..............................

Tuesday, August 10, 2010

စတိုင်သစ် မဂ္ဂဇင်းစာမူများ စာပေ စိစစ်ရေးတင်ရန် လက်မခံ

မင်းနိုင်သူ
Monday, August 09, 2010

သြဂုတ်လ အတွင်း ထုတ်ဝေမည့် စတိုင်သစ် မဂ္ဂဇင်းအတွက် မဂ္ဂဇင်း စာမူကြမ်းကို မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနက တင်ပြခွင့် မပေးကြောင်း သတင်းရရှိသည်။

“သြဂုတ်လ အတွက် ဇူလိုင် လလယ်ပိုင်းက သွားတင်တာ။ စာပေစိစစ်ရေးက တင်လို့ မရသေးဘူးတဲ့၊ တင်လို့ရမယ့် ရက်ကို အကြောင်း ပြန်ပါ့မယ်လို့ ပြောပေမယ့် အခုအထိ အကြောင်းပြန်တာ မရှိသေးတော့ ဒီလအတွက်တော့ မထွက်နိုင်တော့ဘူး” ဟု စတိုင်သစ် မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် တဦးက အတည်ပြု ပြောကြားသည်။

စာမျက်နှာ ၂၀၀ ကျော်ဖြင့် လစဉ်ထုတ်ဝေနေသော စတိုင်သစ်မဂ္ဂဇင်း ဇူလိုင်လထုတ်အတွက် တင်ပြခဲ့သော စာမူများကို စာပေ စိစစ်ရေးက ထက်ဝက်ခန့် ဖြုတ်ပယ်လိုက်ရာ စာမျက်နှာ ၁၀၀ ကျော်ဖြင့်သာ ထုတ်ဝေခဲ့ရကြောင်း သိရသည်။

“ဇူလိုင်လထုတ် စတိုင်သစ် မဂ္ဂဇင်းမှာ အာဇာနည်နေ့ အမှတ်တရ ဆောင်းပါးတွေ ဖော်ပြ လာကတည်းက စာပေ စိစစ်ရေးနဲ့ ငြိတာ။ အဲဒီလထုတ်မှာ စိစစ်ရေးက စာမျက်နှာ ထက်ဝက်လောက်ကို ဖြုတ်ချ ပစ်လိုက်တယ်။ အခုလည်း တနည်းအားဖြင့် အယ်ဒီတာအဖွဲ့ကို ဖိအားပေးတဲ့ သဘောပဲ။ စိစစ်ရေးက အယ်ဒီတာအဖွဲ့ကို ထုတ်ပေးရမယ်လို့ တိုက်ရိုက် မပြောပေမယ့် အဲဒီနည်းနဲ့ပဲ ဖိအားပေးလေ့ ရှိတယ်” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ စာရေးဆရာ တဦးက ပြောသည်။

စတိုင်သစ် မဂ္ဂဇင်း၏ အယ်ဒီတာတဖွဲ့လုံး ပြောင်းလဲပေးရမည်ဖြစ်ကြောင်း စာပေလောကတွင် ပြောဆို နေကြသည်ဟု ကြားသိရသည်။

ယခုလ ထုတ်ဝေခွင့်မရခဲ့သော်လည်း နောက်လများတွင် ပြန်လည်ထုတ်ဝေခွင့် ရလိမ့်မည်ဟု မျှော်လင့်မိကြောင်း စတိုင်သစ် အယ်ဒီတာတဦး ပြောသည်။

“ကျနော်တို့လည်း ဘောင်ထဲကနေ ပုံမှန်ပဲ အလုပ်လုပ်တာပါပဲ။ ထူးထူးခြားခြား အမှားအယွင်း မလုပ်မိပါဘူး။ ဒါကြောင့် နောက်လ တွေမှာတော့ ပြန်ပြီး ထုတ်ဝေခွင့် ရလိမ့်မယ် ထင်တာပါပဲ” ဟု ၎င်းက ဆိုသည်။

စတိုင်သစ်မဂ္ဂဇင်း သြဂုတ်လအတွက် စာမူတင်ပြခွင့် မရခြင်းနှင့်စပ်လျဉ်း၍ စာပေစိစစ်ရေးရုံးသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း တာဝန်ကျ ၀န်ထမ်းတဦးက ၎င်းတို့အနေဖြင့် ယင်းကိစ္စကို မသိရှိပါဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

လွန်ခဲ့သော မေလမှစ၍ စာပေစိစစ်ရေးရုံးသို့ ရေတပ်မှ ဗိုလ်မှူးကြီး မျိုးမြင့်မောင် တွဲဖက် ညွှန်ကြားရေးမှူး အဖြစ် ရောက်ရှိ လာပြီးနောက်ပိုင်း ပိုမို တင်းကျပ်လာကြောင်း စာနယ်ဇင်း သမားများက ပြောသည်။

ယခင်က သတင်းများကို စိစစ်ရေးအဖွဲ့ဝင် ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် စိစစ်ခဲ့ရာမှ ဇွန်လနှောင်းပိုင်းမှစ၍ ၁၂ ဦးပါ အဖွဲ့ဖြင့် ပြောင်းလဲ စိစစ် နေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားပြီး မြန်မာနိုင်ငံသည် စာနယ်ဇင်းလွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံများတွင် နှစ်စဉ် ပါဝင်လေ့ရှိသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖိနှိပ်သူအဖြစ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က လွန်ခဲ့သည့် မေ ၃ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ခဲ့သည်။


Ref: ဧရာဝတီ်

0 comments:

အပေါ်သို့