..............................

Thursday, July 16, 2009

NLD ပြန်ကြားရေး အသစ်ပြန်လည်ဖွဲ့စည်း

ရန်ပိုင်
Wednesday, 15 July 2009 19:35

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ (Central Information Committee-NLD ) ကို မကြာသေးမီက ပြန်လည်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပ ပြီးစီးခဲ့သည့် NLD ဗဟို အလုပ်အမှုဆောင် အစည်း အဝေးတွင် ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး အဖွဲ့၏ အမည်မှာ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဟု ဆိုသည်။

အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံအဖြစ် အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သော ဦးခင်မောင်ဆွေကို တာဝန် ပေးအပ် ထားပြီး အဖွဲ့ဝင်များ အဖြစ် ဦးအုန်းကြိုင် ၊ ဦးဉာဏ်ဝင်း ၊ ဦးသိန်းညွန့် ၊ ဦးစိန်လှဦး ၊ ဦးဟံသာမြင့် ၊ ဒေါက်တာဝင်းနိုင် တို့ဖြင့် ဖွဲ့စည်း ထားသည်ဟု သိရသည်။

“သတင်းနှင့် ပြန်ကြားရေး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် ကတော့ အရင် ပြန်ကြားရေး တာဝန်ခံ ဥက္ကဋ္ဌ ဦးအောင်ရွှေ ကျန်းမာရေး မကောင်းတဲ့ အတွက် ပြန်ကြားရေး လုပ်ငန်းတွေ သွက်လက် ထက်မြက် လာအောင်၊ ပိုပြီးတော့ သတင်းတွေ မြန်မြန်ဆန်ဆန် ဖြန့်ချိနိုင်အောင် အဖွဲ့ကို ပြန်ဖွဲ့တာပါ”ဟု ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေ က ပြောကြားသည်။

NLD က ထုတ်ပြန်မည့်သတင်းများနှင့် ပတ်သက်ပြီး ယခု ဖွဲ့စည်းလိုက်သည့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ ကသာ တရားဝင် ထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။

ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်သော ဒေါက်တာဝင်းနိုင်က “ အနာဂတ် အနေနဲ့ ပုံမှန် လုပ်နေတာ အပြင် လိုအပ်ရင် လိုအပ်သလို အဖွဲ့ချုပ်ရဲ့ ပေါ်လစီများကို ထုတ်မယ်၊ နောက်တခုက ကျနော်တို့နဲ့ ပတ်သက်တဲ့ သတင်းတွေ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ ရှင်းစရာ ရှိတာတွေကို ရှင်းနိုင်အောင် ၊ ခုခံနိုင်အောင် ၊ နိုင်ငံတကာ အဖွဲ့ အစည်း တွေနဲ့ ပတ်သက်ပြီး လိုအပ်ရင် အဖွဲ့ချုပ် ကိုယ်စား Respond လုပ်နိုင်အောင် ဖြစ်တယ်” ဟုပြောကြားသည်။

ယခင် NLD အတွင်းရေးမှူး ဦးလွင် သတင်းနှင့် ပြန်ကြားရေးကို တာဝန် ယူစဉ်က မီဒီယာများနှင့် ဆက်ဆံရေးမှာ ပြေပြစ်မှု မရှိဟု မကြာခဏ ဝေဖန် ခံခဲ့ရသည်။

နောက်ပိုင်းတွင် ဦးလွင် ကျန်းမာရေးမကောင်း သောကြောင့် ဥက္ကဋ္ဌ ဦးအောင်ရွေက တာဝန် ယူခဲ့သည်၊ ယခုအခါ ဦးအောင်ရွှေမှာလည်း ကျန်းမာရေး မကောင်း၍ အနား ယူနေရသောကြောင့် သတင်းများနှင့် အဆက်ပြတ် နေပြီး ပြန်လည် ဖြေရှင်း မပေးနိုင်၍ ဦးခင်မောင်ဆွေ က တာဝန်ခံ အဖြစ် ပြန်လည် ဖွဲ့စည်းခြင်း ဖြစ်သည်။

NLD ၏ နိုင်ငံရေး မူဝါဒ သဘောထားမှာ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ရွေဂုံတိုင် ကြေညာချက် အတိုင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နအဖ စစ် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး မူဝါဒ အတိုင်းသာ ဖြစ်သည်ဟု ဒေါက်တာဝင်းနိုင် က ပြောကြားခဲ့သည်။

ယခု NLD သတင်းနှင့်ပြန်ကြားရေး ခေါင်းဆောင် ဦးခင်မောင်ဆွေသည် စမ်းချောင်းမြို့နယ် ရွေးကောက်ခံ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည်။ ထောင်ဒဏ် ၂ ကြိမ် ကျခံ ခဲ့ရပြီး ၊ ဒုတိယ အကြိမ်တွင် ထောင်တွင်း၌ ၁၅ နှစ် ခန့် နေခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် လွတ်မြောက်လာခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့