..............................

Wednesday, August 11, 2010

နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် ကရင်ငြိမ်းအဖွဲ့တို့ ပြင်ဆင်

ရဲရင့်
၁၀ သြဂုတ် ၂၀၁၀

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) နှင့် ဟောင်သရော အထူးဒေသအဖွဲ့ (ကေပီအက်ဖ်) တို့ကို ယခုလအတွင်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် နအဖက ရက်သတ်မှတ် ပေးလိုက်သည်ဟု သိရသည်။

“ဒီလ (၁၈) ရက်နေ့မှာ ဟောင်သရောအဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲ အခမ်းအနားလုပ်မယ်။ ဒီကေဘီအေ ကတော့ ဒီလ (၂၀) ရက်နေ့မှာ မြိုင်ကြီးငူဌာနချုပ်မှာ အသွင်ပြောင်းတဲ့ အခမ်းအနား လုပ်မယ်။ လက်မခံတဲ့ သူတွေကို သူတို့ အင်အား သုံးမယ်လို့ သိရတယ်။ လက်မခံနိုင်ဘူးလို့ ပြောတာကတော့ တပ်မဟာ (၅) က ဗိုလ်နှုတ်ခမ်းမွှေး အဖွဲ့ပဲ ရှိတယ်” ဟု ဒီကေဘီအေ တပ်မှူး တဦးက ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှူး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ၏ လက်အောက်ခံ တပ်ရင်းများက နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် နအဖထံတွင် လက်မှတ်ရေးထိုး လိုက်သည့်အတွက် ဗိုလ်နှုတ်ခမ်းမွှေး အဖွဲ့တွင် ကိုယ်ရန်တော်တပ် အပါအ၀င် လက်နက်ကိုင် အင်အား (၁၀၀) ကျော်ခန့်သာ ကျန်ရှိပြီး ၎င်းက နအဖထံတွင် လက်နက်ချ အညံ့ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည့် အပေါ် စိုးရိမ်မိကြောင်း အဆိုပါ တပ်မှူးက ပြောသည်။

“ကျနော်တို့ကတော့ ဘာမှလုပ်လို့ မရတော့ဘူး။ ဗဟိုအဆင့်က လက်ခံသဘောတူတဲ့ အပေါ်မှာ လိုက်နာရမှာ ဖြစ်တယ်။ အခြေအနေက ငြင်းပယ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ အခု ရက်တောင် သတ်မှတ်လိုက်ပြီ။ မကျေနပ်တဲ့ လူတွေလည်း ဒီအချိန်မှာ လုပ်ရင် မြုပ်ဖို့ပဲ ရှိတော့မယ်။ ဗဟိုအဆင့် ခေါင်းဆောင်ပိုင်းနဲ့ တပ်မှူးကြီးတွေရဲ့ ချမ်းသာကြွယ်ဝ မှုတွေက သူတို့ နအဖဆီ လက်နက်ချစေတဲ့ အဓိက သော့ချက်ပဲ” ဟု ၎င်းက ရှင်းပြသည်။

မြ၀တီခရိုင်အခြေစိုက် ဒီကေဘီအေ (၉၉၉) အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ လက်အောက်ခံ တပ်များ နယ်ခြားစောင့်တပ် အဖြစ်ပြောင်းမှုကို အများစုက လက်ခံသော်လည်း လက်မခံသူ အချို့ရှိနေပြီး တပ်တွင်း ပုံကန်မှု ဖြစ်နိုင်သဖြင့် (၉၉၉) တပ်စခန်း အတွင်း နအဖတပ်များ စခန်းချ တပ်စွဲထားရန် ဒီကေဘီအေက ပြီးခဲ့သည့် ရက်အတွင်း အကူအညီ တောင်းခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်းက “(၉၉၉) အဖွဲ့မှာလည်း မကျေနပ်တဲ့ လူတွေရှိတယ်။ ဒီရက်ထဲမှာပဲ (၉၉၉) အဖွဲ့က နယ်ခြားစောင့်တပ် လက်မခံနိုင်လို့ တပ်ခွဲမှူး ဗိုလ်စောပလို ဦးဆောင်တဲ့ ဒီကေဘီအေ (၂၅) ဦး လက်နက်မျိုးစုံ အလက် (၃၀) နဲ့ ဗိုလ်နှုတ်ခမ်းမွှေးဆီ သွားပူးပေါင်းတာတွေ ရှိတော့ ဗျူဟာမှူး စောချစ်သူလည်း သူ့အတွက် လုံခြုံမှု မရှိတော့ဘူးဆိုပြီး သူ့မိသားစုကို ခေါ်ပြီး မြ၀တီမြို့ပေါ်မှာ လာရှောင်နေတယ်။ အခု (၉၉၉) တပ်ထဲမှာ ဗမာ စစ်တပ်တွေ နေရာယူထားတယ်” ဟု ပြောသည်။

ဒီကေဘီအေဌာနချုပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် စစ်ရေးပြ အစမ်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက ပြောကြားသည်။

ကရင်ငြိမ်းချမ်းရေးအဖွဲ့များအတွင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏ အစီအမံကို လက်မခံနိုင်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုသည့် အဖွဲ့များမှာ ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး စောလားပွယ် (နှုတ်ခမ်းမွှေး) အဖွဲ့နှင့် စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့တို့ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့