..............................

Tuesday, August 10, 2010

နယ်စပ်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေသည့် အဖွဲ့များနှင့် ကင်တားနား တွေ့ဆုံ

ရဲရင့် / ၀၉ သြဂုတ် ၂၀၁၀

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်မရသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် မြန်မာနိုင်ငံတွင်းမှ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ မှန်များကို သိရှိနိုင်ရန် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့ လူ့အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့များနှင့် လာရောက် တွေ့ဆုံခဲ့သည်။

မစ္စတာကင်တားနားသည် ပြီးခဲ့သည့် စနေနေ့က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ရုံးသို့ လာရောက်ခဲ့ရာတွင် နအဖ၏ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေမှန်များကို အချက်အလက် မှတ်တမ်းများဖြင့် ကင်တားနားအား ပေးအပ် ခဲ့သည်ဟု အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “ဒီတခေါက်လာတာက မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေဖို့ နယ်စပ် ဒေသကို လာတာဖြစ်တယ်။ ဒီကိုလာရတဲ့ အကြောင်းက သူဟာ မြန်မာနိုင်ငံထဲကို ၀င်ခွင့်မရဘူး။ လာမယ့် အောက်တိုဘာလောက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သူက အစီရင်ခံစာ တစောင် တင်ရမှာဖြစ်တယ်။ အဲဒီအတွက် အချက်အလက်တွေ စုဆောင်းဖို့ လာတာဖြစ်တယ်” ဟု ပြောသည်။

မစ္စတာ ကင်တားနားနှင့် ဆွေးနွေးရာတွင် နိုင်ငံရေးအကျဉ်းသားများအကြောင်း၊ မြန်မာပြည် အကျဉ်းထောင် အခြေအနေ များနှင့် နှိပ်စက် ညှဉ်းပန်းမှုအကြောင်း တို့ကို အဓိက ပြောဆိုခဲ့ကြသည်ဟု ဦးဘိုကြည်က ပြောသည်။

“အခု လတ်တလော နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ကိုညီညီထွန်းတို့၊ ကိုဖြိုးဝေအောင်တို့ အကြောင်းနဲ့ ခရမ်းဘက်က ရဲစခန်းတခုမှာ လည်ပင်းကို အလှီးခံရတဲ့ ကလေးတွေ အကြောင်းကို အသေးစိတ် တင်ပြခဲ့တယ်။ ပြီးတော့ မြန်မာပြည်က အကျဉ်းထောင်တွေ ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းတဲ့ကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသားနဲ့ အခြား အကျဉ်းသားတွေကို နှိပ်စက်တဲ့ ကိစ္စတွေကို အသေးစိပ် တင်ပြနိုင်ခဲ့တယ်။ အဲဒါအပြင် နယ်စပ်ဒေသမှာ တိုင်းရင်းသားတွေ၊ အတိုက်အခံ အဖွဲ့ အစည်းတွေကို ထောက်ခံလို့ဆိုပြီး နအဖ စစ်သားတွေက ဖမ်းဆီး သတ်ဖြတ်နေတာတွေ အပြင် စစ်အခြေစိုက် စခန်းတွေမှာ ဖမ်းဆီး ထားတာတွေကိုလည်း တင်ပြခဲ့တယ်။ ဒီနယ်စပ် ဒေသတွေမှာလည်း တနေရာနဲ့တနေရာ ပုန်းအောင်း ပြေးလွှားနေရတဲ့ ရွာသားတွေ အကြောင်း၊ ကလေးတွေ အကြောင်းနဲ့ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရတဲ့ ကိစ္စတွေကို အသေးစိတ် တင်ပြခဲ့တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ညီလာခံတခုတွင် ကင်တားနားတင်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အစိုးရ၏ မူဝါဒများကြောင့်ဖြစ်ပြီး စုံစမ်းစစ်ဆေးရန် ကော်မရှင်ဖွဲ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ရိုးရိုးတန်းတန်း ဖြစ်ပွားနေခြင်း မဟုတ်ဘဲ လူသား ဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှုကို နအဖက ကျူးလွန်နေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည့် အတွက် နအဖက ၎င်းကို ပြည်ဝင်ခွင့် မပေးခြင်းဖြစ်သည်ဟု သိရသည်။

အဓိက ၎င်း၏ အစီရင်ခံစာအတွက် တကယ့်အခြေအနေများကို ထင်ဟပ်စေမည့် သတင်းအချက်အလက် အမှန်များကို လေ့လာနိုင်ရန် အတွက် နယ်စပ်သို့ လာရောက်ခြင်း ဖြစ်သည်ဟု ကင်တားနားက နယ်စပ်ရှိ လူ့အခွင့်အရေး အဖွဲ့များကို ပြောသည်။

မစ္စတာ ကင်တားနားသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အပါအ၀င် အခြား တိုင်းရင်းသား လူ့အခွင့်အရေး အဖွဲ့များ၊ နိုင်ငံရေး အဖွဲ့အစည်း အချို့တို့နှင့်လည်း သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့