..............................

Wednesday, July 15, 2009

မွန်ပြည်သစ်ပါတီက ပြည်သူ့စစ် ပုံစံ အသွင် ပြောင်းရန်ကို လည်း လက် မခံဟုဆို

ရန်ပိုင်
Tuesday, 14 July 2009 19:09

စစ်အစိုးရ၏ ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းရေး ကမ်းလှမ်းချက်ကို အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ် ပါတီ (NMSP) က လက်ခံလိမ့်မည်ဟု မထင်ကြောင်း ထိုင်း - မြန်မာ နယ်စပ် ဆန်ခလာဘူရီ အခြေစိုက် မွန်ပြည်သစ် ပါတီမှ ပြောရေးဆိုခွင့် ရှိသူ တဦးက ဆိုသည်။

“တိုင်းမှူးရဲ့ ကမ်းလှမ်းချက်က ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းဖို့ပါပဲ။ သိပ်လည်း ထူးထူးခြားခြား မဟုတ်ပါဘူး။ ဒါကလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ အတူတူပါပဲ။ သူတို့ အမိန့်ကို နာခံရမှာပဲ။ NMSP အနေနဲ့ကတော့ လက်ခံဖို့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

NMSP နှင့် မြန်မာစစ်အစိုးရသည် ဇွန်လ ၇ ရက် နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်နိုင်ဝင်း နှင့် တကြိမ် ၊ ဇွန်လ ၂၉ ရက်နေ့တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် တကြိမ် မော် လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲများတွင် မွန်ပြည်သစ် ပါတီကို နယ်ခြားစောင့် တပ်ပုံစံ (သို့မဟုတ်) ပြည်သူ့စစ် ပုံစံဖြင့် ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သည်။

မွန်ပြည်သစ်ပါတီ အနေနှင့် ယခုလ ၂၅ ရက်နေ့တွင် စစ်အစိုးရ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ခေါ်ယူရန် ရှိသည်ဟု သိရသည်။

“NMSP အနေနဲ့ကတော့ အရင်က ချမှတ်ခဲ့တဲ့ မူအတိုင်းပါပဲ။ ရွေးကောက်ပွဲပြီးလို့ တက်လာမယ့် အစိုးရသစ်နဲ့ပဲ စကား ပြောမယ်။ လက်ရှိ ကမ်းလှမ်းချက်ဖြစ်တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုရော၊ ပြည်သူ့စစ် ပုံစံ ဖွဲ့စည်းရေးကိုပါ လက်ခံမှာ မဟုတ်ဘူး” ဟု မွန်ပြည်သစ် ပါတီ ပြောရေးဆိုခွင့် ရှိသူက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံတွင် လေ့လာသူ အဖြစ်သာ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုလည်း လက်မခံပေ။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ တွင်လည်း ၀င်ရောက် အရွေးခံမည် မဟုတ်ဟု ကြေညာ ထားသော အပစ်အခတ် ရပ်စဲရေး အဖွဲ့ တစ်ဖွဲ့လည်းဖြစ်သည်။

တချိန်တည်းမှာပင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားသည့် တခြား တိုင်းရင်းသား အဖွဲ့ တခုဖြစ်သော ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကလည်း နယ်ခြားစောင့် တပ်ဖွဲ့ ပုံစံမျိုး မဟုတ်ဘဲ ကချင်ပြည်နယ် လုံခြုံရေး တပ်ဖွဲ့ (State Security Force - SSF) အနေဖြင့်သာ ဖွဲ့စည်းလိုကြောင်း မြန်မာ စစ်အစိုးရထံ တင်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင်နေသော (KIO) ဗဟို ကော်မတီဝင် ဗိုလ်မှူးကြီး James Lun Dau ကလည်း ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်နေ့အထိ မြစ်ကြီးနားမြို့၌ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းနှင့် တွေ့ဆုံရာတွင် တပ်ဖွဲ့ဝင်များ အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ကချင် အပစ်အခတ် ရပ်စဲရေး ခေါင်းဆောင် များ၏ အဆိုပြုချက်ကို တင်ပြခဲ့သည်။

“အစိုးရအနေနဲ့ ကျနော်တို့ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစား နေတယ်လို့ ထင်ပါတယ်” ဟု ဗိုလ်မှူးကြီး James Lun Dau က ဆိုသည်။ စစ်အစိုးရက KIO ထံသို့ တရားဝင် တုန့်ပြန်မှုများ မပြုလုပ်သေးပေ။

အလားတူ စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲထားသော တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကိုလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီး နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သေးသည်။

တချို့သော အပစ်အခတ်ရပ်စဲရေးအဖွဲ့များ အနေနှင့်မူ စစ်အစိုးရ ပေါ်တွင် အယုံအကြည် မရှိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကဲ့သို့သော ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်ကိုပင် ဖမ်းချုပ်ထားသည့် အစိုးရအနေနှင့် ၎င်းတို့၏ နယ်ခြားစောင့် တပ်များကို အချိန်မရွေး ဖျက်သိမ်းနိုင်ကြောင်း ပြောဆိုကြသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)၊ ဗကပ ခွဲထွက် အဖွဲ့တခုဖြစ်သည့် ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်သော ကချင်ပြည်သစ် တပ်မတော် (NDAK) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်ခံထားသော အဖွဲ့များဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းပြီး မွန်ပြည်နယ် ဘုရားသုံးဆူ ဒေသကို တာဝန်ယူမည်ဟု သိရသည်။

Ref: ဧရာဝတီ


0 comments:

အပေါ်သို့