..............................

Sunday, July 12, 2009

တောင်ပိုင်း ၀ တပ်ဖွဲ့ ဖဲ့ထုတ်ရေး ပုံပါကျင်ဗျူဟာမှူး အာဏာ ကုန် တာဝန်ပေးခံရ

သောကြာနေ့၊ 10 ဇူလိုင်လ 2009

မြောက်ပိုင်း ၀ ဌာနချုပ်အောက်မှ တောင်ပိုင်း ၀ တပ်ဖွဲ့အား စည်းရုံး ဖဲ့ထုတ်ရန် မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူအား တြိဂံဒေသ နအဖ စစ်တိုင်းမှူးက အာဏာကုန် တာဝန် ပေးထားသည်ဟု နယ်စပ် သတင်းရပ်ကွက် ကဆိုသည်။

“စစ်အစိုးရက ကျနော်တို့တောင်ပိုင်း ၀ တပ်ဖွဲ့ကို သီးခြားဖဲ့ထုတ် စည်းရုံးဖို့ စီမံချက်ရှိလို့ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူကို တာဝန်ပေး လိုက်တာ သိရတယ်။ ဂျွန်လကစပြီး ဟွေ့အော့ ၀ တပ်စခန်းထဲ သူအကြိမ်ကြိမ် သွားတယ်” - ဟု တောင်ပိုင်း ၀ အရာရှိ တဦးက ပြောကြောင်း မိုင်းတုံ ဒေသခံ တဦးက ပြန်ပြောပြသည်။

မည်သို့ပင်ဆိုစေ တောင်ပိုင်း ၀ တပ်ဖွဲ့၏ ဆုံးဖြတ်ချက်မှာ ၂၀၀၉ ကုန်အထိ ၁၇၁ စစ်ဒေသ၏ ရပ်တည်ချက် ပြောင်းလဲမှု မရှိဘဲ ပန်ဆန်းဌာနချုပ် ဆုံးဖြတ်ချက်အတိုင်း ဆက်လက် ဆုပ်ကိုင်သွားမည် ဖြစ်ကြောင်း အမည် မဖေါ်လိုသည့် ၀ တပ်မှူး တဦး၏ ဇနီးနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောပါသည်။

စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲစည်းရုံးမှုကို ရှောင်ကွင်းကျော်လွှားပြီး ကြံ့ကြံ့ခံ ရပ်တည် သွားနိုင်ရန် တောင်ပိုင်း ၀ အမှတ် ၁၇၁ စစ်ဒေသရှိ တပ်မဟာမှူးများ၊ တပ်ရင်းမှူးများ စုံညီ အစည်းအဝေး တရပ် ခေါ်ယူခဲ့သည်ဟု ဆိုသည်။

“ဂျူလိုင် ၈ ရက်နေ့ ကျနော်တို့ အစည်းအဝေး တနေကုန် ထိုင်ရတယ်။ ညဘက်လဲ ဆက်လုပ်တယ်၊ ဆွေးနွေးတဲ့ အထဲမှာ စစ်အစိုးရ ဘာဘဲလုပ်လုပ် သူတို့အပိုင်း၊ ကျနော်တို့ကတော့ အနည်းဆုံး ဒီနှစ်ကုန်တဲ့ အထိ ပန်ဆန်းဌာနချုပ် ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ရပ်တည်သွားမယ် ဆိုတဲ့ အချက်လဲပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဂျွန် ၆ - ၇ ရက်နေ့ စရဖ အကြီးအကဲ ပန်ဆန်းသို့ သွားရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်ခံရန် ဖြောင်းဖြ ခဲ့သော်လည်း UWSA ခေါင်းဆောင်များ ဘူးခံ ငြင်းပယ်ကြ သဖြင့် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် လက်ချည်းဗလာ ပြန်ခဲ့ရသည်ကို ရည်ညွှန်း ခြင်းဖြစ်သည်။

အမှတ် ၁၇၁ စစ်ဒေသတောင်ပိုင်း ၀ တပ်ဖွဲ့ လက်အောက် တပ်မဟာများမှာ တာ့ဆုန်း ဦးဆောင်သည့် တပ်မဟာ ၇၇၂၊ ယန်ကော်ကျုံး ဦးဆောင်သည့် တပ်မဟာ ၇၇၅၊ တာ့မန်း ဦးဆောင်သည့် တပ်မဟာ ၇၇၈ ၊ တာ့နပ် ဦးဆောင်သည့် တပ်မဟာ ၅၁၈ နှင့် တပ်မဟာ ၂၄၈ တို့ဖြစ်ကြပြီး၊ တပ်မဟာ တခုလျှင် အနည်းဆုံး တပ်ရင်း ၃ ရင်း ရှိသည်ဟု ဆိုပါသည်။

တောင်ပိုင်း ၀ ခေါင်းဆောင်ပိုင်း အချို့သည် ၎င်းတို့ ဒေသအတွင်း လယ်ယာ လုပ်ငန်း၊ ရာဘာခြံ လုပ်ငန်း၊မွေးမြူရေး လုပ်ငန်း များ၌ ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ ထားသောကြောင့် စစ်အစိုးရက အဆိုပါ ကိစ္စကိုအခွင့်ကောင်း ယူပြီး လုပ်ငန်းရှင် ၀ ခေါင်းဆောင်ပိုင်းများအား စည်းရုံး သိမ်းသွင်းနိုင်မည့် အလားအလာ ရှိသည်ဟု မှတ်ယူနေကြကြောင်း လေ့လာသူများက ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်


0 comments:

အပေါ်သို့