပြပွဲ ဖြစ်ပွားသည့်အချိန်တွင် ပြည်တွင်း၌ ဖြစ်ပျက် သမျှကို ဒီဗွီဘီ သတင်းထောက်များနှင့် ပြည်သူတို့က ရိုက်ကူးပြီး အယ်လ်ဂျာဇီယာနှင့် ဒီဗွီဘီ ရုပ်သံဌာနတို့မှ လွှင့်ထုတ် ပြသခဲ့သဖြင့် ပြည်တွင်း၌ (၈) ပေ စလောင်းမှတဆင့် ပြည်သူများ ကြည့်ရှုခွင့် ရခဲ့ကြသည်။

ယင်းနောက်ပိုင်း စစ်အစိုးရက ၂ဝဝ၈ ခု နှစ်ဆန်းမှစ၍ ဂြိုဟ်တုစလောင်း နှစ်စဉ်ကြေးကို (၁) နှစ် ကျပ် (၁ဝ) သိန်း ကောက်ခံရန် အမိန့် ထုတ်ပြန်ခဲ့သော်လည်း ပြည်တွင်းပြည်ပ ဝေဖန်မှုများကြောင့် အဆိုပါ အစီအစဉ် စတင်နိုင်ခြင်း မရှိသကဲ့သို့ ဂြိုဟ်တု စလောင်းများကိုလည်း နောက်ထပ် လိုင်စင်သက်တမ်း တိုးခွင့် မပြုတော့ပေ။

မြန်မာ့ဆက်သွယ်ရေး ပန်းဆိုးတန်း ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတဦးက “ခုဆို ဂြိုဟ်တုစလောင်း တပ်ဆင် ထားတာဟာ ဆက်သွယ်ရေး ဥပဒေအရ တရားမဝင်ဘူး။ အစိုးရက ဒါကို ဖျက်သိမ်းဖို့ အကြိမ်ကြိမ် ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် ၂ဝဝ၈ မှာ နာဂစ် ဖြစ်ခဲ့တယ်။ နောက် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ လုပ်ရပြန်တယ်။ ခုလည်း ရွေးကောက်ပွဲ အကြိုကာလလို ဖြစ်နေတယ်။ ဒီလို ကာလမျိုးမှာ တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ စလောင်းတပ်ဆင် သူတွေကို ဖမ်းဆီး အရေးယူတာတော့ လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ဒီလိုလုပ်ရင် ပြည်သူတွေ အမျက်ဒေါသ ထွက်လာကြမယ်။ ဂြိုဟ်တုစလောင်း ရောင်းချတဲ့ ဆိုင်တွေကိုတော့ ပြီးခဲ့တဲ့နှစ်က အရေးယူခဲ့တယ်” ဟု ပြောသည်။

ရန်ကုန်မြို့တွင် ၂ဝဝ၈ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည့်အချိန်က (၈) ပေ ဂြိုဟ်တုစလောင်း အများအပြား ပျက်စီး သွားခဲ့သည်။ ထို့နောက်ပိုင်း အစိုးရက ဂြိုဟ်တုစလောင်း ရောင်းသည့် ဆိုင်များကို ရောင်းချခြင်း မပြုရန် တားမြစ်ခဲ့သော်လည်း မှောင်ခိုသဘော အလွယ်တကူ ဝယ်ယူရနိုင်ပြီး ယခုအခါ ရန်ကုန်မြို့ တိုက်ခေါင်မိုးတို့တွင် ဂြိုဟ်တု စလောင်းများ ပြန်လည် များပြားလာသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့