..............................

Friday, August 13, 2010

ရခိုင်လူငယ် ၁၁ ဦးကို သက်သေမရှိဘဲ ပြစ်ဒဏ်ချဟု ရှေ့နေ ပြော

ဆလိုင်းထွန်း
ကြာသပတေးနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ခိုင်လုံသော သက်သေထွက်ချက်မရှိဘဲ ၎င်း၏ အမှုသည်များဖြစ်သည့် ရခိုင် ကျောင်းသား လူငယ် ၁၁ ဦးကို အင်းစိန်ထောင်တွင်း တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၃ နှစ်မှ ၉ နှစ်အထိ ပြစ်ဒဏ် ချခဲ့ကြောင်း ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ရန်ကုန်မှ ရခိုင်ကျောင်းသားလူငယ် ၁၁ ဦးကို တနှစ်ကျော် ဖမ်းဆီးအပြီး ဖောက်ခွဲမှု၊ မတရား အသင်းနှင့် ဆက်သွယ်မှု အပါအ၀င် ၅ မှုဖြင့် အင်းစိန်ထောင်တွင်း အနောက်ပိုင်းခရိုင် တရားရုံး ဒု-ခရိုင်တရားသူကြီး (၁) ဦးမြင့်စန်းက ပြစ်ဒဏ် ချသည့်အပေါ် ရှေ့နေဖြစ်သူက ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တိုင်ချက်ထဲမှာ ပြစ်မှုတခုကို ပူးပေါင်းကြံစီတယ် ဆိုတာ မပါဘူး။ တိုင်တာက ရိုးရိုးပဲ။ ASSYC (ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး) ကို အားပေးတယ်လို့ပဲ ပါတယ်။ သက်သေကလည်း ဘယ်သူနဲ့ ဘယ်သူ ပေါင်းတယ်၊ ဘယ်သူနဲ့ ဘယ်သူ ကြံစည်တယ် ဆိုတာလည်း မထွက်ဆိုနိုင်ဘူး။ အနယ်နယ် အရပ်ရပ်က ဖမ်းလာတဲ့ ၁၁ ဦးကို တမှုထဲမှာ ပေါင်းတာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ တင်ပြ ခဲ့သေးတယ်။ တရားရုံးက လက်မခံဘဲ အပြစ်ပေးလိုက်တာ” ဟု ရှေ့နေဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

"လျှောက်လဲချက်ပေးတုန်းက အသင်းအဖွဲ့ပုဒ်မ ၇၊ လ၀က ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) အရ စွဲထားတာနဲ့ ပတ်သက်ပြီး မျက်မြင် သက်သေ၊ အထောက်အထား မရှိဘူးလို့ တင်ပြခဲ့တယ်။ တရားသေ လွှတ်ပေးပါပေါ့၊ ဥပဒေအရာရှိကို ပြောတယ်။ ထောက်လှမ်းရေး လူကြီးကို တဦးချင်းစီမှာ ဘယ်မျက်မြင် သက်သေနဲ့ ဘယ်အထောက် အထားရှိလဲလို့ တောင်းဆိုတော့ မတင်ပြနိုင်ဘူး” ဟု သူက ဆက်ပြောသည်။

ခိုင်ကျော်မိုး၊ ကိုနိုင်စိုးနှင့် ကိုဇော်ထွန်းနိုင်ကို အသင်းအဖွဲ့ ပုဒ်မ ၇ အရ ထောင်ဒဏ် ၃ နှစ်စီ၊ ကိုကျော်ဝင်း၊ ကိုကျော်စံသိန်း၊ ကိုထွန်းလင်းကျော်၊ ကိုအောင်မိုးဇော်၊ ကိုမောင်မောင် (ခေါ်) နားပေါက်နှင့် ကိုအောင်နိုင်ကို နယ်စပ်ဖြတ်ကျော်မှု လဝက ပြဋ္ဌာန်းချက် ဥပဒေ ၁၃ (၁) အရ ၃ နှစ်နှင့် အသင်းအဖွဲ့ပုဒ်မ ၇ အရ ၃ နှစ်ဖြင့် တပေါင်းတည်း ကျခံရန် ခရိုင်တရားရုံးက စီရင်ချက်ချခဲ့သည်။

ထို့အပြင် ကိုနိုင်စိုး ခေါ် မဲလုံးကို အသင်းအဖွဲ့ ပုဒ်မအရ ၃ နှစ်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၅ အရ ၅ နှစ်ဖြင့် စုစုပေါင်း ၈ နှစ်၊ ကိုရဲထက်စိုးကို အသင်းအဖွဲ့ ပုဒ်မအရ ၃ နှစ်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မအရ ၅ နှစ်နှင့် ဂြိုဟ်တု ဆက်သွယ်ရေး ဖုန်း တွေ့ရှိသည်ဟုဆိုကာ ဆက်သွယ်ရေး အက်ဥပဒေ ၁ နှစ်ဖြင့် စုစုပေါင်း ၉ နှစ် ပြစ်ဒဏ် ချမှတ်သည်။

၎င်းတို့ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရန်ကုန်တိုင်း ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်များတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံရှိ AASYC နှင့် ဆက်သွယ်သည်ဟု ဆိုကာ တရားမဝင် အသင်းနှင့် ဆက်သွယ်မှု အပါအ၀င် ပုဒ်မ ၅ ခုတပ်ကာ အထူးရဲ သတင်းတပ်ဖွဲ့ ဒုရဲမှူး သန်းစိုးက တရားလိုလုပ်၍ တရား စွဲဆိုခဲ့သည်။

“အရင်တုန်းက ဖောက်ခွဲရေး လုပ်မယ့်လူတွေ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာတွေနဲ့ နောက်ဆုံး အမှုကို စွဲတင်တဲ့ အနေအထား တွေနဲ့က လွဲနေတယ်။ အခုလို ကြားရတဲ့အခါ တော်တော်ကို စိတ်မချမ်းသာဘူး။ နိုင်ငံရေးအရ သူတို့ ပါဝင်ပတ်သက်မှု ရှိနိုင်တယ်။ ဒါပေမဲ့ ဒီလိုဥပဒေတွေနဲ့ စွပ်စွဲတာမျိုးတွေကတော့ ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျနော် ကိုယ်တိုင်ကိုက ပုံနှိပ် ဥပဒေတွေနဲ့ အမျိုးမျိုး စွပ်စွဲပြီးတော့ ထောင်ကျ ခံဖူးတယ်လေ” ဟု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

ပြစ်ဒဏ်ချခံရသည့် ရခိုင်လူငယ်များနှင့် ၎င်းတို့အဖွဲ့ ပတ်သက်ခြင်း မရှိကြောင်း AASYC ကလည်း ငြင်းဆိုသည်။

“ဘာမှပတ်သက်မှု၊ ဆက်နွယ်မှု မရှိဘူး။ တက်ကြွတဲ့ ရခိုင်လူငယ်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို အသေ သတ်ချင်တာ။ အပြစ်မဲ့တဲ့ ရခိုင်ကျောင်းသား လူငယ်တွေကို သက်သေ အထောက်အထား မရှိ နှစ်ရှည်ထောင်ဒဏ် ချတဲ့အပေါ် အင်မတန်မှ စိတ်မကောင်း ဖြစ်မိတယ်။ နအဖရဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဘယ်လောက်ထိ ကြောက်ဖို့ ကောင်းတယ်ဆိုတဲ့ အချက်ကို ဖော်ပြလိုက်တာပါ” ဟု AASYC တွဲဖက် အတွင်းရေးမှူး (၁) ကိုထွန်းဇော်က မဇ္ဈိမကို ပြောသည်။

ယခင်က ရုံးထုတ်စစ်ဆေးစဉ် မိသားစုဝင်များ နားထောင်ခွင့် မရသဖြင့် ခွင့်ပြုရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က တရားရုံးသို့ ရှေ့နေများက တောင်းဆို ခဲ့သော်လည်း ခွင့်မပြုခဲ့ဘဲ၊ ယမန်နေ့ စီရင်ချက် ချရာသို့ မိသားစုဝင်အချို့ ၀င်ရောက် နားထောင်ခွင့် ပြုခဲ့သည်။

အမှုအတွက် ဦးကျော်ဟိုးအပြင် ရှေ့နေ ဦးအေးသိန်း၊ ဦးမောင်မောင်လတ်နှင့် ဒေါ်သီတာမမ တို့လည်း လိုက်ပါ ဆောင်ရွက်နေပြီး အယူခံ ဝင်သွားရန် စီစဉ်နေကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့