..............................

Tuesday, July 14, 2009

KNPP ကို အပစ်အခတ် ရပ်စဲရန် စစ်အစိုးရ ကမ်းလှမ်း

အေးချမ်းမြေ့
Monday, 13 July 2009 17:17

လက်နက်ကိုင် ကရင်နီတိုင်းရင်းသား တိုးတက်ရေးပါတီ (KNPP) ကို အပစ်အခတ် ရပ်စဲရန် နအဖအစိုးရက ခရစ်ယာန် သာသနာပိုင် ဂိုဏ်းချုပ် တဦးမှတဆင့် ကမ်းလှမ်းခဲ့ကြောင်း KNPP အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။

ကယားပြည်နယ် ကာသိုလိပ် သာသနာပိုင် ဂိုဏ်းချုပ် ဆိုးတေးရိုဖားမော မှတဆင့် ကမ်းလှမ်း လာသည့် အပစ်အခတ် ရပ်စဲရေး ကိစ္စနှင့် ပတ်သက်၍ KNPP က ကြိုဆိုသော်လည်း အပြန်အလှန် လေးလေးနက်နက် ဆွေးနွေးလို သဖြင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့က နေပြည်တော်မှာ တွေ့ချင်တယ်။ ဒါပေမယ့် သူတို့ဘက်က ပြန်စာလာတော့ လွိုင်ကော်မှာပဲ တွေ့မယ်၊ ဗိုလ်ချုပ်ရဲမြင့် လာတွေ့မယ်။ စစ်ဘက်ဆိုင်ရာ လုံခြုံရေးမှူးနဲ့ တွေ့မယ် ဆိုပြီးပဲ ပါတယ်” ဟု ခူဦးရယ်က ဆိုသည်။

ထိုကဲ့သို့ တောင်းဆိုမှုကို နအဖဘက်က မလိုက်လျော သဖြင့် ဆွေးနွေးမှု အထ မမြောက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်မတ်လအတွင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya မြန်မာပြည် သွားခဲ့စဉ် ကတည်းက နအဖနှင့် KNPP မှာ စာအသွားအလာ ရှိနေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုစဉ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရ ဘက်က ကရင်အမျိုးသား အစည်းအရုံး (KNU) အား ငြိမ်းချမ်းရေး အတွက် နားချပေးရန် ပြောဆိုခဲ့သည်။

“အဲဒီအချိန်ကတည်းက စာအသွားအလာရှိနေခဲ့ပြီ။ ဒါပေမယ့် နအဖက KNPP နာမည်ကို လုံးဝ မဖော်ခဲ့ဘူး။ KNU ကိစ္စကိုပဲ ဇောင်းပေးပြောခဲ့တယ်” ဟု ခူဦးရယ်က ဆိုသည်။

KNPP မှာ ယခုအခါ အင်အား ၈၀၀ ခန့်သာရှိပြီး ယခင်က ၁၅၀၀ ခန့် ရှိသည်ဟု သိရသည်။ နအဖနှင့် တိုက်ပွဲကြီးများ မရှိသော်လည်း ၎င်းတို့ဘက်မှ ပြောက်ကျား စစ်ဆင်ရေးများ ပြုလုပ်လျက် ရှိကြောင်း ခူဦးရယ်က ဆက်ပြောသည်။

၂၀၁၀ ပြည့် ရွေးကောက်ပွဲကို KNPP အနေနှင့် ဆန့်ကျင်ကြောင်း၊ ကရင်နီ တိုင်းရင်းသားများ အနေနှင့်သာ မက တပြည်လုံး အတိုင်းအတာ နှင့်ပါ ပြောင်းလဲမှု ရမည်ဟု မယုံကြည်ကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စု အနေအထား ရမည် ဆိုလျှင် ၎င်းတို့ အနေနှင့်လည်း လိုက်ပါမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျနော်တို့ဘက်မှာက နိုင်ငံရေးပါတီ ဖွဲ့ရလောက်အောင်လဲ ဘာမှ မရှိဘူး။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) ကတော့ ရွေးကောက်ပွဲ ဝင်မယ်လို့ သိုးသိုးသန့်သန့် ကြားတယ်” ဟု သူက ဆက်ပြောသည်။

KNPP နှင့် တခြား ကရင်နီ လက်နက်ကိုင် အဖွဲ့များအဖြစ် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ ကယန်းပြည်သစ် ပါတီ (KNLP) တို့ ရှိခဲ့ကြကြောင်း၊ KNPLF နှင့် KNLP တို့မှာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ၁၉၉၄ ခုနှစ်က သဘောတူညီ ခဲ့ကြောင်း၊ KNPLF မှာ စာရင်းအရ အင်အား အများဆုံး ဖြစ်၍ အင်အား ၃၀၀၀ ခန့်ရှိကြောင်း ကရင်နီဒုက္ခသည် ကော်မတီ (KnRC) ၏ ဥက္ကဌ ဦးလေးမောင်က ရှင်းပြသည်။

ကရင်နီအပစ်အခတ် ရပ်စဲရေး အဖွဲ့များမှာ ယခုအခါ စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် အဖြစ် နှုတ်ကတိဖြင့် သဘောတူထားသည်ဟု ကြားသိရကြောင်း ခူဦးရယ်က ပြောသည်။

ယခုလက်ရှိတွင် အပစ်အခတ်ရပ်စဲထားသည့် ကရင်နီ ခေါင်းဆောင် များကို နအဖ စစ်အစိုးရက လွိုင်ကော် မြို့ထဲတွင် အကျယ်ချုပ် သဘောမျိုး နေရာချထားပြီး ဆက်လက်၍ ရန်ကုန်၊ မန္တလေး မြို့များတွင် သွားရောက် နေထိုင်စေမည်ဟု ကြားရကြောင်းလည်း ၎င်းက ဆိုသည်။

ယခင်က KNPP အနေနှင့် အင်အားကြီးမားခဲ့ပြီး စီးပွားရေး အနေနှင့်လည်း သစ်ထုတ်လုပ်ရေး လုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းတို့မှ အခွန်အတုပ်များဖြင့် စည်ပင် ဝပြောခဲ့သည်။ သို့ရာတွင် ယခုအခါ စစ်အစိုးရ၏ နှိမ်နင်းမှုကြောင့် စီးပွားရေး လုပ်ငန်းများ မလုပ်ကိုင် နိုင်တော့ပေ။

စစ်အစိုးရတပ်များနှင့် အပစ်ရပ်အဖွဲ့များ ပူးပေါင်းကာ တလ တကြိမ်၊ နှစ်လ တကြိမ် ကရင်နီရွာများ အတွင်း ဝင်ရောက် နှိမ်နင်းမှုများ ရှိနေသဖြင့် ကယားပြည်နယ် မော်ချီးတောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် ပြေးလွှား ခိုလှုံနေရသော ဒေသတွင်း အိုးမဲ့အိမ်မဲ့ (IDP) အရေအတွက် ၅ သောင်း၊ ၆ သောင်းခန့် ရှိနေကြောင်း KnRC ဥက္ကဌ ဦးလေးမောင်က ပြောပြသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့