..............................

Thursday, August 12, 2010

မွန်ပြည်သစ် ခွဲထွက်အဖွဲ့ခေါင်းဆောင် ကွယ်လွန်

ဝီရ
၁၁ သြဂုတ် ၂၀၁၀

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး နအဖစစ်အစိုးရထံ လက်နက်ချခဲ့သူ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်ဟောင်း နိုင်အောင်နိုင်သည် လူကြီးရောဂါဖြင့် မော်လမြိုင်ဆေးရုံတွင် ယမန်နေ့၌ ကွယ်လွန်သွားကြောင်း သိရသည်။

၎င်းနှင့် နီးစပ်သူ မော်လမြိုင်မြို့ခံတဦးက “နိုင်အောင်နိုင်က သွေးအန်လို့ သြဂုတ်(၁၀) ရက်၊ မနေ့က နေ့လယ် (၁၂) နာရီလောက်မှာ မော်လမြိုင်က သူတို့ရုံးဆီ အရင် ရောက်လာတယ်။ အခြေအနေ မကောင်းလို့ ညနေ (၂) နာရီမှာ မော်လမြိုင် ဆေးရုံကို တင်တာ ညနေ (၅) နာရီလောက်မှာ ဆေးရုံမှာပဲ ဆုံးသွားတာ။ သူက ရောဂါလည်း စုံတယ်။ အသက်ကလည်း ကြီးပြီလေ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အသက် (၇၁) နှစ် ရှိပြီဖြစ်သော နိုင်အောင်နိုင်သည် ဆီးချို၊ သွေးတိုး၊ အသည်းရောင်၊ အစာအိမ်ရောဂါ အခံရှိသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကတည်းက ရက်ရှည်ဆေးဝါးကုသမှု ခံယူနေရသူ ဖြစ်ကြောင်း သိရသည်။

၎င်း၏ ရုပ်အလောင်းကို မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၅) လမ်းရှိ ၎င်းတို့တပ်ဖွဲ့ ရုံးစိုက်ရာ နေအိမ်တွင် ယနေ့ ထားရှိထားပြီး သဂြုင်္ိဟ်ရက် အတွက် တိုင်ပင်နေဆဲ ဖြစ်ကြောင်း အဆိုပါမြို့ခံ ဖြစ်သူက ပြောသည်။

နိုင်အောင်နိုင်သည် မွန်ပြည်သစ်၏ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (အမ်အန်အယ်လ်အေ) တွင် စစ်ဦးစီးချုပ် တာဝန် ထမ်းဆောင် နေစဉ် ၂၀၀၈ ခုနှစ် မတ်လ၌ နအဖ စစ်အစိုးရထံ လက်နက် ချခဲ့ပြီးနောက် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့ကို ဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို နအဖစစ်အစိုးရအလိုကျ ပြည်သူ့စစ်အသွင်ပြောင်းရန် အင်အား စုဆောင်းနေစဉ် ယခုကဲ့သို့ နိုင်အောင်နိုင် ကွယ်လွန် သွားသည့်အတွက် ၎င်းတို့တပ်ဖွဲ့မှာ အနာဂတ် မဲ့သွားနိုင်ကြောင်း မွန်ပြည်သစ် ဗဟို ကော်မတီဝင် တဦးက ပြောသည်။

၎င်းက “နိုင်အောင်နိုင်ကို နအဖ ခွဲထုတ်ခဲ့ချိန်တုန်းက မွန်ပြည်သစ်ကို ခွဲလို့ရမယ်လို့ နအဖက တွက်ထားတယ်။ စစ်ဦးစီးချုပ် နောက်မှာ အင်အား ပါလာမယ်လို့ တွက်ထားပုံ ရတယ်။ ဒါပေမယ့် အခု သူတို့ ဖွဲ့ပေးထားတဲ့ နိုင်အောင်နိုင်တို့ တပ်ဖွဲ့မှာ ကိုယ်ကျိုး လိုလားတဲ့ စီးပွားရေး သမားတွေက များနေတယ်။ အခု နိုင်အောင်နိုင် မရှိတော့ရင် အဲဒီတပ်ဖွဲ့ကို နအဖကလည်း အရေးလုပ်မှာ မဟုတ်သလို သူတို့ပေးထားတဲ့ ကား၊ ဆိုင်ကယ် တင်သွင်းတာတို့၊ အခြားစီးပွားရေး လုပ်ပိုင်ခွင့်တွေကို အာဏာပိုင်တွေက အချိန်မရွေး ပြန်ရုပ် သိမ်းနိုင်တယ်။ နအဖက သူတို့ခိုင်းသလို မရရင်၊ အကျိုးမရှိရင် ဖျက်သိမ်းမှာပဲလေ” ဟု ပြောကြားသည်။

နိုင်အောင်နိုင် ဦးဆောင်သည့် မွန်ကာကွယ်ရေးတပ်ဖွဲ့ကို နအဖစစ်အစိုးရက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကွန်းယက္ခ ကျေးရွာတွင် အခြေစိုက်စေပြီး အခြား မွန်ခွဲထွက် အဖွဲ့တဖွဲ့ဖြစ်သည့် ရာမည တပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်နှင့် ပူးပေါင်းစေကာ ပြည်သူ့စစ်ဖွဲ့ရန် ၂၀၀၉ ခုနှစ် နှောင်းပိုင်းကတည်းက ပြင်ဆင် ခိုင်းနေခြင်းဖြစ်သည်။

နိုင်အောင်နိုင်သည် စစ်အစိုးရ၏ တပ်မတော်သား တပ်ကြပ်ဘဝမှ တော်လှန်ရေး တပ်မတော်သား ဘဝ အမျိုးမျိုးတွင် ကျင်လည်ခဲ့ပြီး စစ်ရေး တိုက်ခိုက်စွမ်းရည် ပြည့်ဝသူ တဦးဖြစ်ကြောင်း ယခင်က မွန်ပြည်သစ်တွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ နိုင်ကောင်း တရွတ်က ပြောသည်။

“နိုင်အောင်နိုင်က ဗမာစစ်သားဘဝကနေ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကို ဘက်ပြောင်းလာတယ်။ (၁) နှစ်အကြာ ၁၉၆၇ ခုနှစ်မှာ မွန်ပြည်သစ် ပါတီဝင်တဦး ဖြစ်လာတယ်။ ၁၉၇၀ မှာ တပ်ရင်းမှူးဘဝ၊ ၈၈ မှာ အမ်အန်အယ်လ်အေမှာ ဗဟို ကော်မတီဝင်၊ ၉၃ မှာ အမ်အန် အယ်လ်အေရဲ့ တွဲဖက် အတွင်းရေးမှူး၊ ၂၀၀၃ မှာ အတွင်းရေးမှူး၊ အဲဒီနောက် စစ်ဦးစီးချုပ် ဘဝ အထိ တာဝန် ယူခဲ့သူဖြစ်တယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း နိုင်အောင်နိုင်သည် ၎င်း၏ တင်ပါးနှင့် ဝမ်းဗိုက်တို့တွင် ပြင်းထန်သော သေနတ်ဒဏ်ရာ (၂) ကြိမ် ထိမှန် ခဲ့ဖူးသည်။

နိုင်အောင်နိုင်သည် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာတွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီး မိတွန်းနှင့် သား (၂) ဦး၊ သမီး (၂) ဦး ကျန်ရစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့