..............................

Wednesday, August 11, 2010

အင်းလေးကန် တိမ်ကောလာမှုအတွက် ထိန်းသိမ်းရေးအဖွဲ့ခေါ်ယူရန် စီစဉ်

တက်လူ
၁၀ သြဂုတ် ၂၀၁၀

အင်းလေးကန် ရေခန်းခြောက်မှုအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ကို ခေါ်ယူပြသရတော့မည် ဖြစ်ကြောင်း FREDA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ကို ခေါ်ယူပြသမှသာ အကြံကောင်းများ ရရှိတော့မည် ဖြစ်သည့်အတွက် ယင်းသို့ခေါ်ယူ ပြသရန် စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီအဖွဲ့က ဂျပန်မှာရှိတဲ့အဖွဲ့ဖြစ်တယ်။ ဂျပန်မှာ ကမ္ဘာလုံးဆိုင်ရာ ကန်ထိန်းသိမ်းရေး တွေကို လုပ်နေတဲ့ အဖွဲ့ဖြစ်တယ်။ သူတို့က အတွေ့ အကြုံလည်း ရှိတယ်။ အဲဒီအတွက် သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) နဲ့ UNDP တို့က ဒီကိစ္စကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု ဦးအုန်းက ပြောသည်။

ယခုကဲ့သို့ အကူအညီတောင်းခံမည့်အဖွဲ့သည် ငွေကြေးကူညီသည့်အဖွဲ့ မဟုတ်ကြောင်း၊ လောလောဆယ် အဖွဲ့၏ အမည်ကို ထုတ်ဖော် ပြောဆိုခြင်း မပြုနိုင်သေးကြောင်း၊ ထိုအဖွဲ့ကို ခေါ်ဆိုရန် ယခုလအတွင်း စီစဉ်ခြင်းဖြစ်ပြီး ရှေ့လအတွင်း လာရောက်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောဆိုသည်။

“ဒါ့ကြောင့် သူတို့အဖွဲ့ကိုခေါ်ဖို့ဆိုရင် ငွေကြေးကုန်ကျမှုလည်းများမယ်လေ။ အင်းလေးကန်နဲ့ ပတ်သက်ရင် နိုင်ငံတော် ဘက်ကလည်း ဒီကိစ္စကို အထူးအလေးပေး ဆောင်ရွက်စေလိုတယ်” ဟု ဦးအုန်းက ဆက်လက် ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်တွင် စီးပွားရေး လုပ်ငန်းများ မြှုပ်နှံ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စိတ်ဝင်တစား ပါဝင် သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ယခုနှစ်နွေရာသီတွင် ရာသီဥတု ပိုမိုပူပြင်းကာ မိုးနောက်ကျခြင်းကြောင့် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော ခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ကာ လှေဖြင့် သွားလာရသော နေရာများတွင် မော်တော် ဆိုင်ကယ်များဖြင့် သွားလာရသည်ထိ ဖြစ်သွားခဲ့သည်။

ယခု မိုးရာသီတွင် မိုးနည်းသည့်အတွက် အင်းလေးကန် ရေပြန်လည်ပြည့်မှု မရရှိနိုင်ကြောင်း၊ ယခုအခါ လက်ရှိ အင်းလေး ရေပြင်ထက် (၁) လက်မခန့်သာ ရေတိုးလာကြောင်း၊ ယခုကဲ့သို့ မိုးနည်းနေပါက လာမည့် နွေရာသီတွင် အင်းလေးကန် ပိုမိုဆိုးဝါးစွာ ပျက်စီး လာနိုင်ကြောင်း ဦးအုန်းက သုံးသပ်သည်။

“မကြုံစဖူးအောင် ပြီးခဲ့တဲ့နွေက အင်းလေးကန် ရေခန်းခြောက်မှုဟာ ဒီအတိုင်းဆို လာမယ့်နွေမှာ ပိုဆိုးသွားနိုင်တယ်။ အခု မပြင်ရင် နောက်သုံးနှစ်တောင် ခံမှာမဟုတ်ဘူး။ လုံးဝ ပျက်စီးသွားနိုင်တယ်” ဟု ၎င်းက စိတ်မကောင်းစွာ ပြောဆိုသည်။

အင်းလေကန် ပျက်စီးနေသည်ကို နအဖအစိုးရက လျစ်လျူရှုနေသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာ ထိန်းသိမ်းရေး စိတ်ဝင်စားသူများက ဝေဖန် ပြောဆိုနေမှုများလည်း ရှိနေကြောင်း သိရသည်။

အင်းလေးဒေသသို့ တနှစ်လျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဦးရေ (၁) သောင်းခွဲခန့်ထိ လာရောက်တတ်ရာ ယခုနှစ်တွင် မိုးရာသီ ဖြစ်သော်လည်း ခရီးသွားအရေအတွက် လျော့ကျ မသွားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။

အင်းလေးကန်အား လာရောက်ကြည့်ရှုကြသည့်အတွက် ယင်းသို့ခရီးသွား အရေအတွက် လျော့ကျမှု မရှိခြင်းဖြစ်ကြောင်း ခရီးသွား ဧည့်လမ်းညွှန် တဦးက ပြောသည်။

“အင်းလေးကန်ပျက်စီးမှုကြောင့် သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးတာ တခုတည်း မဟုတ်ဘူး။ ဒါဟာ ယဉ်ကျေးမှုလည်း ပျောက်နိုင်တဲ့ ပြယုဂ်တခုပါ။ ဒါကို အရေးတကြီး လုပ်ဖို့ကျတော့ အစိုးရ အနေနဲ့ပဲ အဓိက ကျတယ်လေ။ ကျနော်တို့လို ဧည့်လမ်းညွှန်တွေကို လာတဲ့ ဧည့်သည်တွေက ဘာ့ကြောင့် မပြင်ကြတာလဲ၊ အစိုးရအနေနဲ့ ဘာ့ကြောင့် အခုလို ထားတာလဲလို့ မေးလာရင် ဖြေဖို့ စကားမရှိဘူး” ဟု ၎င်းက ပြောသည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံး တောင်ပေါ် အင်းအိုင်ကြီး တခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် တည်ရှိသည်။ တောင်နှင့်မြောက် တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံး အပိုင်း၌ တည်ရှိကာ အကျယ်အဝန်း အားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့် ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ (၂,၉၀၀) တွင် တည်ရှိသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့