..............................

Wednesday, July 15, 2009

အကျဉ်းသား လွှတ်မည့်သတင်း အတိုက်အခံတို့ သံသယရှိ

ဇာနည်ဝင်း
Tuesday, 14 July 2009 18:41

အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကုလသမဂ္ဂရှိ စစ်အစိုးရ သံအမတ်ကြီး၏ ယမန်နေ့က ပြောကြားချက် အပေါ် နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက သံသယရှိနေ ကြသည်။

အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ စစ်အစိုးရ သံအမတ်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ဦးသန်းဆွေ၏ ပြောကြားချက်များမှာ အဓိပ္ပာယ် ရှင်းလင်းခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

“သံအမတ်ကြီး ပြောတာကတော့ မရှင်းလင်းဘူး၊ သူ ပြောသွားတဲ့ထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံး မပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြသည်။

ယခင်က အကျဉ်းသားများ လွှတ်ပေးရာတွင်လည်း နိုင်ငံရေး အကျဉ်းသား ပါဝင်မှု အလွန်တရာ နည်းပါးသည်ဟု ဦးဉာဏ်ဝင်းက ထောက်ပြသည်။

ထိုင်းမြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ကလည်း အလားတူ ယူဆနေသည်။

“ဟိုတခါလည်း ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက် ဆိုပြီး လူ ၉ဝဝဝ ကျော် လွှတ်တာ နိုင်ငံရေး အကျဉ်းသားက ၁ဝ ယောက်မပြည့်ဘူး” ဟု AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အစိုးရများက မြန်မာအာဏာပိုင် တို့၏ ပြောဆိုမှုကို အလွယ်တကူ မယုံစားသင့်ဟု ကိုတိတ်နိုင်က ဆိုသည်။

စစ်အစိုးရက အကျဉ်းသား အရေအတွက် ထောင်နှင့်ချီပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပေးလေ့ရှိသည့် အချိန်မှာ နိုင်ငံတကာ ညီလာခံများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်တော့မည့် ကာလ၊ ကုလသမဂ္ဂ အထူးအရာရှိများ မြန်မာပြည်သို့ သွားရောက်သည့် ကာလ တို့နှင့် တိုက်ဆိုင် နေတတ်သည်။

ထို့ကြောင့် နိုင်ငံတကာ ဖိအား ကြီးမားလာချိန်တွင် စစ်အစိုးရက နိုင်ငံရေး အကျဉ်းသား တချို့ကို လွှတ်ပေး တတ်ကြောင်း အတိုက်အခံများက ဝေဖန်ကြခြင်း ဖြစ်သည်။

လူ့အခွင့်အရေး အဖွဲ့များ၏ စာရင်းအရ မြန်မာပြည်အနှံ့ အကျဉ်းထောင် များတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိနေသည်။

Ref: ဧရာဝတီ


0 comments:

အပေါ်သို့