..............................

Friday, July 17, 2009

အပြီးသတ်လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှေ့နေများ ဆွေးနွေးမည်

မင်းနိုင်သူ / ၁၆ ဇူလိုင် ၂၀၀၉

အပြီးသတ်လျှောက်လဲချက်မူကြမ်းတင်ပြရန်နှင့် အမှုကိစ္စဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်နှင့် ၎င်း၏ ရှေ့နေများ မနက်ဖြန်တွင် တွေ့ဆုံ သွားမည် ဖြစ်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “မနက်ဖြန် ဒေါ်စုနဲ့တွေ့တာကတော့ အဓိကက အပြီးသတ်လျှောက်လဲချက် ဆွေးနွေးမှာပဲ။ အခု တွေ့ခွင့် တောင်းတာလည်း အပြီးသတ် လျှောက်လဲချက် အတွက်ပဲ ကျနော်တို့ တောင်းတာပဲ။ ကျနော်တို့ အပြီးသတ် လျှောက်လဲချက်မှာ ၁၉၇၄ ခု အခြေခံ ဥပဒေမှာပါတဲ့ ပုဒ်မ ၁၅၉ (က) နဲ့ ပတ်သက်တဲ့ အချက်ပါပါတယ်။ ဒါပေမယ့် အဲဒီ တချက်တည်း မဟုတ်ဘူး။ ကျန်တဲ့ အချက်တွေလည်း ရှိသေးတယ်။ ဒါပေမယ့် အပြီးသတ် လျှောက်လဲချက်ဆိုတာ တရားရုံးရှေ့မှာ ပြောရတာလေ။ ကျနော်တို့ အခု လက်နက်တွေ ထုတ်ပြလို့ မဖြစ်သေးဘူးနော်။ အဲဒီ ဥပဒေရှိတာဆိုရင် ဘယ်လို၊ မရှိတာဆိုရင် ဘယ်လို အားလုံးပါမယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော နေအိမ် အတွင်း ၀င်ရောက်ခဲ့မှု အတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူးတရားရုံးတွင် တရားစွဲဆို ထားသည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲတင်မှုတွင် နအဖ စစ်အစိုးရဘက်က တရားလိုပြ သက်သေ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးသာ တင်သွင်းခွင့် ပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းခွင့်ရခဲ့သော သက်သေ (၂) ဦးမှာ ရှေ့နေများ ဖြစ်ကြပြီး တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ် ထားသည့် ပုဒ်မ ၁၅၉ (က) သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဖြစ်နေသည့် အတွက် သက်ဝင်မှု ရှိမရှိ စဉ်းစားကြရန် သက်သေ (၂) ဦးစလုံးက တင်ပြ လျှောက်လဲ ခဲ့ကြသည်။

ထိုကဲ့သို့ တင်ပြလျှောက်လဲရခြင်းနှင့်စပ်လျဉ်း၍ ရှေ့နေကြီး ဦးကြည်ဝင်းက “၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အာဏာ သက်ရောက်မှု ရှိသေးသလား။ မရှိတော့ဘူးလား။ ဒီဟာက နံပါတ် (၁) အခြေခံတာပေါ့ဗျာ။ အဲဒါက မရှိတော့ဘူး ဆိုရင်တော့ ဒီပုဒ်မ ၁၅၉ (က) ကလည်း သက်ဝင်မှု မရှိတော့ဘူး။ အဲလို ဖြစ်သွားမယ်လေ” ဟု ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခြေခံရမည့်မူများတွင် ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်ရေး၊ ဆိုရှယ်လစ် စီးပွားရေး တည်ဆောက်ရေး၊ တပါတီစနစ် ကျင့်သုံးရေးတို့ ပါဝင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာ သိမ်းချိန်တွင် ထိုအခြေခံမူများ ပျောက်ကွယ်ခဲ့ပြီး ဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြသည်။

“အဲတော့ စောစောက ပြောတဲ့ အခြေခံမူဆိုတာတွေက တော်တော် ပျက်သွားတာ။ ပျက်သွားတော့ ဒီထဲမှာမှ တခါ ၁၉၉၀ ခုနှစ် တုန်းကတော့ ရွေးကောက်ပွဲ မတိုင်မီ ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောတယ်။ ပြီးတော့လည်း ကြေညာချက် ၁/၉၀ ထုတ်ခဲ့တယ်ဗျာ။ ထုတ်ခဲ့တော့ အဲဒီမှာက ဖွဲ့စည်းပုံ အခြေခံဥပဒေ အနေအထားကို ဗိုလ်ချုပ်မှူးကြီး စောမောင်ပြောတဲ့ စကားနော်။ သူရဲ့မိန့်ခွန်းတွေ ပြန်ဖတ်ရင် ဘာတွေ့မလဲဆိုတော့ ဒီကနေ့ တို့လုပ်နေတာ စစ်အစိုးရ (Military Government) တဲ့။ ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုမှ လိုက်နာ နေရခြင်း မရှိဘူးတဲ့။ နောက်ပြီးတော့ ကမ္ဘာတခုလုံး ဘယ်မှာကြည့်ကြည့်တဲ့ စစ်တပ်က အာဏာ သိမ်းလိုက်ပြီ ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ပျက်သွားတာပဲတဲ့။ အသက် မရှိတော့ဘူးတဲ့။ သူက အဲလိုပြောသွားတယ်” ဟု ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။

သို့ရာတွင် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား စတင် ထိန်းသိမ်းခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ တကြိမ်၊ ၂၀၀၀ ပြည့်နှစ်မှ၂၀၀၂ ခုနှစ်အထိ တကြိမ်၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တကြိမ်၊ စုစုပေါင်း (၃) ကြိမ်စလုံး ထိုဥပဒေဖြင့် အရေးယူ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အင်းစိန်ထောင်အထူးတရားရုံး တရားခွင်တွင် ရုံးတင်စစ်ဆေးနေသည့် ဒေါ်အောင်ဆန်း စုကြည် ယခုရင် ဆိုင်နေရသော အမှုနှင့် ပတ်သက်၍ ကန့်သတ်မိန့် ၁၅၉ (က) ကို သက်ဝင်စေမည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ရှိခြင်း ရှိ မရှိ ဆိုသည့် အချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်မှ တင်ပြ ဆွေးနွေး သွားရန်ရှိသည်ဟု သိရသည်။

“ပုဒ်မ ၁၅၉ ဆိုတာကတော့ နိုင်ငံသားတယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု မူလ အခွင့်အရေးနှင့် လုံခြုံရေး အတွက် အာမခံချက် ရှိစေရမယ်တဲ့။ အဲဒါကို ကန့်သတ်လိုက်တာ။ ကျနော်တို့ တင်ပြနေတာ ဘာလဲဆိုတော့ လွတ်လပ်မှု မူလအခွင့်အရေး ကန့်သတ်တာတော့ ထားပါဦး။ ဒါပေမယ့် လုံခြုံရေး ဆိုတာကြီးနဲ့ တွဲနေတာ။ လုံခြုံရေး အာမခံချက်။ အာမခံချက်ကလည်း ဒါဟာ ဖွဲ့စည်းပုံက ပေးထားတဲ့ အာမခံ။ ဆိုတော့ ဒီအာမခံချက်ကို ဘယ်သူက တာဝန်ယူရမလဲ။ အစိုးရပေါ့ဗျာ။ အဲလို တာဝန်ယူရတာ။ အဲဒီတာဝန်ကို ရုပ်သိမ်းလို့ ရမလား။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အစိုးရအာဏာပိုင်ကို ပေးထားတဲ့ တာဝန်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိသေးတယ်လို့ ယူဆရင် သူတို့ အဲဒါကို ငြင်းလို့ရလား။ နိုင်ငံသားရဲ့ မူလ အခွင့်အရေး ကန့်သတ်တာတော့ ထား။ သူ့တို့ တာဝန်ကိုတော့ သူတို့ ပြန်ကန့်သတ်လို့ရလား။ အဲဒါပါပဲ” ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

ထိုကဲ့သို့ အငြင်းပွားဖွယ်ရာ ဥပဒေပြဋ္ဌာန်းချက်ပါ စကားရပ်များ၏ အနက် အဓိပ္ပာယ်ကို ဖွင့်ဆို ပေးနိုင်ခွင့်ရှိသော ပြည်သူ့လွှတ်တော် ဆိုသည့် နေရာကို စကားရပ် အစားထိုး ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “တကယ်တမ်းကျတော့ ဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ အနက် အဓိပ္ပာယ် ဖွင့်ဆိုမယ် ဆိုရင် ပုဒ်မ ၂၀၀ နဲ့ ၂၀၁ အရ ပြည်သူ့ လွှတ်တော်ကသာ ဖွင့်ဆိုနိုင်တယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေက အဓိပ္ပာယ် ဖွင့်ဆိုလို့ကို မရဘူး။ အခုက ပြည်သူ့ လွှတ်တော် ဆိုတာကို စကားရပ် အစားထိုးတာ မရှိသေးဘူးဗျ။ နိုင်ငံတော်ကောင်စီကို နအဖနဲ့ အစားထိုးတယ်။ ကျန်တာတွေ ကျန်တဲ့ အာဏာပိုင် အဖွဲ့အစည်း တွေကိုလည်း အဲလို အစားထိုးတယ်။ သို့သော် ပြည်သူ့လွှတ်တော်ကို စကားရပ်များ အစားထိုးခြင်းနဲ့ အစားထိုးတာ မရှိသေးဘူး။ အဲလိုဖြစ်နေတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း အပြီး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီးသည့်နောက် ၂၀၀၈ ခုနှစ်ကျမှ သာ ၎င်း၏ ရှေ့နေများဖြင့် တွေ့ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် သြဂုတ်လ (၈) ရက်တွင်မှ ရှေ့နေကြီး ဦးကြည်ဝင်းနှင့် စတင် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း ကမူ ယခုအမှုသည် နိုင်ငံရေး လုပ်ကြံမှု တခု ဖြစ်သည်ဟု ရှုမြင် ထားကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များအား လွှတ်ပေးရန် တောင်းဆိုထားသည်။

လာမည့် ဇူလိုင် (၂၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အမှုအား နှစ်ဘက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ပေးရန် အင်းစိန် တရားရုံးက ဇူလိုင် (၁၀) ရက် တရားခွင်တွင် အမိန့်ချမှတ်ခဲ့သည်။

ယခုအမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ဒီအမှုက စွဲတောင် မစွဲသင့်တဲ့ အမှုမျိုးပါ။ ဘာပြစ်မှုမှ မရှိဘဲ၊ အတင်းစွဲပြီးတော့ ဒါနဲ့ငြိတယ် ဟိုဟာနဲ့ငြိတယ်။ တကယ်တမ်း အဲဒါတွေကလည်း မငြိဘူးလို့ဘဲ ကျနော်တို့တော့ မြင်တယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့