..............................

Thursday, August 12, 2010

နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း မြန်မာကုန်များ နေ့စဉ်တင်သွင်း

ရဲရင့်
၁၁ သြဂုတ် ၂၀၁၀

မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောရှိ ချစ်ကြည်ရေးတံတား အပါအ၀င် နယ်စပ်ဂိတ် (၂၀) ခန့်ကို မြန်မာနိုင်ငံ ဘက်မှ တလနီးပါးခန့် ပိတ်ထားလျက် ရှိသော်လည်း မြန်မာ စားသောက်ကုန် ဆေးဝါးများနှင့် လူသုံးကုန်များကို မြန်မာဘက်မှ တရားမ၀င် တင်သွင်းနေသဖြင့် ထိုင်းနိုင်ငံ မဲဆောက်တွင် မြန်မာ ကုန်ပစ္စည်းများ ပုံမှန်ဈေးနှုန်း အတိုင်း ရှိနေသည်ဟု ကုန်သည်များက ပြောသည်။

မဲဆောက်ဈေးရုံကြီးတွင် မြန်မာစားသောက်ကုန်နှင့် ဆေးဝါး လက်လီလက်ကား ဖြန့်ချိသည့် ဦးမြင့်အောင်က “မြန်မာဘက်က ဂိတ်တွေ ပိတ်တယ်ဆိုပေမယ့် မြန်မာကုန်တွေ ညတိုင်း ခိုးဂိတ်ကနေ ထိုင်းဘက် သွင်းနေတယ်။ နေ့တိုင်း ပစ္စည်းဝင်နေတော့ ဈေးမတက်တဲ့ အပြင် တချို့ပစ္စည်းတွေဆိုရင် ဈေးကျသွားတာတောင် ရှိတယ်။ မနှစ်ကဆို ဒီလိုဂိတ်တွေ ပိတ်ရင် ကြက်သွန်နီ ဈေးက တကီလိုကို ဘတ် (၄၀) အထိ ဖြစ်သွားတယ်။ အခု မဲဆောက်မှာ ကြက်သွန်အနီ ဆိုရင် အကောင်းစား တကီလိုကို (၁၄) ဘတ်ပဲ ရှိတယ်” ဟု ပြောသည်။

မဲဆောက်ရှိ မြန်မာစားသောက်ကုန် ဖြန့်ချိသည့် ပွဲရုံများတွင် မြန်မာပစ္စည်း အနည်းဆုံး (၂) လစာခန့် သိုလှောင် ထားသဖြင့် မြန်မာဘက်မှ မြ၀တီ နယ်စပ်ဂိတ်များ လနှင့်ချီ၍ ဆက်ပိတ် ထားသော်လည်း မြန်မာကုန်များ ဈေးနှုန်းမြင့်တက်ရန် အကြောင်းမရှိဟု ၎င်းက ပြောသည်။

မြန်မာကုန်သည်တဦးဖြစ်သူ မရီက “ဂိတ်ပိတ်တော့ ပစ္စည်းတွေကို ခိုးပြီး သယ်ရတာပေါ့။ ဂိတ်မှာ စောင့်တဲ့လူတွေက ကျမတို့နဲ့ အရင်ထဲက နားလည်မှု ရှိပြီးသားပဲ။ နောက်ထပ် ဂိတ်တွေမှာ လာချထားတဲ့ စစ်သားတွေတော့ ရှိတယ်။ သူတို့လည်း အစ လေးငါးရက်မှာတော့ ပစ်မယ်ခတ်မယ်ပေါ့။ အခု သူတို့အတွက်ပါ ဝေစုရတော့ သွားစေသတည်း ဖြစ်ကုန်ပြီ။ ညဆို မြန်မာ ကုန်တွေ ထိုင်းဘက် သွားသလို ထိုင်းကုန်တွေလည်း မြ၀တီဘက်ကို ၀င်တာပါပဲ။ ထိုင်းဘက်ကတော့ လုံးဝကို မီးစိမ်း ပြထားတယ်” ဟု ပြောသည်။

မြန်မာဘက်မှ ပိတ်ထားသည့်ဂိတ်များမှပင် နေ့စဉ် ရာနှင့်ချီသည့် မြန်မာများ အလုပ်အကိုင် ရှာဖွေရန် ထိုင်းဘက်သို့ ကူးနေကြပြီး ဘတ်ငွေ (၂၀) ပေးလုပ်ရသည့် တနေ့တာ မြို့တွင်း ခရီးသွားလက်မှတ်ကို ထိုင်းလ၀ကမှ ထုတ်ပေးသဖြင့် မဲဆောက်သို့ လွယ်လင့်တကူ ၀င်ထွက် သွားလာနိုင်သည်ဟု သိရသည်။

မြန်မာပဲမျိုးစုံ တင်ပို့သူ ကုန်သည်တဦးက “ကျမတို့ကတော့ ဒီလက်မှတ်နဲ့ပဲ သွားလာပြီး အရောင်းအ၀ယ် လုပ်နေရတယ်။ ဒီလက်မှတ် ပါရင် ထိုင်းပုလိပ် မဖမ်းဘူး။ တနေ့တာ အတွက်ကတော့ အဆင်ပြေတယ်။ နယ်စပ်ဂိတ်တွေ ပိတ်တာက ဗမာဘက်ကပဲ ပိတ်တာ၊ ထိုင်းဘက်က လုံးဝ မပိတ်ဘူး။ ဒါကြောင့် မဲဆောက်ဘက်ကို လာလို့ရတာ” ဟု ပြောသည်။

မြန်မာကြက်သွန်နီဈေးမှာ တန်ချိန်နှင့်ဝယ်ယူလျှင် တကီလို (၁၀) ဘတ်ခန့်သာ ရှိသဖြင့် ဘန်ကောက် အပါအ၀င် ထိုင်းနိုင်ငံ အတွင်းပိုင်းသို့ တင်ပို့သူများ တွက်ခြေ ကိုက်ကြသည်ဟု ထိုင်းကြက်သွန် ကုန်သည် နိုင်ဝစ်ချိုင်းက ပြောသည်။

၎င်းက “ကျနော်က ဘန်ကောက်ကို အဓိကပို့တယ်။ တပတ်ကို ကြက်သွန်နီ ကီလို (၁) သောင်း ဖြုန်းအားရှိတယ်။ နောက်ပဲမျိုးစုံ၊ မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံ မဲဆောက်ကနေ တင်တယ်။ ဗမာက နယ်စပ်ပိတ်ပေမယ့် ကုန်ပစ္စည်းဈေး မတက်သေးတော့ ရောင်းဝယ်ရတာ အဆင်ပြေတယ်” ဟု ပြောသည်။

ထိုင်းဘက်မှ အ၀ယ်လိုက်သည့် မြန်မာစားသောက်ကုန်များထဲတွင် လယ်ယာထွက်ကုန်များ ဖြစ်သည့် ပဲအမျိုးမျိုးကို ၀ယ်ယူကြပြီး ထိုင်းစားကုန်များ အဖြစ် ပြန်လည် ထုတ်လုပ်ကြသည်ဟု ထိုင်းစားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင် တဦးက ပြောသည်။

မြန်မာစားသောက်ကုန်များ ထိုင်းနိုင်ငံတွင် ဈေးကွက် ရရှိနေခြင်းမှာ ထိုင်းစားသုံးသူများ အပြင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၁၅) သိန်းခန့်၏ ဈေးကွက်ကြောင့် ဖြစ်သည်ဟု မဲဆောက်မှ မြန်မာကုန် လက်ကား ဖြန့်ချီသည့် ထိုင်းပွဲရုံပိုင်ရှင်က ပြောသည်။

မြ၀တီမြို့ခံတဦးက “အစိုးရထင်တာက ဂိတ်ပိတ်လိုက်ရင် ထိုင်းတွေ ဒုက္ခရောက်မယ်လို့ တွက်တယ်။ ထိုင်းတော့ မသိဘူး၊ မြ၀တီက လူတွေကတော့ စားဝတ်နေရေး ပြဿနာတွေ စလာပြီ။ လက်လုပ် လက်စားတွေက ပိုဆိုးတယ်။ မန္တလေး ဘက်ကနေ မြ၀တီမှာ အိမ်ငှားပြီး မဲဆောက်ကို မနက်သွားညပြန် အလုပ်သွားကြတဲ့ ပန်းပုဆရာတွေ၊ ပရိဘောဂ ဆရာတွေ၊ လက်သမား ဆရာတွေ (၁) ထောင်ကျော် ရှိတယ်။ အခု မြ၀တီမှာ သောင်တင်နေတယ်။ အခြားလုပ်ငန်းက လူတွေလည်း အများကြီး ရှိသေးတယ်” ဟု ပြောသည်။

မြန်မာအာဏာပိုင်များက ဒေသတွင်း အကြမ်းဖက်အန္တရာယ်ရှိသည်ဟု အကြောင်းပြကာ ယခင်လ (၁၈) ရက်မှ စတင်၍ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားနှင့် ဆက်စပ်ဂိတ် (၂၀) ခန့်ကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့